ကြေးနီရောင်မြို့တော်မှာ အပိုင်း(၁)

 

ဒီခရီးကို မစတင်မီကတည်းက ကျွန်တော်တို့ ပြင်ဆင်ခဲ့ကြတယ်။ ခရီး သွားရာသီဖြစ်တာမို့ တည်းခိုနေထိုင်ရေး၊ သွားလာလည်ပတ်ရေးကအစ အစစ အရာရာ ကြိုတင်ပြင်ဆင်ထားပေမယ့် သွားဖို့ရက်နီးလာလေ ပိုပြီး ရင်ခုန်လာ လေ ဖြစ်ရတယ်။ မသွားမီ တစ်ပတ် လောက်အလိုမှာပဲ တည်းခိုမယ့် တည်းခို ခန်းကို ဖုန်းဆက်ပြီး လာဖြစ်တာ သေချာ ကြောင်း ပြောရသေးတယ်။ မတိုင်မီလေး ရက်လောက်အလိုမှာ အောင်ဆန်းကွင်း ကားဂိတ်က ရွှေစင်စကြာကားဂိတ်က လက်မှတ်နှစ်စောင်ဝယ်လိုက်တယ်။ လက်မှတ်တစ်စောင် ကျပ် ၁ဝ,၅ဝဝ (တစ်သောင်းငါးရာ)နဲ့ နှစ်စောင်ဖိုး ကျပ် ၂၁,ဝဝဝ ထွက်သွားပါရောလား။

            ခရီးထွက်မယ့်နေ့မှာ အိမ်မှာ ပြင်ဆင်ကြတော့ လက်ဆွဲအိတ် ၄ အိတ်စာ လောက်အထုပ်တွေ ဖြစ်နေရော။ တကယ်တော့ ဒီခရီးကိုသွားမှာ နှစ်ညအိပ်၊ သုံး ရက်ခရီးမျှသာဆိုပေမယ့် အညာဆောင်းကို အန်တုဖို့ အနွေးထည့်သီးသန့်အိတ် တစ်လုံးက ပါသေးတယ်လေ။ လမ်းခရီး ကားပေါ်မှာ ဝတ်ဖို့ အနွေးထည်၊ ခေါင်းစွပ်၊ ခြေအိတ်၊ တဘက်တွေကိုလည်း အလွယ်တကူသုံးနိုင်အောင် ကျောပိုးအိတ်ထဲမှာ ထည့်ထားရသေးတယ်။

            ပုဂံကားက ညနေ ၆ နာရီထွက်မှာ ဆိုပေမယ့် အိမ်က ကားဝင်းကို ညနေ ၄ နာရီလောက်ကတည်းက ထွက်မှ အဆင်ပြေနိုင်တာဆိုတော့ စောစောစီးစီး အိမ် ကထွက်ဖို့ ပြင်ဆင်ကြတယ်။ ကျွန်တော့် အိမ်သူကတော့ မိန်းမသားပီပီ အိမ်က ထွက်မယ်ဆိုတာ့မှ ဟိုဟာပြင်၊ ဒီဟာပြင် လုပ်တုန်း။ လမ်းထိပ်ထွက် တက္ကစီငှားကြ တော့ တက္ကစီက မြို့ထဲနဲ့ အောင်မင်္ဂလာကို ကျပ် ၇,ဝဝဝ တဲ့။ ၆,၅ဝဝ ရအောင် မနည်း စစ်ခဲ့ကြရတယ်။ ရန်ကုန်-ပုဂံ မိုင်ရာချီဝေး တဲ့ ခရီးက ကျပ် ၁ဝ,၅ဝဝ သာ ပေးခဲ့ရပေ မယ့် အောင်မင်္ဂလာနဲ့ မြို့ထဲက ကျပ် ၆,၅ဝဝ၊ တက္ကစီဆရာက ကားဂိတ်သွားရာ လမ်းတစ်လျှောက်မှာ မကျေနပ်ချက်တွေကို ရင်ဖွင့်နေတယ်။ အုံနာကြေး တစ်ရက် ကျပ် ၁၆,ဝဝဝ ပေးရတာလည်း ပါတယ်။ ဆီကားမို့ လမ်းပေါ်မှာ မလှိမ့်ရဲတာလည်း ပါတယ်။ ဈေးဖိုး တစ်ရက် ၇,ဝဝဝလောက် ရှာနိုင်မှ အိမ်ထောင်ရှင်မ ကြည်ဖြူတယ် ဆိုတာလည်း ပါတယ်။ စကားတပြောပြောနဲ့ မောင်းလာလိုက်တာ ကားဝင်း ရောက်တော့ ညနေ ၅ နာရီစွန်းသွားပါ ရောလား။

