NCA အလြန္

ဒီဇင်ဘာလထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၀)မှ သုံးသပ်ချက်ဆောင်းပါး ဖြစ်ပါသည်။

သန်းစိုးနိုင် ရေးသည်။

ပြည်တွင်းပြည်ပမှ ဝေဖန်အပြစ်တင်သံများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များအချင်းချင်း အားပြိုင်လွန်ဆွဲမှုတွေကြား ကပဲ အောက်တိုဘာ ၁၅ ရက်က နေပြည် တော်မှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ရှစ်ဖွဲ့တို့ တစ်ပြည်လုံး အပစ်ခတ်ရပ် စဲရေး စာချုပ် (NCA) ကို လက်မှတ်ထိုးလိုက် ကြပါပြီ။

ဒီလက်မှတ်ရေးထိုးပွဲမှာ နိုင်ငံတော်သမ္မတဦးသိန်းစိန်ကို အသိ သက်သေပြုပြီး ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဉာဏ် ထွန်း၊ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဦးခင်အောင်မြင့်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်၊ ဒုဗိုလ်မှူးကြီး စိုးဝင်း၊ UPWC ဒုဥက္ကဋ္ဌ ဦးအောင်မင်းနှင့် ဦးသိန်းဇော်၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်တို့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ တစ်ချိန်တည်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကလည်း KNU ဥက္ကဋ္ဌ စောမူတူးစေဖိုး၊ DKBA စစ်ဦးစီးချုပ် စောလားဘွယ်၊ KNLA (PC) ဥက္ကဋ္ဌ စော ဌေးမောင်၊ ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဋ္ဌ ဦးပူးနန်လျန် ထန်၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) နာယက ဦးခွန်ဥက္ကာ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ရဲဘော်သံခဲ၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP) ဒုတိယဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင်နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဦးရွက်ဆစ်တို့ကိုယ်တိုင် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

            ဒါ့အပြင် KNU စစ်ဦးစီးချုပ် စောဂျော်နီ၊ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း၊ DKBA ဒုစစ်ဦးစီးချုပ် စောမိုရှေးနှင့် စော စိန်ဝင်း၊ KNLA (PC) ဒုဥက္ကဋ္ဌ စောထော့လေးနှင့် စောရင်နု၊ CNF အတွင်းရေးမှူး ပူးဇင်ကျုံး၊ ဟရန်သင်ထိုက်၊ PNLO စစ်ဦးစီးချုပ် ခွန်သူရိန်၊ ABSDF ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်း၊ ရဲ ဘော်ရဲထွတ်၊ APL  စစ်ဦးစီးချုပ် ခိုင်ထွန်းဝင်းနှင့် စောမြရာဇာ လင်း၊RCSS စစ်ဦးစီးချုပ် ဘောင်ခေးနှင့် စိုင်းလတို့ကလည်း  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ကိုယ်စားလှယ် များရဲ့ အသိသက်သေအဖြစ် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ တစ်ဆက်တည်းမှာ ပြည်တွင်းသက်သေများအဖြစ် ဦးဇော်အေး မောင်၊ ဦးစောထွန်းအောင်မြင့်၊ ဦးခွန်သန်းမြင့်၊ ဦးဌေးဦး၊ ဦးတင် နိုင်သိန်း၊ ဦးခင်မောင်ဆွေ၊ ဦးသန်းတင်၊ ဦးစိုင်းအိုက်ပေါင်း၊ ဦးဇိုဇမ်၊ ဒေါ်ချင်းချင်း၊ ဦးစောသိန်းအောင်၊ ဦးစောဒယ်နီရယ်၊ ဒေါ်သန်းသန်းနု၊ ဦးသက်နိုင်ဝင်း၊ ဦးခင်ရီ၊ ဦးမြင့်စိုး၊ ဦးခင်ဇော်ဦး၊ ဦးသန်းဌေးတို့ကလည်းကောင်း၊ နှစ်ဖက်သက်သေအဖြစ် ဦးကို ကိုကြီးနှင့် ဦးမြအေးတို့ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြ၏။ နိုင်ငံ တကာ အသိသက်သေအဖြစ် တရုတ်ပြည်၏ အထူးကိုယ်စား လှယ်Mr.Sun Guoxiang ၊ အိန္ဒိယ အထူးကိုယ်စားလှယ် Shri Ajit Kumar Dovah၊  ဂျပန်အထူးကိုယ်စားလှယ် Yohei Sasakawa ၊ ထိုင်းနိုင်ငံအထူးကိုယ်စားလှယ် Mr.Apichart Chinwanno ၊ ဥရောပသမဂ္ဂ သံအမတ်ကြီး Mr.Roland Kobia  နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စား လှယ် Mr.V.J.Nambia တို့ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အပစ်ရပ် ခြေလှမ်းတစ်ဝက်

