ပလက်ဝမြို့သို့ တစ်ခေါက် အပိုင်း(၂)

 

ဒလက်မေသို့ သွားခြင်း

နောက်တစ်ရက်မှာ ကျွန်တော်ဟာ ပလက်ဝမြို့နယ်ထဲမှာ ရှိတဲ့ ကျေးရွာပေါင်း ၃၈ဝ ကျော်ထဲကမှ ရေကြောင်းသွားလာဖို့ အဆင်ပြေတဲ့ ဒလက်မေဆိုတဲ့ ကျေးရွာကို သွားဖို့ပြင်လိုက်တယ်။ ဒလက်မေကျေးရွာဟာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနန်းဆိုက်နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်လင်း တို့နေတဲ့ ကျေးရွာပါ။ သူတို့နှစ်ဦးဟာ သားအဖတွေပါ။ ဒီဒေသမှာ က ရေလမ်းခရီးကို အားကိုးရတယ်။ ဒါမှမဟုတ် ခြေကျင်လမ်း လျှောက်ရတယ်။

ဒလက်မေကျေးရွာကိုသွားဖို့ ပထမတော့ စက်လှေစင်းလုံး ငှားဖို့ လုပ်ပါသေးတယ်။ တစ်နေ့ငှားရမ်းက ခုနစ်သောင်း၊ ရှစ် သောင်းကျပ်ဝန်းကျင် ကုန်ကျမယ်ဆိုလို့ နောက်ရက်မနက် နေ့ စဉ်ပြေးဆွဲပေးနေတဲ့ လိုင်းစက်လှေနဲ့ပဲ ကျွန်တော် ထွက်လာခဲ့ တယ်။ လိုင်းစက်လှေနဲ့ သွားတဲ့အခါတော့ ကျပ် ၃,၅ဝဝ လောက် ပဲ ကုန်ကျပါတယ်။

ဒလက်မေကျေးရွာကိုသွားမယ်ဆိုရင် တောင်ပြိုအထိ စက်လှေစီးရတယ်။ အဲဒီကမှတစ်ဆင့် စက်တပ်ထားတဲ့ လောင်း စက်လှေ အသေးလေးနဲ့ ထပ်သွားရတာပါ။ တောင်ပြိုဆိုတာ ကျေးရွာမဟုတ်ပါဘူး။ ၁၉၉၇ခုနှစ်က မိုးတွေရွာ၊ ရေတွေကြီးပြီး လေတွေတိုက်ခဲ့တာကြောင့် ကုလားတန်မြစ်ကမ်းဘေးနားက အန်ခိုဆိုတဲ့ တောင်ပြိုကျသွားတဲ့နေရာပါ။ အခုတော့ တောင်ပြို ကျထားတာကြောင့် မြစ်ကြောင်းဟာ ချောင်းသာသာအရွယ်ပဲ ရှိပါတော့တယ်။ အခုလို နွေရာသီဆိုရင် စက်လှေကြီးဝင်လို့ မရပါဘူး။

ပလက်ဝကနေ တောင်ပြိုကို သွားမယ့် စက်လှေဟာ မနက် ရှစ်နာရီလောက်မှာ စထွက်ပါတယ်။ တောင်ပြိုကိုသွားမယ့် စက် လှေက ကျောက်တော်ကနေ ပလက်ဝကို လာခဲ့တဲ့ စက်လှေထက် ပိုသေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုသွားမယ့် ရေလမ်းခရီး ဟာ ကုလားတန်မြစ်ဖျားဘက်ကို သွားမှာဖြစ်တဲ့အတွက် တချို့ နေရာတွေမှာ ရေက အရမ်းတိမ်ပါတယ်။