            ကားဂိတ်မှာ ကားတွေ အစီအရီ ထိုးထားပြီး အချိန်စောနေသေးလို့ ပစ္စည်းတွေ နေရာချလို့ မရသေးဘူး။ ကျွန်တော် တို့နှစ်ယောက်ကတော့ ကားဂိတ်ရှေ့က ချထားတဲ့ ပလတ်စတစ်ခုံတွေပေါ် ထိုင်ရင်း ပစ္စည်းတင်ရမယ့်အချိန်ကို စောင့်နေ လိုက်ကြတယ်။ ခြောက်နာရီမတ်တင်း လောက်မှာ ကားပေါ်ကို ပစ္စည်းတွေတင် နိုင်တယ်ဆိုတဲ့အကြောင်း ဂိတ်မှူးဦးမိုး ဒီက ကြေညာတယ်။ ကားပေါ်ကို ခပ်ဖြည်းဖြည်းပဲ တက်လိုက်တယ်။

            ကားက သတ်မှတ်ထားတဲ့ အချိန်မှာပဲ ဂိတ်က စထွက်တယ်။ ညနေ ၆ နာရီ ဆိုတော့ နေဝင်ဖြိုးဖြအချိန် အမှတ် (၃)လမ်းမကြီးက အလုပ်သွား၊ အလုပ်ပြန် တွေနဲ့ ရှုပ်ထွေးနေတာကြောင့် ကားဆရာက ကားကို ခပ်ဖြည်းဖြည်းပဲ မောင်းတယ်။ ကားက အိတ်စ်ပရက်ကားဖြစ်ပြီး လေအေးစက်ကို အစွမ်းကုန်ဖွင့်ထားလို့ အေးနေတယ်။ ရန်ကုန်ဆောင်းက ဆောင်းမပီ သေးပေမယ့် အိတ်စ်ပရက်ဆောင်းက ခိုက်ခိုက်တုန်အောင် ချမ်းတယ်။ အမြန် လမ်းဆုံရောက်တော့ အိတ်ထဲ အရန်သင့် ထည့်ထားတဲ့ အနွေးထည်တွေ ထုတ်ဝတ်ရပြီ။ ကျွန်တော်ကတော့ အချမ်းဒဏ်မခံ နိုင်လို့ ခေါင်းစွပ်ကို စွပ်ထားလိုက်ပြီး ခြေ အိတ်ပါ ဝတ်ထားလိုက်တယ်။

            ကျွန်တော့်အိမ်သူလည်း တဘက် တစ်ထည် ခြုံထားတယ်။ ပုဂံကို သွားမယ့် လူတွေ ကားပေါ်မှာ ထိုင်ခုံပြည့်နီးပါး နေရာယူထားကြတယ်။ အိတ်စ်ပရက် ကားနဲ့ သွားတဲ့ ပုဂံခရီးဟာ ပျင်းစရာ မကောင်းဘူး။ ကားပေါ်မှာ နေတိုးတို့၊ ကျော်ကျော်ဗိုလ်တို့၊ လူမင်းတို့အပြင် ခိုင်သင်းကြည်တို့၊ မို့မို့မြင့်အောင်တို့လည်း ပါသေးတယ်။ သူတို့က ဖျော်ဖြေရေးတာ ဝန်ယူကြတယ်လေ။ ကားပေါ်ပါလာတဲ့ တီဗီလေးထဲကနေ သီချင်းတွေဆိုပြလိုက်၊ ငိုပြလိုက်ဆိုတော့ ကားပေါ်ပါတဲ့ ခရီးသွား တွေလည်း မပျင်းကြရတော့ဘူး။

            ကားက အမြန်လမ်းအတိုင်း တလှိမ့်လှိမ့်နဲ့ မောင်းလာလိုက်တာ ၁၁၅ မိုင်ကို ၈ နာရီခွဲဝန်းကျင်မှာ ရောက်တယ်။ ကျွန်တော်ကတော့ သိပ်ပြီး စားချင်စိတ် မရှိလို့ အချမ်းပြေကော်ဖီတစ်ခွက်ပဲ မှာသောက်လိုက်တယ်။

            ကျွန်တော့်အိမ်သူက ဗိုက်ဆာလို့ ထင်ပါရဲ့၊ ဆီချက်တစ်ပွဲမှာစားတယ်။ ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းက ဆိုင်တွေကို ကျွန်တော် မကြာခဏထိုင်ဖူးတယ်။

            ဆိုင်တော်တော်များများက သန့် စင်ခန်းကို သေသေချာချာအလေးပေးပြီး ဆောက်ထားကြတယ်။ သန့်ရှင်းတယ်၊ သပ်ရပ်တယ်၊ စားသောက်ကုန်တွေလည်း သန့်သန့်ရှင်းရှင်းချက်ပြုတ်ကြော်လှော်ထားတာ တွေ့ရတယ်။ ရန်ကုန်ထက်စာ ရင် တော့ ဈေးအနည်းငယ်များတာတော့ ရှိတာပေါ့လေ။