            နယ်ခြားစောင့်တပ် (BGF) နဲ့ ပြည်သူ့စစ်တွေ အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းပေါင်း တစ်ရာကျော်အထိ ရှိနေတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ စစ်ရေးအရ တစ်စုံတစ်ရာ အင်အားရှိ တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီး ၂၁ ဖွဲ့ ရှိနေခဲ့ပါတယ်။ NCA စာချုပ်အတွက် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီနဲ့ ဆွေးနွေးပွဲတွေ ကျင်းပခဲ့တဲ့UNFC (ညီညွတ်သော တိုင်းရင်းသားများရဲ့ ဖက်ဒရယ်ကောင်စီ)မှာတော့ လက်နက်ကိုင် အဖွဲ့အစည်းပေါင်း ၁၈ ဖွဲ့ ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရနဲ့ NCA စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ကတော့ ရှစ်ဖွဲ့သာ ရှိပါတယ်။ ဒီလက်မှတ်ရေးထိုးရာမှာ ပါဝင်ခဲ့တဲ့ အဖွဲ့အစည်းထက်ဝက်ကလည်း ၂ဝ၁၅၊ ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့မှာ သမ္မတ ဦးသိန်းစိန် ဦးဆောင်ခဲ့တဲ့ ငြိမ်းချမ်းရေးအကြို ကတိကဝတ်ပြုပွဲမှာ ပါဝင်လက်မှတ်ရေးထိုး ခဲ့တဲ့ အဖွဲ့တွေချည်းပါပဲ။ ဒီအဖွဲ့တွေ တပ်မတော်နဲ့ စစ်ရေးပဋိပက္ခ မဖြစ်ခဲ့တာ ကြာပြီဖြစ်သလို ဒေသဖွံ့ဖြိုးရေးအတွက် အစိုးရနဲ့ စီး ပွားရေးပူးပေါင်းဆောင်ရွက်နေခဲ့ကြတာလည်း အတော်ကြာခဲ့ ပါပြီ။ ဒီလိုအဖွဲ့အစည်းတွေနဲ့ အပစ်ရပ်စာချုပ် ထိုးနိုင်ရုံနဲ့တော့ သေနတ်သံတွေ တိတ်သွားနိုင်လောက်အောင် အပစ်ရပ်သွားမှာ မဟုတ်ပါဘူး။ NCA စာချုပ် လက်မှတ်ရေးထိုးရာမှာ တပ်မတော် နဲ့ အပြင်းအထန် ပစ်ခတ်တိုက်ပွဲဝင်နေတဲ့ မြောက်ပိုင်းက လက် နက်ကိုင်အဖွဲ့တွေ ပါဝင်ခဲ့တာမှ မဟုတ်ဘဲ။ ဒါကြောင့်လည်း သမ္မတဦးသိန်းစိန်ရဲ့ NCA စာချုပ် လက်မှတ်ရေးထိုးပွဲကို ငြိမ်း ချမ်းရေးမာရသွန် ခရီးရှည်ကြီးရဲ့ ပထမဆုံးခြေလှမ်းတစ်ဝက်လို့ ပြောခဲ့ကြတာ ဖြစ်ပါလိမ့်မယ်။ ပထမခြေလှမ်းကိုတောင် အပြည့် မလှမ်းနိုင်သေးပါဘူး။