ကျွန်တော်တို့ စက်လှေဟာ တောင်တန်းနှစ်ခုကြားက မြစ် ရေပြင်ကြောအတိုင်း တရွေ့ရွေ့ထွက်ခွာလာခဲ့ပါတယ်။ နံနက် စောစော တောင်တန်းတွေ ခြံရံထားတဲ့ ကုလားတန်မြစ်ရေပြင် ဟာ အခိုးအငွေ့တွေ ထောင်းထောင်းထနေတာမှ ဆူပွက်ခါနီး ရေနွေးအိုးကြီးတစ်ခုလိုပါပဲ။ မြစ်ရေပြင်ကို သဲသဲကွဲကွဲ မမြင်ရဘူး။

ရေပြင်တစ်ခုလုံးဟာလည်း ဖြူဖွေးလို့သာ နေပါတယ်။ ပတ်ဝန်းကျင်တစ်ခုလုံးဟာလည်း မှုန်မှိုင်းအုံ့ဆိုင်းလို့သာ နေပါ တော့တယ်။ မြစ်ထဲမှာ သွားလာနေတဲ့ လှေငယ်၊ လှေကြီးတွေဟာ ပျံတက်နေတဲ့ အခိုးအငွေ့တွေကြားမှာ ဝင်ရောက်ပျောက်ကွယ် သွားတတ်ကြပါတယ်။ ကျွန်တော့်ရဲ့ စိတ်အာရုံတွေဟာ ဒီမြင် ကွင်းတွေထဲမှာ လွင့်မျောလို့နေတယ်။  မြစ်ကြောင်းတစ်လျှောက် တိုက် ခတ်လာတဲ့ လေပြည်ကို ရှူရှိုက်ကြည့်တဲ့အခါ အေးမြလတ် ဆတ်နေပါတယ်။

ကျွန်တော်စီးလာတဲ့ စက်လှေက တဒုန်းဒုန်းမြည်နေတဲ့ စက်သံဟာ မြစ်ကြောင်းတစ်လျှောက်က တောတောင်နံရံတွေကို ပဲ့တင်ရိုက်ခတ်ကာ ပျံ့လွင့်လို့နေတယ်။ တဖြည်းဖြည်း ထွက်ပြူ လာတဲ့နေရောင်ခြည်ဟာ မြစ်ရေပြင်ကို လွှမ်းခြုံထားတဲ့ မြူမှုန် တွေကို တွန်းဖယ်လိုက်ပါတယ်။ ပြီးတော့ ရေပြင်ကို မှန်တစ် ချပ်လို အရောင်တလက် လက်တောက်ပစေပါတယ်။

ကုလားတန်မြစ်ဖျားကို ရောက်လေလေ မြစ်ဟာ ပိုပိုကျဉ်း လာလေပါ။ မြစ်ရေလည်း ပိုတိမ်လာတယ်။ တချို့နေရာတွေမှာ ဆိုရင် စက်လှေရဲ့ ဝမ်းဗိုက်ဟာ မြစ်ကြမ်းပြင်နဲ့ထိနေတာကြောင့် စက်လှေပေါ်က ခရီးသည်တွေဆင်းပြီး ကမ်းပေါ်က လမ်းတက် လျှောက်ရတယ်။ ကျွန်တော်တို့စီးလာတဲ့ စက်လှေတောင် ပလက်ဝမြို့နယ်၊ ငရှားကျေးရွာကို ရောက်တဲ့အခါ ရေတိမ်နေတဲ့ အတွက် စက်လှေမှာပါတဲ့သူတွေ အကုန်ဆင်းလမ်းလျှောက် ရတယ်။ ပြီးတော့ ရေနက်တဲ့နေရာကနေ သွားစောင့်ရတယ်။

စက်လှေက လူငယ်တစ်ဦးက ”ဒီအချိန်ဆို စက်လှေကို လူက စီးတဲ့အခါ စီး၊ လူကို စက်လှေက စီးတဲ့အခါ စီးပေါ့ဗျာ”လို့ ဆိုပါတယ်။

ဒါပေမဲ့ မိုးတွင်းဆိုရင်တော့ ဒီနေရာတွေဟာ စက်လှေ ကောင်းကောင်းသွားလို့ရပါတယ်။ နွေရာသီဆိုရင်တော့ တောင်ပြိုအထိ ဒီရေအတက်အကျရှိ တယ်။