            ၁၁၅ မိုင် ဆောင်းက ရန်ကုန် ဆောင်းထက် အချမ်းပိုတယ်။ ကွင်းပြင် ကျယ်ကို ဖြတ်တိုက်လာတဲ့ မြောက်ပြန် လေက စိမ့်ခနဲ အေးလှတယ်။ ၁၁၅ မိုင်မှာ ကားက နာရီဝက်လောက်သာ ရပ်တယ်။ ကားပေါ်မှာ တစ်လမ်းလုံး ဖျော်ဖြေလာတဲ့ တီဗီလည်း ၁၁၅ မိုင်က ထွက်ပြီး မကြာခင် မှာ အနားရသွားတယ်။ ကားပေါ်က လူ တချို့လည်း အိပ်မောကျကုန်ပြီ။ ကျွန် တော်ကတော့ ဘယ်နေရာမှာ လမ်းခွဲ ထွက်မှာပါလိမ့်ဆိုတဲ့ အတွေးနဲ့ လိုက်လာ တယ်။ သိပ်ကြာကြာမတွေးလိုက်ရပါဘူး။ ကားပေါ်မှာ မှေးခနဲဖြစ်သွားပြီး အိပ်ပျော် သွားတယ်။ အိပ်ရာကနိုးလို့ ကြည့်လိုက် တော့ မိတ္ထီလာ-ကျောက်ပန်းတောင်း လမ်းပေါ်မှာ ကားက တငြိမ့်ငြိမ့်ပြေးနေတုန်း။

            ကျောက်ပန်းတောင်းမရောက်မီ ဆိုင်တစ်ဆိုင်မှာ ခဏရပ်တယ်။ လက်ဖက်ရည်၊ ထမင်း၊ မုန့်ဟင်းခါး စုံစုံလင်လင်ရတဲ့ ဆိုင်တစ်ဆိုင်ပါ။ ဆိုင်က ကျယ်ကျယ်ဝန်း ဝန်း၊ ရှင်းရှင်းလင်းလင်းရှိလှတယ်။ ဆိုင် အတွင်းမှာ ထိုင်ဖို့ ရသေ့လျောင်းဆိုတဲ့ ကျောမှီပါတဲ့ သစ်သားခုံရှည်တွေ ချထား တယ်။ ရသေ့လျောင်းတွေ ချထားပေးတဲ့ ဆိုင်ရှင်ရဲ့  စိတ်ကူးကို ကျွန်တော် သဘော ကျမိတယ်။ ထိုင်ရသူအဖို့ သက်သောင့် သက်သာ ဖြစ်စေတဲ့အပြင် နွေးထွေးမှုကို ပါ ရတယ်။ ကားက ဒီဆိုင်မှာ တစ်အောင့် လောက်သာ ရပ်ပြီး ဆက်မောင်းလာ တယ်။

            ဆယ်ဘီးကားတွေရဲ့ မြို့တော် ကျောက်ပန်းတောင်းကိုရောက်တော့ မနက် ၃းဝဝ နာရီထိုးခါနီးပြီ။ ကျောက်ပန်း တောင်းဟာ ဝီရိယကောင်းတဲ့ မြို့ပီပီ လက်ဖက်ရည်ဆိုင်အချို့ မီးမွှေးနေကြပြီ။ အိတ်စ်ပရက်ကားကြီးက ကျောက်ပန်း တောင်းမှာ ခရီးသည်အတင်အချ လုပ် တယ်။ ခရီးသွား ၁ဝ ယောက်လောက်က ဆင်းကျန်ရစ်ခဲ့တယ်။ ကားကတော့ ပုဂံ ညောင်ဦးဘက် ခရီးဆက်နှင်တယ်။ အညာဒေသထုံးစံအတိုင်း လမ်းမှာ ရေ ကျော်တော်တော်များများ ဖြတ်ရတယ်။ လမ်းဘေးမှာ ထန်းရည်ဆိုင်ကို ညွှန်ပြ နေတဲ့ ဆိုင်းဘုတ်တွေလည်း အများကြီးပဲ။ သိပ်မမောင်းလိုက်ရဘဲ ညောင်ဦးကား ဂိတ်ကို ရောက်တယ်။

            အညာဆောင်းက မနက်စောစော မှာပဲ နှင်းတွေနဲ့ နှုတ်ဆက်တယ်။ ကျွန် တော်တို့ကတော့ ကားဂိတ်အနီးက ကြို တင်ဘွတ်ကင်ယူထားတဲ့ ပန်းချယ်ရီကို သွားဖို့ တာစူနေကြတယ်။ ဂိတ်ကို မေး ကြည့်တော့ ကားပေါ် ပြန်လိုက်သွား လိုက်တဲ့။ ကားလမ်းဘေးမှာပဲ ခင်ဗျား တို့တည်းမယ့် ပန်းချယ်ရီကို ရောက်မယ် လို့ ပြန်ပြောတယ်။ တကယ်တော့ ကျွန် တော်တို့တည်းမယ့် ပန်းချယ်ရီနဲ့ ကား ဂိတ်က ဘတ်စကားတစ်မှတ်တိုင်စာ လောက်သာ ဝေးတာပါ။ ကားက ပခုက္ကူ ဘက်အထိ သွားမှာမို့ ကားပေါ် ပြန်တက် လိုက်ကြတယ်။