            သမ္မတဦးသိန်းစိန်ကတော့ အောက်တိုဘာမိန့်ခွန်းထဲမှာ လက်မှတ်ထိုးဖို့ အသင့်မဖြစ်သေးတဲ့ အဖွဲ့တွေကို ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲမှာ ပါဝင်လာနိုင်ဖို့ လမ်းကြောင်းဖွင့်၊ တံခါးဖွင့် ပြင်ဆင် ထားမည့်အကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ တကယ်တော့ NCA မှာ ပါဝင်လက်မှတ်ရေးထိုးခွင့် မရတဲ့ အဖွဲ့တွေက ငြိမ်းချမ်း ရေးဖြစ်စဉ်မှာ ပါဝင်ဖို့ အဆင်သင့်မဖြစ်ခဲ့တာ မဟုတ်ပါဘူး။ အစိုးရနဲ့ တပ်မတော်က ဒီအဖွဲ့တွေကို NCA မှာ ပါဝင်ခွင့်ပြုဖို့ အဆင်သင့် မဖြစ်သေးတာပါ။ NCA မှာ ပါဝင်ခွင့်မရတဲ့ အဖွဲ့ အစည်းများရဲ့ အဓိက စစ်မျက်နှာဟာ အရှေ့မြောက်ဒေသတွေ မှာ ဖြစ်ပါတယ်။ ဒီဒေသရဲ့ အင်အားကြီး လက်နက်ကိုင်အဖွဲ့တစ် ဖွဲ့ဖြစ်တဲ့ KIA နဲ့ တပ်မတော်တို့ဟာ ၂ဝ၁၁ ခုနှစ်ကတည်းက တိုက်ပွဲပေါင်းတစ်ထောင်ကျော် ဖြစ်ပွားခဲ့တာပါ။ နောက်ပိုင်းမှာ တအောန်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့  (TNLA)၊ ရခိုင် တပ်မတော် (AA) နဲ့ ကိုးကန့်တပ်ဖွဲ့တို့ KIA နဲ့ ပူးတွဲတိုက်ပွဲဝင် လာခဲ့ကြတာ ဖြစ်ပါတယ်။ ဒီတပ်မတော်နဲ့ ပြင်းထန်တဲ့ တိုက်ပွဲ တွေ ဖြစ်နေခဲ့တဲ့ အဖွဲ့အစည်း လေးဖွဲ့အနက် ဦးသိန်းစိန်အစိုးရအဖွဲ့ က NCA လက်မှတ်ရေးထိုးပွဲမှာ KIA အဖွဲ့ကိုသာ ဖိတ်ကြားပြီး ကျန်သုံးဖွဲ့နဲ့ သီးခြားစီ ဆွေးနွေးမယ်လို့ ဆိုပါတယ်။ သူတို့နဲ့ ပူးတွဲ လှုပ်ရှားနေတဲ့ အဖွဲ့သုံးဖွဲ့ကို ပါဝင်ခွင့်မပြုဘဲ KIA တစ်ဖွဲ့တည်း အနေနဲ့ NCA မှာ ပါဝင်လက်မှတ်ရေးထိုးဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပါပဲ။ ဒီသုံးဖွဲ့ထဲမှာ ဦးဖုန်ကြားရှင်ရဲ့ ကိုးကန့်တပ်ဖွဲ့က တစ် ဖက်သတ် အပစ်ရပ်စဲထားကြောင်း ကြေညာထားပြီး ဖြစ်ပါ တယ်။ တအောန်းပလောင်အဖွဲ့ကလည်း တပ်မတော်ကို စစ်ဆင် တိုက်ခိုက်မှု မလုပ်ဘဲ ခုခံကာကွယ်မှုသာ လုပ်မယ်လို့ ဆိုထားပြီး ဖြစ်ပါတယ်။ ရခိုင်တပ်မတော်ဆိုတာလည်း ဒီအဖွဲ့အစည်းတွေနဲ့ ပူးတွဲရပ်တည်လှုပ်ရှားနေရတဲ့ အဖွဲ့အစည်းသာ ဖြစ်ပါတယ်။ ဒီလို အဖွဲ့အစည်းတွေကို NCA လက်မှတ်ရေးထိုးရာမှာ ဘာကြောင့် ပါဝင်ခွင့်မပြုနိုင်ရတာလဲ။ အဖြေက ရှင်းပါတယ်။ တပ်မတော် အနေနဲ့ ဒီအဖွဲ့သုံးဖွဲ့ကို NCA လက်မှတ်ရေးထိုးပွဲမှာ ပါဝင်ခွင့်ပြု ရေးကို လက်မခံ၊ သဘောမတူလို့ပဲ ဖြစ်ပါလိမ့်မယ်။ ကာချုပ်ကြီး မင်းအောင်လှိုင်ကိုယ်တိုင်က ‘ကိုးကန့် ဖုန်ကြားရှင်အဖွဲ့ဟာ အချုပ်အခြာအာဏာ ထိပါးတိုက်ခိုက်တဲ့အဖွဲ့ဖြစ်လို့ အပြုတ်ချေ မှုန်းရမယ်’လို့ ပြောခဲ့ဖူးပါတယ်။ တအောန်းနဲ့ ပလောင်အဖွဲ့ဟာ လည်း မြန်မာပြည်မြောက်ခြမ်းမှာ KIA ပြီးရင် တပ်မတော်နဲ့ အပြင်းထန်ဆုံး ရင်ဆိုင်တိုက်ခိုက်နေရတဲ့ အဖွဲ့ပါ။ ရခိုင်တပ်မတော် ကတော့ မြောက်ပိုင်းဒေသကို ကျော်ပြီး ရခိုင်ရိုးမပေါ်က ပလက်ဝ ဒေသအထိ ဖြန့်ကျက်လှုပ်ရှားနေတဲ့အတွက်  အနောက်ပိုင်းဒေသ တွေကို အ္တနရာယ်ရှိ ဒုက္ခပေးနိုင်တဲ့အဖွဲ့လို့ ယူဆကြပုံပါပဲ။ ဒါ ကြောင့် တပ်မတော်အနေနဲ့ KIA ကိုသာ NCA မှာ လက်မှတ် ထိုးခွင့်ပေးချင်ပေးမယ်၊ ကျန်အဖွဲ့သုံးဖွဲ့ကိုတော့ အပြတ်ချေမှုန်းဖို့ ဆုံးဖြတ်ထားပုံရပါတယ်။