စက်လှေပေါ်မှာ ရခိုင်ပြည်နယ်၊ မြေပုံမြို့က လူငယ်တစ် ယောက်နဲ့ စကားပြောဖြစ်ခဲ့သေးတယ်။ သူက အသက် ၂ဝ အရွယ်ပါ။ သူက အိမ်ထောင်နဲ့ပါ။ သူ့အမျိုးသမီးက ပလက်ဝမြို့သူ ကျောင်းဆရာမပါ။ သူတို့နှစ်ယောက်ဟာ စစ်တွေတက္ကသိုလ်မှာ အဝေးသင်တက်ရင်း တွေ့ခဲ့ကြတာပါ။ သူတို့လက်ထပ်ထားတာ ဟာ တစ်လကျော်ပဲရှိပါသေးတယ်။ အခု သူ့ရဲ့ ချစ်ဇနီးကို တွေ့ရဖို့ အတွက် မြေပုံမြို့ကနေ ကားတစ်တန်၊ စက်လှေတစ်တန်စီးပြီး လာခဲ့ရတာပါ။

တကယ်တော့ သူဟာ သူနေတဲ့ မြေပုံမြို့ကနေ ကျောက် တော်သွားတဲ့ ကားစီးဖို့အတွက် ဆိုင်ကယ်ကို ဦးစွာ စီးခဲ့ရတယ်။ ပြီးမှ ကျောက်တော်ကို ကားစီး။ ကျောက်တော်ကနေ ပလက်ဝမြို့ ကို စက်လှေတစ်ဆင့်စီး။ ပလက်ဝမြို့ကနေ နှုံးဘူးကျေးရွာအထိ ခြောက်နာရီကြာ စက်လှေထပ်စီး။ အဲဒီရွာကမှ သူ့ဇနီးရှိတဲ့ ရွာကို ထပ်ပြီး ခြောက်နာရီလောက် လမ်းလျှောက်သွားရတာပါ။ သူ ဟာ စက်လှေပေါ်က မဆင်းခင်မှာ သူတက်ရမယ့် တောင်ပေါ်ကို လက်ညှိုးထိုးပြတယ်။ ကျွန်တော်လှမ်းကြည့်တော့ တောင်ပေါ်မှာ မြူတွေအုံ့ဆိုင်းလို့ပါ။ သူ့ကျောပိုးအိတ်ထဲမှာ သူ့မိန်းမစားဖို့ အတွက် မုန့်တွေက အပြည့်။ သူ့ပခုံးပေါ်မှာလည်း သူ့မိန်းမကြိုက် တယ်လို့ဆိုတဲ့ ဖရဲသီးတစ်လုံးကို ထမ်းထားပါသေးတယ်။ စက် လှေပေါ်က မဆင်းခင် သူက ”ဟိုမှာက စားစရာရှားတယ်။ ဘာမှ ဝယ်လို့မရဘူး”လို့ ရယ်ရယ်မောမော ပြောဆိုပြီး  စက်လှေပေါ်က ဆင်းသွားပါတယ်။ ကျွန်တော်တို့ စီးလာတဲ့ စက်လှေ တောင်ပြိုကို ရောက်တော့ နေ့လယ်နှစ်နာရီထိုးနေပါပြီ။ ပလက်ဝမြို့ဆိပ်ကမ်း မှာ တွေ့ခဲ့ရသလိုပဲ တောင်ပြိုကမ်းကိုကပ်တော့ အမျိုးသမီးတွေ ကြိုးတွေ ကိုင်ပြီး ဆင်းလာကြတယ်။ ကျွန်တော်တို့စီးလာတဲ့ စက်လှေပေါ်က ပစ္စည်းတွေကို ခွဲပြီးတော့ တခြားစက်လှေငယ် နှစ်စင်းပေါ် ပြောင်းရွှေ့ကြတယ်။