            တည်းခိုမယ့် ပန်းချယ်ရီရှေ့ ဆိုက်ဆိုက်မြိုက်မြိုက်ကားရပ်ပေးလို့ ကား ဆရာကို ကျေးဇူးတင်ရတယ်။ တည်းခို ခန်းမန်နေဂျာကြီးကတော့ အညာ ဆောင်းချမ်းချမ်းစီးစီးမှာ ဝတ်စုံပြည့်ဝတ် ထားပြီး တည်းခိုခန်းရှေ့ ခေါက်တုံ့ခေါက် ပြန်လမ်းလျှောက်နေလေရဲ့။

            ကျွန်တော်တို့တည်းခိုခန်းရှေ့ ပစ္စည်းပစ္စယတွေနဲ့ ရောက်တော့ ဘွတ် ကင်ယူထားတဲ့သူတွေလားတဲ့။ ကျွန် တော်တို့က ဟုတ်ပါတယ်လို့ ပြန်ပြော လိုက်တယ်။ ဒါပေမဲ့ ဒီရက်ပိုင်း ပုဂံက တည်းခိုရိပ်သာ၊ ဟိုတယ်တွေအားလုံးဟာ အခန်းလွတ်မရှိဘဲ လူပြည့်ချိန်ဖြစ်နေ တယ်။ ကျွန်တော်တို့ကတော့ ဘွတ်ကင် ယူထားတာမို့ အခန်းတစ်ခန်း ကြံဖန် ချန် ထားရတာတဲ့။ နိုင်ငံခြားသား ခရီးသွား တချို့ ဇရပ်တွေမှာ အိပ်ကြရ၊ အိမ်ရှေ့ကွပ် ပျစ်တွေမှာ ဖြစ်သလို အိပ်ကြရတာ ရှိ သတဲ့။ ကျွန်တော်တို့အတွက်တော့ ကျော တစ်ခင်းစာရတာဟာ ဘွတ်ကင်ကြောင့် ပါလားဆိုပြီး သက်မချရတယ်။ ကျွန်တော် တို့တည်းတဲ့ တည်းခိုခန်းဟာ ပုဂံ-ညောင် ဦးကားလမ်းနံဘေးက ရွှေစည်းခုံဘုရား ခြေရင်းမှာ ရှိတာမို့ အကွက်အကွင်း ကောင်းတယ်။ တည်းဖို့၊ ခိုဖို့ သီးသန့် ဆောက်ထားတာ မဟုတ်ပေမယ့် သပ်ရပ် သန့်ရှင်းတာကြောင့် စိတ်ကျေနပ်မှုရ တယ်။

            မနက်မိုးစင်စင်လင်းတော့ ပုဂံကို လည်ဖို့ပတ်ဖို့စဉ်းစားကြတယ်။ စက်ဘီး၊ ဆိုင်ကယ်၊ မြင်းလှည်း တစ်ခုခုကို ရွေး ချယ်ဖို့ ဖြစ်လာရော။ စက်ဘီးနဲ့ လည်မယ် ဆိုရင် တစ်ရက်စာအတွက် ကျပ် ၁,၅ဝဝ၊ ဆိုင်ကယ်ဆိုရင် တစ်ရက် ကျပ် ၁ဝ,ဝဝဝ ပေးရမယ်။ ဓာတ်ဆီကိုတော့ ဆိုင်ကယ် ငှားရမ်းယူမယ့်သူက ထည့်ရမယ်။ မြင်း လှည်းကတော့ တစ်ရက်ကို ၁၅,ဝဝဝ ပေး ရမှာ ဖြစ်ပြီး လောကနန္ဒာဘက်အထိ လည်မယ်ဆိုရင် ကျပ် ၁၇,ဝဝဝ လောက် ပေးရမယ်။

            ကျွန်တော်တို့ကတော့ ရန်ကုန်က ကိုအောင်သူရနဲ့ အစ်မ မသီတာရဲ့ မိတ် ဆွေ ကိုသန်းထိုက်ဆိုင်ကယ်ကိုပဲ ငှားဖြစ် ကြတယ်။ တကယ်တော့ ကိုသန်းထိုက်က ဆိုင်ကယ်ငှားစားတဲ့သူ မဟုတ်ဘူး။ မသီ တာရဲ့ မျက်နှာနဲ့ ကျွန်တော်တို့ကို ငှား လိုက်တာ။ ဆိုင်ကယ်လေးက သစ်သစ် လွင်လွင်လေး။ ကျွန်တော်သာဆိုရင် ဒီလို တစ်ဆင့်ခံမိတ်ဆွေကို ကိုယ်စီးနေတဲ့ ဆိုင် ကယ် လက်လွတ်စပယ်ငှားနိုင်ဖို့ တော် တော်စဉ်းစားရမှာ။ လူချင်း တစ်ခါမှ မသိ ကျွမ်းဖူးသူတစ်ယောက်ကို ကိုယ်အမြဲစီး နေတဲ့ ဆိုင်ကယ်တစ်စီးငှားဖို့ဆိုတာ မလွယ်ဘူး မဟုတ်လား။ ဒါပေမဲ့ ပုဂံ ညောင်ဦးသား ကိုသန်းထိုက်ကတော့ ကျွန်တော့်ကို ယုံယုံကြည်ကြည် သူစီးနေ တဲ့ ဆိုင်ကယ်ပေးသွားခဲ့တယ်။