စစ်ရေးဖိအား

            ဒါကြောင့်လည်း တိုင်းရင်းသားလက်နက်ကိုင်တချို့နဲ့ NCA လက်မှတ်ရေးထိုးပြီးပေမယ့် အစိုးရစစ်တပ်က ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ ထိုးစစ်ဆင်မှုတွေ ဆက်လုပ်နေမှာကို စိုးရိမ် မိကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက သဘောထားထုတ် ပြန်ခဲ့တာ ဖြစ်ပါလိမ့်မယ်။ NCA လက်မှတ်ရေးထိုးခဲ့ရာမှာ KNU ဥက္ကဋ္ဌ စောမူတူးစေဖိုးနဲ့ သဘောထားကွဲလွဲခဲ့တဲ့ ဒုဥက္ကဋ္ဌ နော်စီ ဖိုးရာစိန်ကလည်း ‘NCA မှာ ပါဝင်လက်မှတ်မထိုးရသေးတဲ့     တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ထပ်မံပါဝင်လာ ရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်ရာမှာ တပ်မတော်အနေနဲ့ အင် အားသုံးတဲ့နည်းလမ်းကို အသုံးမပြုဖို့ အလေးအနက်တောင်းဆို တိုက်တွန်းကြောင်း’သဘောထား ထုတ်ပြန်ကြေညာခဲ့ပါတယ်။ KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကလည်း ‘အခုကို တိုက်ပွဲ တွေက ပိုပြီး ပြင်းထန်လာနေပါတယ်။ လက်မှတ်မထိုးလို့ တိုက် မယ်ဆိုရင်တော့ မတတ်နိုင်ဘူး၊ ခုခံရုံပါပဲ။ ဒါပေမဲ့ စစ်ရေးအရ ဖိအားပေးလို့ လက်မှတ်ထိုးဖို့ ဆုံးဖြတ်လာလိမ့်မယ်လို့ မစဉ်းစား ပါနဲ့လို့ အစိုးရကို အကြိမ်ကြိမ် ပြောပြခဲ့ပြီးပါပြီ’ဆိုတာကို ထုတ် ဖော်ပြောခဲ့ပါတယ်။