တောင်ပြိုဆိုတဲ့ နာမည်နဲ့ လိုက်အောင် တောင်က ပြိုဆင်း နေတာပါ။ တောင်ပေါ်က ပြိုကျထားတဲ့ ၁၅ပေလောက်အမြင့်ရှိတဲ့ ကျောက်တုံးကြီးတွေကို အဝေးမှ လှမ်းမြင်နေရတယ်။ ကျွန် တော်တို့ စီးလာတဲ့ စက်လှေက အဲဒီတောင်ပြိုကို မကျော်နိုင် တော့ပါဘူး။ ဒါကြောင့် ကျွန်တော်အပါအဝင် ဒလက်မေကျေးရွာ ကို ဆက်သွားမယ့် ခရီးသည်တွေဟာ စက်လှေအငယ်တွေဆီ ပြောင်းစီးပြီး ခရီးဆက်ခဲ့ရတယ်။

၁၉၉၇ တွင် ပြိုကျခဲ့သည့် အန်ခိုတောင် ။ ဓာတ်ပုံ – ခင်မောင်မြင့်/မော်ကွန်းမဂ္ဂဇင်း

ဒလက်မေကျေးရွာ

ဒလက်မေကျေးရွာကိုရောက်ဖို့အတွက် တောင်ပြိုကနေ ၄၅ မိနစ်လောက် စက်လှေထပ်စီးရပါတယ်။ ကျွန်တော် ဒလက် မေကျေးရွာကို ညနေ ၄ နာရီလောက်မှာ ရောက်သွားပါတယ်။ ဒလက်မေကျေးရွာလေးဟာ တောင်ကုန်းပေါ်မှာရှိတာပါ။ အိမ် ခြေ ၁ဝ၅ လုံးနဲ့ လူဦးရေ ၄၇၅ ယောက်ရှိတယ်လို့ သိရတယ်။ ရွာကိုရောက်တော့ ဒလက်မေကျေးရွာအုပ်စု စာရေးဖြစ်တဲ့ ကိုမောင်သိန်းအောင်ကို သွားတွေ့လိုက်တယ်။ သူကမှတစ်ဆင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဦးနန်းဆိုက်ဆီ သွား ခဲ့တယ်။

ဦးနန်းဆိုက်ရဲ့အိမ်ဟာ ပျဉ်ခင်း၊ ဝါးထရံကာ သွပ်မိုးအိမ်ပါ။ အိမ်ကိုကာထားတဲ့ ထရံတွေဟာ အသစ်ပဲရှိသေးတာကြောင့် မကြာသေးခင်ကမှ ဆောက်ထားဟန်တူပါတယ်။ ကျွန်တော်တို့ ရောက်သွားတော့ ဦးနန်းဆိုက်ဟာ အိမ်ရဲ့နောက်ဖေးခန်းထဲက ထွက်လာပါတယ်။ အသက် ၃ဝ ကျော်အရွယ်လောက်ပဲ ရှိဦးမှာ ပါ။ အရင်ဦးဆုံး ကျွန်တော် ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပြီး ဒလက်မေကို လာရတဲ့အကြောင်းအရင်းကို ရှင်းပြလိုက်တယ်။                ဒလက်မေညကိုတော့ အဲဒီရွာက အုပ်ချုပ်ရေးမှူးရုံးစာရေး ဖြစ်တဲ့ ကိုမောင်သိန်းအောင်အိမ်မှာပဲ အိပ်ဖို့ အကူအညီတောင်း လိုက်တယ်။ ဒါပေမဲ့ အိပ်ဖို့အတွက် ဒလက်မေရဲစခန်းမှာ ဧည့် စာရင်းတိုင်ရပါတယ်။ ကျွန်တော်တို့ရဲစခန်းကို ရောက်သွားတယ်။ ရဲစခန်းထဲမှာ ဝန်ထမ်းတွေနေတဲ့ အိမ်တွေဟာ ဓနိမိုး၊ ဝါးထရံကာ တဲအိမ်လေးတွေပါ။ ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင် ရဲစခန်းလို့ ထင်စရာမရှိပါဘူး။ တောင်ယာလုပ်သူတွေရဲ့ တဲအိမ်တွေလို့သာ ထင်မှတ်စရာရှိပါတယ်။