            ကျွန်တော့်ရဲ့ အိမ်သူသက်ထားရယ်၊ ဆိုင်ကယ်တစ်စီးနဲ့ ပုဂံတစ်ခွင်ကို မြန်မာ ပြည်က တိုးရစ်လုပ်ကြတယ်။ ပထမဆုံး ဝင်ဖူးဖြစ်တဲ့ ဘုရားက ထီးလိုမင်းလို၊ ညောင်ဦး-ပုဂံ ကားလမ်းရဲ့ လက်ဝဲဘက် မှာရှိပြီး ကားလမ်းကနေအတွင်းကို အနည်းငယ်ဝင်ကြရတယ်။ ပုဂံစေတီပုထိုး တွေမှာ တွေ့နေကျပုံစံအတိုင်း သဲပန်းချီ၊ ခေတ်ပေါ် ရှေးဟောင်းရုပ်တုလေးတွေ အမှတ်တရတီရှပ်အရောင်းဆိုင်တွေ တွေ့ ရတယ်။

            ပုဂံ-ညောင်ဦး ကားလမ်းတစ် လျှောက်မှာ တွေ့ရတာကတော့ ရေချမ်း စင်တွေပဲ။ ရေချမ်းစင်တစ်ခုနဲ့ တစ်ခုဟာ ဘတ်စကားမှတ်တိုင်တစ်တိုင်စာ မရှိတရှိ လောက်သာ ဝေးတယ်။ ရေချမ်းစင်နဲ့ အတူတွဲပြီ ကွပ်ပျစ်ရယ်၊ အရိပ်ကောင်းတဲ့ သစ်ပင်ကြီးတွေရယ်၊ အထူးသဖြင့် မန် ကျည်းပင်ကြီးကြီးနဲ့ ထနောင်းပင်ကြီးကြီး တွေရဲ့ အောက်မှာ ရေချမ်းစင်လေးတွေ တည်ထားကြတယ်။ အလှူရှင်ရဲ့ ကမ္ပည်း မော်ကွန်းကိုလည်း မတွေ့ရသလို ရေခွက် တွေကလည်း မြို့ပြရေချမ်းစင်က ရေခွက် တွေလို အကျဉ်းကျမနေဘဲ လွတ်လပ်နေ တယ်။ သောက်ရေအိုးတွေကလည်း အညာဒေသဖြစ်သည့်တိုင် ဖုန်အလိမ်း လိမ်း၊ ကြေးအထပ်ထပ်နဲ့ မဟုတ်ဘဲ သန့် ရှင်းစိုပြည်နေတယ်။

            ရေချမ်းစင်က ရေအိုးကို ကြည့်ရ တာနဲ့ အမောပြေသွားသယောင်။

            ကျွန်တော်တို့ ပုဂံကို ဘုရားဖူးလာ တာကိုက ဘုရားစုံဖူးဖို့ ရည်ရွယ်မထားဘူး။ မနက်နေမပြင်းခင် ဖူးမယ်၊ ညနေ နေ ညိုချိန်မှာ ဖူးမယ်။ နေ့လယ်နေ့ခင်း နေ ပြင်းချိန်တွေမှာတော့ တည်းခိုခန်းမှာ ပြန် နားကြမယ်လို့ ဆုံးဖြတ်ပြီးမှ လာကြတာ။

            ပုဂံမှာက ဘုရားတွေက လက်ညှိုး ထိုးမလွဲဆိုတော့ အများကြီးဖူးဖို့က မလွယ်ဘူး။ ကျွန်တော်တို့ကတော့ ဆိုင် ကယ်နဲ့ သွားဖို့ လာဖို့ လွယ်မယ့် လမ်း ဘုရားတွေကို အဓိကဖူးဖို့ စီစဉ်ကြတယ်။ နေ့လယ်ထမင်းစားချိန်ရောက်တော့ တိုး တိုးဝင်းဘူဖေးကို စားဖို့ ဆုံးဖြတ်ကြတယ်။ တိုးတိုးဝင်းမှာ လူတစ်ယောက် အဝစား ကျပ် ၂,ဝဝဝ ပေးရပြီး ထမင်းမြိန်မြိန်စား ဖြစ်ကြတယ်။ အရံဟင်း ၁ဝ မျိုးလောက်ရှိ တာမို့ စားကောင်းကောင်းနဲ့ စားလိုက်ကြ တာ ဗိုက်ကို တင်းရော။ ဟင်းရံတွေထဲမှာ တို့ဟူးချက်၊ ပဲကြီးနှပ်၊ ငါးပိချက်၊ ချဉ်ရည် ဟင်းတွေ စုံလို့။ ဝက်သား၊ ငါး၊ ကြက်ဥ ချက်တွေလည်း ပါတယ်။ အတို့အမြှုပ်တွေ လည်း ဖွယ်ဖွယ်ရာရာဆိုတော့ ဘာပြော ကောင်းမလဲ၊ သာရဝေါစလောင်းပဲ ဆိုပါ တော့။

