‘ဝ’ ပြည်နယ်အစိုးရဌာနချုပ်ရှိရာ ပန်ဆန်းမြို့တွင် ဖေဖော်ဝါရီနောက်ဆုံးပတ်အတွင်း ကျင်းပခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးအစည်းအဝေးမှ ထုတ်ပြန်ကြေညာချက်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် အကောင်အထည်ဖော်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တိုက်ခိုက်ချေဖျက်လိုက်သကဲ့သို့ ဖြစ်နေသည်။
တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး (NCA) စာချုပ်လက်မှတ်ရေးထိုးမထားသော မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုအဖွဲ့များ ပါဝင်သည့် အဆိုပါအစည်းအဝေး၏ ထုတ်ပြန်ချက်ထဲတွင် အရပ်သားအစိုးရသစ် ဦးဆောင်အကောင်အထည်ဖော်နေသည့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်သည် တိုင်းရင်းသားများအတွက် အကျိုးမရှိသောကြောင့် NCA အစား အခြားအပစ်အခတ်ရပ်စဲရေးစာချုပ်၊ ဆွေး နွေးမှုအသစ်များနှင့် အစားထိုးရန် တောင်းဆိုခဲ့ကြသည်။
တပ်မတော်ဘက်က ၎င်းတို့တောင်းဆိုသည်ကို လက်မခံဘဲ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရန်မှာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံသည်သာ တစ်ခုတည်းသောလမ်းကြောင်းဖြစ်သည်ဟု ဖေဖော်ဝါရီ ၂၈ ရက်က နေပြည်တော်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ထုတ်ဖော်ပြောဆိုသွားခဲ့သည်။ NCA လက်မှတ်မထိုးထားဘဲ နိုင်ငံရေး ပြောဆိုပိုင်ခွင့် အခွင့်အရေး မရှိဟူ၍လည်း ၎င်းက ပြောဆိုခဲ့သည်။
လက်ရှိအနေအထားအရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲတွင် လက်နက်အင်အား၊ လူအင်အားအကောင်းဆုံး ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဦးဆောင်သည့် အဖွဲ့များ၏ တောင်းဆိုချက်နှင့် တပ်မတော်၏ ရပ်တည်ချက်တို့သည် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေကြပြီး ထိပ်တိုက်တည်နေကြသည်။
ယခုအချိန်သည် ဒေါ်အောင်ဆန်းစုကြည်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ အထူးသဖြင့် ‘ဝ’တပ်ဖွဲ့နှင့် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့များ၏ ယုံကြည်မှုကို ပြန်လည်ရရှိရန်မှာ လွန်စွာခက်ခဲသည့် အနေအထားရောက်သွားပြီဟု ဆိုနိုင်ပါလိမ့်မည်။
ကနဦးတုန်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစုက ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်မှုရှိခဲ့ကြသည်။ သို့သော် တိုင်းရင်းသားဒေသများတွင် ထိုးစစ်များ ရပ်တန့်အောင် တပ်မတော်အပေါ် ဒေါ်အောင်ဆန်းစုကြည်က မစည်းရုံးနိုင်သဖြင့် တိုင်း ရင်းသားလက်နက်ကိုင်များက ယင်းအချက်ကို အားမလိုအားမရ ဖြစ်လာကြပြီး နောက်ဆုံး အယုံအကြည်မရှိတော့သည့် အနေအထား သို့ရောက်သွားခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သားအစိုးရသည် ဒီမိုကရေစီနည်းကျ တက်လာသည့် အစိုးရဖြစ်သော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ကန့်သတ်ထားမှုကြောင့် လုပ်ပိုင်ခွင့်အကန့်အသတ်သာ ရှိပါသည်။ ထိုအချက်ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက နားလည်ကြသည့်တိုင် ရေရှည်အတွက် အလုပ်မဖြစ်၊ အဖြေမထွက်နိုင်ဟုယူဆကာ ‘ဝ’တပ်ဖွဲ့၏ ဦးဆောင်မှုနှင့်အတူ ယခုလို တောင်းဆိုလိုက်ကြဖွယ် ရှိပါသည်။
အစည်းအဝေးကြေညာချက်ထဲတွင် အထက်ပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကို သဘောတူလက်ခံကြောင်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ကုလသမဂ္ဂနှင့် တရုတ်အစိုးရတို့ကို ကြီးကြပ်သူအဖြစ် ကြားဝင်ဆောင် ရွက်ပေးရန် တောင်းဆိုကြောင်းတို့ကို ထည့်သွင်းဖော်ပြထားရာ ယခုဖြစ်စဉ်၏ နောက်ကွယ်တွင် တရုတ်အစိုးရက ကြိုးကိုင်စီမံနေ သလားဆိုသည်မှာ အကြီးအကျယ် သံသယပွားစရာပင် ဖြစ်သည်။
မည်သို့ဆိုစေ ယခုအကျပ်အတည်းကို ဖြေရှင်းရာတွင် တရုတ်အစိုးရ၏ အကူအညီကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရက ရယူမှ ဖြစ်တော့မည့် အနေအထားရောက်နေပါသည်။ ကျွန်ုပ်တို့မော်ကွန်းက စိုးရိမ်သည်မှာ တရုတ်အစိုးရက ၎င်းတို့ လိုလားသည့် စီမံကိန်းများကို အကောင်အထည်ဖော်ချင်သည့်အခါတိုင်း တိုင်းရင်းသားလက်နက်ကိုင်များကို ဆက်လက် အသုံးချ အမြတ်ထုတ်မည့်ကိစ္စ ဖြစ်သည်။
သို့ဖြစ်ရာ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးတို့အတွက် အိမ်နီးချင်းအင်အားကြီးနိုင်ငံ၏ အကူအညီရ ယူရာတွင် လိမ္မာပါးနပ်စွာဖြင့် သတိကြီးကြီးထားကာ မဟာဗျူဟာကျကျ ချဉ်းကပ်သင့်ပါကြောင်း ကျွနု်ပ်တို့မော်ကွန်းက တိုက်တွန်း အပ်ပါသည်။
၂၀၁၇-မတ်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၄)မှ အယ်ဒီတာအာဘော် ဖြစ်ပါသည်။
မော်ကွန်းအယ်ဒီတာအဖွဲ့