            အထူးသဖြင့် အောက်တိုဘာလဆန်းကစပြီး ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျေးသီးမြို့နယ်မှာ ရှိတဲ့ SSPP/SSA ဌာနချုပ် အခြေစိုက်ရာ ဝမ်ဟိုင်းဒေသကို အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်လာ ခဲ့ကြပါတယ်။ ဒီကတစ်ဆင့် ရှမ်းပြည်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ် ထဲအထိ စစ်ဆင်ရေးက ကျယ်ပြန့်ကြီးမားလာခဲ့ပြန်တယ်။ အောက် တိုဘာ ၁ဝ ရက်မှာတော့ မိုင်းနောင်မြို့နယ်ခွဲကို လက်နက်ကြီးတွေ နဲ့ ပစ်၊ ရဟတ်ယာဉ်၊ လေယာဉ်တွေက လာရောက်ဗုံးကြဲတိုက်ခိုက် တဲ့အတွက် စစ်ဘေးရှောင်ဒုက္ခသည် ၆,ဝဝဝ ကျော်အထိ တိုးပွား လာခဲ့တယ်။ အောက်တိုဘာ ၁၅ ရက် NCA လက်မှတ်ရေးထိုးတဲ့ နေ့အထိ တိုက်ပွဲပေါင်း ၃၇ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ SSPP/SSA အဖွဲ့ဟာ NCA လက်မှတ်ရေးထိုးရာမှာ မပါဝင်ခဲ့ပါဘူး။ဒါကြောင့် တပ်မတော်အနေနဲ့ NCA စာချုပ် လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို စစ်ရေးအရ ဖိအားပေးလာ ခြင်းနဲ့ပတ်သက်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ရခိုင်တပ်မတော် (AA)၊ ပလောင်လွတ်မြောက်ရေး တပ်မတော် (TNLA) တို့က ကြေညာချက်တွေ ထုတ်ပြန်ကန့် ကွက်ခဲ့ကြပါတယ်။

ဒုတိယပန်ခမ်း ထိပ်သီးအစည်းအဝေး

            ၂ဝ၁၅၊ နိုဝင်ဘာ ၁ ရက်မှာတော့ ဝနယ် ပန်ခမ်းမြို့မှာ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရဲ့ ထိပ်သီးခေါင်းဆောင် များ ဒုတိယအကြိမ် မျက်နှာစုံညီအစည်းအဝေးကို သုံးရက်တိုင် ကျင်းပခဲ့ကြပါတယ်။ ဒီအစည်းအဝေးကို ‘ဝ ပြည် သွေးစည်းညီ ညွတ်ရေးပါတီ’ (UWSP) က ဦးဆောင်ပြီး KIA၊MNDAA (မိုင်းလားအဖွဲ့)၊ MNSP(မွန်ပြည်သစ်ပါတီ)၊ ကိုးကန့်အဖွဲ့၊ ရခိုင် တပ်မတော် (AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ကရင် အမျိုးသားကာကွယ်ရေးအစည်းအရုံး (KNDO)၊ တအောန်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (TNLA)၊ ကယန်းပြည်သစ်ပါ တီ (KNLP) စတဲ့ အဖွဲ့အစည်း ၁၁ ဖွဲ့က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။ ဒီအဖွဲ့အစည်းအားလုံးဟာ NCA လက်မှတ်ရေးထိုးရာမှာ မပါဝင်ခဲ့ကြပါဘူး။ KNU ဒုဥက္ကဋ္ဌ နော်စီ ဖိုးရာစိန်က NCA လက်မှတ်ရေးထိုးရာမှာ မပါဝင်ခဲ့တဲ့အတွက် KNDO အဖွဲ့အမည်နဲ့ ပါဝင်ခဲ့ကြခြင်း ဖြစ်ပါတယ်။ တစ်နည်း ပြောရရင် ဒီအစည်းအဝေးဟာ NCA လက်မှတ်ရေးထိုးရာမှာ ပါဝင်ခြင်းမရှိခဲ့တဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ ရဲ့ စုံညီအစည်းအဝေးလို့ပဲ ပြောရပါလိမ့်မယ်။

            ဒီသုံးရက်ကြာ မျက်နှာစုံညီအစည်းအဝေးကနေ ထုတ်ပြန် ကြေညာရာမှာ NCA လက်မှတ်ရေးထိုးရာမှာ မပါဝင်ခဲ့ကြတဲ့   တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများရဲ့  သဘောထားနဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးရေးအတွက် တိုက်တွန်း တောင်းဆိုချက်တွေ ပါဝင်ပါတယ်။