            ထမင်းစားပြီးတော့ လက်ဖက်သုပ်၊ ငှက်ပျောသီး၊ သင်္ဘောသီး၊ ထန်းလျက်က အလကားချကျွေးသေးတာ။ ထမင်းဆိုင် မှာ စားရတယ်ဆိုတဲ့ အသိထက် ရွာက ကြီးတော်ကြီးအိမ်မှာ မြို့က ဧည့်သည်တွေ ကို ဧည့်ခံတဲ့ ခံစားမှုမျိုး ရရှိစေတယ်။ ကျွန်တော်တို့ ထမင်းစားပြီး တည်းခိုခန်း ပြန် ထမင်းလုံးစီကြတယ်။ ညနေ နေအေး ချိန်မှာ ထွက်ကြရဦးမှာလေ။

            တည်းခိုခန်းမှာ ခဏတစ်ဖြုတ်နား၊ ရေမိုးချိုးပြီးတာနဲ့ ပုဂံဘုရားတွေ ဖူးဖို့ ပြင်ကြတယ်။ ပုဂံမြို့ဟောင်းထဲက ဧရာ ဝတီမြစ်ကမ်းမှာရှိတဲ့ ဗူးဘုရားကို သွားဖို့ စီစဉ်ကြတယ်။ လမ်းမှာတွေ့တဲ့ ဘုရား တွေကိုလည်း ဖူးကြမယ်ဆိုပြီး ထွက်ခဲ့ကြ တာပေါ့။

            သရပါတံခါးအလွန်ရောက်တော့ သီရိဇေယျာဘူမိပုဂံရွှေနန်းတော်ကြီးထဲကို ဝင်လည်ကြတယ်။ ဝင်ကြေး တစ် ယောက် ကျပ် ၁,ဝဝဝ ပေးရပြီး ဓာတ်ပုံ တွေ ဝင်ရိုက်ကြတယ်။ ရှေးခေတ် ပုဂံပြည် ရဲ့ အဆောင်အနန်းတွေကို တွေ့ရတယ်။ နန်းတော်ဝင်းကြီးထဲက ထနောင်းပင်ကြီး အောက်မှာ မြန်မာဆိုင်းဝိုင်းက ဝင်လာတဲ့ ဧည့်သည်တွေကို ဧည့်ခံတီးခတ်ဖျော်ဖြေ တယ်။ အညာဆောင်းနေက ပြင်းလွန်း တာကြောင့် ရွှေရောင်ဝင်းဝင်း စုလစ်မွန်း ချွန်တွေက နေရောင်မှာ ပြိုးပြက်လင်း လက်နေကြလေရဲ့။

            ခဏတစ်ဖြုတ်နေပြီးတာနဲ့ ဆိုင် ကယ်နဲ့ ထွက်ကြတယ်။ လမ်းဘေးက ဂူပုထိုးဘုရားအချို့ကိုလည်း ဝင်ဖူးကြ တယ်။ ဗူးဘုရားလမ်းဆုံနားရောက်တော့ ညာကို ချိုးရင် ဗူးဘုရား၊ ဘယ်ဘက်လမ်းမ အတိုင်း ဆက်သွားရင် ပုဂံမြို့သစ်၊လောက နန္ဒာ၊ ချောက်မြို့တွေဘက်ကို ရောက်မှာ လေ။

            ကျွန်တော်တို့က ဆိုင်ကယ်နဲ့မို့ သွားရလာရ ခရီးတွင်တယ်။ ဗူးဘုရားကို  မရောက်မီ ပုံစံရှေးဟောင်းအနုပညာပြ တိုက်ကို ဆိုင်ကယ်ပေါ်က ကျွန်တော့်အိမ် သူကို ရှင်းပြရတယ်။ ဗူးဘုရားအနီးမှာပဲ မျက်တော်ပြေဆိုတဲ့ ဂူပူထိုးတစ်ဆူကို ဖူး ဖြစ်တယ်။ ပုဂံခေတ်ကလူတွေက အမျက် တော်ရှခဲ့ရင် အမျက်ဒေါသဖြေဖျောက်ဖို့ တောင် ဘုရားတည်ခဲ့လေရော့သလား ကျွန်တော် အတွေးနယ်ချဲ့မိတယ်။