(၁) ၂ဝ၁၅ ရွေးကောက်ပွဲကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့ အစည်းများရဲ့ ကြီးကြပ်မှုအောက်မှာ ပွင့်လင်းမြင်သာစွာ၊ လွတ်လပ်တရားမျှတမှုရှိစွာ ကျင်းပရေး တိုက်တွန်းကြောင်း။

(၂) အစိုးရသစ် မပေါ်ပေါက်မီ ကြားကာလအတွင်း တပ်မတော် မှ ထိုးစစ်များ ရပ်တန့်ပေးရန်၊ အမျိုးသားပြန်လည်သင့်မြတ် ရေး အခွင့်အလမ်းများ ဖန်တီးပေးရန်၊ လက်ရှိပဋိပက္ခများ ကို လက်နက်အင်အား အသုံးပြုဖြေရှင်းခြင်းကို ကန့်ကွက် ပြီး နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းရန် တိုက်တွန်းကြောင်း။

(၃) ရွေးကောက်ပွဲပြီးနောက် ပေါ်ပေါက်လာမည့် အစိုးရသစ်နှင့် ပူးပေါင်းပြီး နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲကြီးကို အမြန်ဆုံး အကောင်အထည်ဖော်ရန် တိုက်တွန်းကြောင်း။

(၄) နောင်တက်လာမည့် အစိုးရအနေဖြင့် ပင်လုံစိတ်ဓာတ်၊ ပင် လုံကတိကဝတ်နှင့်အညီ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့် အခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး ကို အမြန်ဆုံး အကောင်အထည်ဖော်ရန် တိုက်တွန်းကြောင်း။

(၅) တရုတ်-မြန်မာနယ်စပ် အေးချမ်းတည်ငြိမ်ရေးအတွက် စစ် ရေးပဋိပက္ခများကို အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားကိုယ် စားလှယ်များအနေနှင့် တရုတ်ပြည်နှင့် ဆွေးနွေးဖြေရှင်းရန် တိုက်တွန်းကြောင်း။

(၆) တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ အကြား အပြန်အလှန်ဆက်သွယ်ရေးစနစ်များ ထူထောင် ပြီး ညီညွတ်စည်းလုံးအောင် ကြိုးပမ်းရန်။

(၇) နောင်တက်လာမည့် အစိုးရနှင့် ခေါင်းဆောင်များအနေဖြင့် ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ အပါအဝင် လွှတ်တော်တွင်း လွှတ်တော်ပ နိုင်ငံရေးအင်အားစုများနှင့် ပူးပေါင်းကာ မဖြစ်မနေ အမြန်ဆုံး လုပ်ဆောင်သွားရန် တိုက်တွန်းကြောင်း တို့ ဖြစ်ပါတယ်။

            NCA စာချုပ်မှာ ပါဝင်လက်မှတ်ထိုးခြင်းမပြုတဲ့ တိုင်းရင်း သားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများရဲ့ ဒုတိယ အကြိမ် ပန်ခမ်းထိပ်သီးအစည်းအဝေးက ထုတ်ပြန်ကြေညာချက် ပါ သဘောထားအရ NCA လက်မှတ်ထိုးတဲ့ အဖွဲ့နဲ့ လက်မှတ် မထိုးတဲ့ အဖွဲ့ရယ်လို့ နှစ်မျိုးကွဲပြားသွားတာကို သဘောမကျနိုင် ဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်း စည်းလုံးညီ ညွတ်ရေးကို အလေးထားထိန်းသိမ်းရေး အရေးကြီးကြောင်း ထောက်ပြလိုက်တာပါပဲ။ တစ်ချိန်တည်းမှာ အစိုးရအနေနဲ့ NCA လက်မှတ်ထိုးတဲ့ အဖွဲ့တွေကို တရားသင်းအဖြစ် ပြန်လည်အသိ အမှတ်ပြုပြီး လက်မှတ်မထိုးရသေးတဲ့ အဖွဲ့ကို မတရားသင်း အဖြစ် ဆက်လက်ထားရှိခြင်းကိုလည်း ခွဲခြားဆက်ဆံမှုတစ်ရပ် အဖြစ် မြင်နေပုံရပါတယ်။ အထူးသဖြင့် NCA လက်မှတ်မထိုးရ သေးတဲ့ အင်အားစုတွေအပေါ် တပ်မတော်က ဆက်လက်ပြီး ပြင်းထန်တဲ့ ထိုးစစ်တွေ ဆင်နွှဲနေခြင်းကိုလည်း ပါဝင်လက်မှတ် ထိုးလာအောင် စစ်ရေးနည်းအရ အင်အားသုံးပြီး ဖိအားပေးနေ တယ်လို့ ယူဆနေကြပါတယ်။ ဒါကြောင့် NCA လက်မှတ်မထိုးရ သေးတဲ့ အင်အားစုတွေအပေါ် ဆင်နွှဲနေတဲ့ ထိုးစစ်တွေ ချက်ချင်း ရပ်တန့်ပေးဖို့ တောင်းဆိုလိုက်တာပါပဲ။