            ဗူးဘုရားကတော့ ဧရာဝတီမြစ် ကမ်းနဖူးမှာတည်ထားတာမို့ နေရာ အကွက်အကွင်းကောင်းတယ်။ ဗူးဘုရား အနီးက ဆိုင်ခန်းအချို့ ဖျက်ထားတာ လည်း တွေ့ရတယ်။ မြစ်ပြင်က တိုက်ခတ် လာတဲ့ လေက လတ်ဆတ်နေတယ်။ ရင် ပြင်တော်ပေါ် တစ်ပတ်ပတ်ပြီး အာရုံခံ တန်ဆောင်းမှာ ဘုရားရှိခိုးတယ်။ ဘုရား ပေါ်က ဆင်းလာပြီး ဗူးဘုရားဆိုင်ခန်းတွေ ဘက်ကို လျှောက်ကြတယ်။

            မှန်ကောင်တာလေးတွေ ချထားတဲ့ လက်ဆောင်ပစ္စည်းဆိုင်ကို ကျွန်တော်တို့ ရွေးချယ်ပြီး ဆိုင်ထဲ ဝင်ဖြစ်တယ်။ ဆိုင် ခန်းထဲမှာ နာရီတွေ၊ မျက်မှန်တွေ၊ လက် ကိုင်အိတ်တွေ စုံစုံညီညီ ရှိနေတယ်။ ဈေး တွေကလည်း အမျိုးမျိုး၊ ပစ္စည်းတွေက လည်း အမျိုးမျိုး၊ အိမ်နီးချင်း တရုတ် ပစ္စည်း၊ ယိုးဒယားပစ္စည်းတွေအပြင် ဥရောပ၊ အမေရိကက ပစ္စည်းတွေလည်း ပါတယ်။

            ပုဂံမှာတော့ တိုးရစ်ပစ္စည်းလို့ ခေါ် ကြတယ်။ ဆွဇ်မိတ်လက်ပတ်နာရီတစ်လုံး ကို တစ်သောင်းခွဲ၊ နှစ်သောင်းမှသည် လေး၊ ငါးခြောက်သောင်းအထိ ရှိတယ်။ တရုတ်ပြည်ဖြစ် နာရီလှလှလေးတွေ လည်း နှစ်ထောင်၊ သုံးထောင်လောက်သာ ရှိတယ်။ ကျွန်တော် လက်ပတ်နာရီတစ်လုံး လိုချင်လို့ ဈေးမေးကြည့်တော့ သုံး သောင်းနှစ်ထောင်တဲ့။ ကျွန်တော် တစ် သောင်းရှစ်ထောင်ပေးပေမယ့် ဈေးသည် က နှစ်သောင်းခွဲမှ မရရင် မရောင်းနိုင်ပါ ဘူးတဲ့။ အလှကုန်ပစ္စည်းတွေလည်း တော် တော်လေးစုံတယ်။ ရေမွှေး၊ နှုတ်ခမ်းနီ အစုံပဲ။ ရေမွှေးတွေက ပုလင်းစုံ၊ တံဆိပ်စုံ မို့ လက်ဆောင်ပေးချင်စရာ ကောင်း တယ်။ က္ဘာကျော်အမှတ်တံဆိပ်ရေမွှေးပုလင်းတွေကလည်း ကျပ်ထောင်ဂဏန်း ကနေ သောင်းဂဏန်းအထိ၊ ကျွန်တော့် အိမ်သူကတော့ ရန်ကုန်က ဝယ်လာတဲ့ မျက်မှန်ကိုင်း ကျိုးသွားတာမို့ မျက်မှန် တစ်လက်ဝယ်လိုက်တယ်။ ရန်ကုန်ရှော့ ပင်းမောက ဝယ်ခဲ့တဲ့ မျက်မှန်ကိုပဲ ပုဂံ ဘုရားဈေးက မျက်မှန်က ဈေးနှုန်းသက် သာနေပါပကော။ ရေမွှေးပုလင်းတော် တော်များများကတော့ သုံးလက်စရေမွှေး တွေမို့ အသစ်လိုတော့ အပြည့်မပါဘူးပေါ့။ အမှတ်တံဆိပ်ကောင်းကောင်းကိုမှ ခံ တွင်းတွေ့သူတွေအတွက်တော့ ရေကန် အသင့်၊ ကြာအသင့်၊ ဆိုင်ရှင်နဲ့ စကား ပြောကြည့်တော့ လာသွင်းတဲ့သူဆီက ပြန်ကောက်ပြီး ရောင်းတာတဲ့။

            ကျွန်တော်ကတော့ ပုဂံရောက် တိုင်း အဲဒီလို ဆိုင်လေးတွေမှာ ဈေးဝယ်ရ တာ သဘောကျတယ်။ ကျွန်တော့်အိမ်သူ ကတော့ လက်ကိုင်အိတ်တွေ တစ်အိတ် ပြီး တစ်အိတ် ကြည့်နေလေရဲ့။ သူ့အတွက် လည်း ရေငတ်တုန်း ရေတွင်းထဲကျသလို ဖြစ်နေတာကိုး။

            ကျွန်တော်တို့ ဗူးဘုရားဆိုင်တန်းက ထွက်တော့ ပုဂံမှာ နေညိုပြီ၊ အပြန်မှာ ဆိုင်ကယ်ကို ခပ်သွက်သွက်မောင်းလာကြ တယ်။ လမ်းမှာ တိုးရစ်တော်တော်များ များ စက်ဘီးကိုယ်စီစီးပြီး ကင်မရာကိုယ်စီ လွယ်ပြီး သွားနေကြတယ်။ အချို့တိုးရစ် တွေကတော့ မြင်းလှည်းပေါ်မှာ အမြိန့် သား ထိုင်လိုက်လာကြတယ်။

            ကျွန်တော်တို့လည်း မြန်မာပြည်က တိုးရစ်တွေပီပီ နေဝင်ဆည်းဆာကို ခံစား ဖို့ ဆိုင်ကယ်စီး၊ အပေါ်တက်ခွင့်ပေးတဲ့ ဘုရားကို ရှာဖွေရတယ်။ အရင်ကတော့ ဘုရားတော်တော်များများပေါ်ကို တက် ခွင့်ပြုခဲ့ပေမယ့် အခုတော့ စေတီတချို့ပေါ် ကိုပဲ တက်ခွင့်ပြုတော့တယ်။ အထူးရှာ စရာတော့ မလိုပါဘူး။

            ကားလမ်းနံဘေး ဂူဘုရားပေါ်မှာ တိုးရစ် လေး၊ ငါးယောက်ကို တွေ့ရတာနဲ့ ဆိုင်ကယ်ကို အဲဒီဘက် မောင်းခဲ့တယ်။ ဂူ ပုထိုးပေါ်ကို တက်ကြတော့ လူတစ်ကိုယ် စာ အုတ်လှေကားထဲကနေ တံတောင် ဆစ်ချိုးအကွေ့အတိုင်း ခါးကိုင်းတက်ကြ ရတယ်။ တိုးရစ်တွေကတော့ နေဝင်ချိန် ကိုပဲ အာသာငမ်းငမ်း ကြည့်နေကြတယ်။ နေဝင်ချိန်ဟာ ကျွန်တော့်အတွက်တော့ အာသာငမ်းငမ်းကြည့်စရာမဟုတ်ပေ မယ့် တိုးရစ်တွေနဲ့အတူ ယောင်တောင် တောင်ပေါင်တောင်တောင် ဝင်ကြည့်မိတဲ့ အဖြစ်ကို တွေးမိတော့ ကိုယ့်အဖြစ်ကို ရယ်ချင်မိတယ်။

            တည်းခိုခန်းပြန်ရောက်တော့ နေ ဝင်မီးလက်ဖြစ်နေပြီ။ ညနေစာကိုတော့ တည်းခိုခန်းနဲ့ ဓားလွယ်ခုတ်မှာရှိတဲ့ နုဝါ မှာပဲ စားဖို့ ဆုံးဖြတ်ကြတယ်။ နုဝါထမင်း ဆိုင်ကလည်း မြန်မာထမင်းဟင်းဘူဖေး ပုံစံနဲ့ ကျွေးတာပါပဲ။ လူတစ်ယောက် ကျပ် ၂,၅ဝဝ ဖြစ်ပြီး ဟင်းအစုံအလင်နဲ့ ချကျွေး တယ်။ ရွာက အမျိုးတစ်ယောက်အိမ်မှာ စားရတဲ့အတိုင်းပဲ။ ကြက်၊ ဝက်၊ ငါး၊ ဆိတ်၊  ကြက်ဥ၊ တို့ဟူးချက်၊ ငါးပိချက်၊ ချဉ်ရည် ဟင်း၊ ကြက်ဟင်းခါးသီးချက်၊ ကင်ပွန်းသီး နဲ့ မျှစ်ချက် စုံနေတာပဲ။ ထမင်းဆိုင်တစ် ဆိုင်လုံးလည်း လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံတွေ ချိတ်ထား လိုက်တာ ပြည့်နေတာပဲ။

            စားပြီးတော့ လက်ဖက်သုပ်နဲ့ ငှက် ပျောသီးတွေ ချပေးပြန်တယ်။ စား ကောင်းကောင်းနဲ့ စားလိုက်ကြတာ ဗိုက် ကို လေးရော။ တည်းခိုခန်းနဲ့ အနီးဆုံး ရွှေ စည်းခုံဘုရားကို ညရောက်မှ ဖူးဖို့ ပြင်ကြ ရတယ်။

မေ-ဇွန် – ၂၀၁၃၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၅)မှ  ခရီးသွားဆောင်းပါဖြစ်ပါသည်။

မောင်ဥယျာဉ် ရေးသည်။

   အပိုင်း(၂)သို့

အမျိုးအစား - ခရီးသွားဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."