            တစ်ချိန်တည်းမှာ NCA လက်မှတ်ရေးထိုးခြင်း မပြုရ သေးတဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ၂ဝ၁၅ ရွေးကောက် ပွဲကြီးကို တရားမျှတလွတ်လပ်သန့်ရှင်းစေချင်တယ်။ အစိုးရသစ် နဲ့အတူ နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲကြီးကို အမြန်ဆုံး အကောင်အထည်ဖော်စေချင်တယ်။ အစိုးရသစ်အနေနဲ့ ပင်လုံ စိတ်ဓာတ်၊ ပင်လုံကတိကဝတ်အတိုင်း တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဖော်ဆောင် စေချင်တယ်။ ဒါ့အပြင် ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို အစိုးရသစ် အနေနဲ့ လွှတ်တော်တွင်း လွှတ်တော်ပ နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ အားလုံး ပါဝင်မှုဖြင့် အလျင်အမြန် အကောင်အထည်ဖော်စေလိုတဲ့ သဘောထားတွေ ကို ဖော်ပြလိုက်ပါတယ်။

အလားအလာ

            ဒုတိယပန်ခမ်းအစည်းအဝေး ထုတ်ပြန်ကြေညာချက်တွေ ထွက်ပေါ်လာပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ ၂ဝ၁၅ ရွေးကောက် ပွဲကြီးကို အေးချမ်းတည်ငြိမ်၊ စည်းကမ်းစနစ်ကျစွာ ကျင်းပနိုင်ခဲ့ ကြပါပြီ။ ပြည်သူလူထုတစ်ရပ်လုံးရဲ့ နိုးကြားတက်ကြွစွာ ဝိုင်းဝန်း ထောက်ခံအားပေးမှုကြောင့် NLD ပါတီလည်း တောင်ပြိုကမ်း ပြို အနိုင်ရခဲ့ပါပြီ။ NLD ပါတီအနေနဲ့ လွှတ်တော်နှစ်ရပ်စလုံးက နေ ဒုသမ္မတနှစ်ဦး ရွေးချယ်တင်မြှောက်ခွင့် ရခဲ့ရုံမက သမ္မတရွေး ချယ်ခွင့်နဲ့ အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ခွင့်တွေအထိပါ ရရှိလာခဲ့ပါပြီ။ ဒီအနေအထားတွေဟာ တိုင်းရင်းသားတော်လှန်ရေး အင်အားစု တွေရဲ့ ပန်ခမ်းအစည်းအဝေးထုတ်ပြန်ချက်ပါ သဘောထား မျှော် လင့်ချက်တွေ လက်တွေ့အကောင်အထည်ဖော်နိုင်ရေးအတွက် အလွန်ကောင်းမွန်တဲ့ အခွင့်အလမ်းသစ်တွေ ဖန်တီးပေးလိုက် တာပါပဲ။ ဆိုရရင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလား တောင့်တနေတဲ့ အဓွန့်ရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးထူထောင် ရေး၊ ၂ဝဝ၈ ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေး၊ တန်းတူရေးနဲ့ ကိုယ် ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ အတွက် အလွန်ကောင်းမွန်တဲ့ အခြေခံအခင်းအကျင်းတွေ ရရှိ နေပါပြီ။ NCA အလွန်ကာလရဲ့ အလားအလာဟာ အလွန် ထွန်း လင်းတောက်ပပါတယ်။ ဒါပေမဲ့ ရှေ့ဆက်လျှောက်ရမယ့် လမ်းကတော့ ရှည်လျားကွေ့ကောက်ပါလိမ့်မယ်။      ။

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."