ဒါပေမဲ့ ရဲအရာရှိနေတဲ့ အိမ်တစ်လုံးသာ အရွယ်အစား အနည်းငယ်ကြီးပြီး တောင့်တောင့်တင်းတင်းနဲ့ သွပ်မိုး၊ ပျဉ်ခင်း၊ ဝါးထရံကာပါ။ ကျွန်တော်တို့ အဲဒီအိမ်အရှေ့ရောက်သွားတော့ အိမ်တံခါးပိတ်ထားတယ်။ အချိန်က ညနေ ၅ နာရီဝန်းကျင် လောက်ပါ။ ကိုမောင်သိန်းအောင်က တံခါးခေါက်ပြီး ”ဗိုလ်ကြီး၊ ဗိုလ်ကြီး ကျွန်တော် သိန်းအောင်ပါ”လို့ပြောလိုက်တော့ အထဲက ညည်းတွားသံ ခပ်သဲ့သဲ့ကြားရတယ်။ တံခါးကို နောက်ထပ် နှစ်ခေါက်၊ သုံးခေါက်လောက်ထပ်ခေါက်ပြီး ခေါ်လိုက်မှ တံခါးလာ ဖွင့်ပေးတယ်။

ရဲအရာရှိဟာ တံခါးဖွင့်ပေးပြီးတော့ ပြန်အိပ်သွားတယ်။ အရာရှိဟာ အသားညိုညို၊ ဗိုက်ရွှဲရွှဲ။ အရပ်က ငါးပေစွန်းစွန်း လောက်သာရှိမှာပါ။ ဘောင်းဘီအတိုလေးကို ဝတ်ထားတယ်။ ပြီးတော့ သစ်သားနဲ့ပြုလုပ်ထားတဲ့ ဖင်ထိုင်ခုံကို ခေါင်းအုံးပြီး  အိပ်နေတာပါ။

သူဟာအိပ်နေရင်းက ”ှသမမပ ညီလေး ကျေးရွာအုပ်ချုပ် ရေးမှူးနဲ့ ဘီယာသောက်တာများသွားတယ်၊ စိတ်မရှိနဲ့နော်”လို့ ပြောပြီး ပြန်အိပ်သွားတယ်။ ကျွန်တော်တို့လည်း ဒီအတိုင်း ပြန် လာခဲ့လိုက်တယ်။

ည၈နာရီကျော်တာနဲ့ ဒလက်မေကျေးရွာက တိတ်ဆိတ် သွားပြီ။ ညကလည်း လဆုတ်ရက်ဆိုတော့ အပြင်မှာ မှောင်မည်း လို့နေပါတယ်။ ကျေးရွာလမ်းတွေဟာ လရောင်၊ ကြယ်ရောင် မကျရောက်နိုင်အောင် သစ်ပင်တွေက ဖုံးအုပ်ထားပါတယ်။ အိမ်တွေမှာတော့ ဆိုလာပြား မီးတွေ ထွန်းထားကြတယ်။

နောက်တစ်နေ့မှာ ထရွန်အိုင်ဆိုတဲ့ ရွာတစ်ခုကို ထပ်သွား ခဲ့တယ်။ ဒလက်မေရွာကနေ ကုလားတန် မြစ်ဖျားအတိုင်း အထက်ကို ဆက်တက်သွားရတာပါ။ ထရွန်အိုင်ကျေးရွာက အဲဒီ ဒေသမှာ တကယ့်ကို စီးပွားရေးအချက်အချာကျတဲ့ နေရာတစ်ခု ပါ။ ရဲစခန်း၊ စစ်တပ်ဗျူဟာ အထိုင်ချထားတဲ့နေရာလည်းဖြစ် တယ်။ ချောင်းကမ်းပါးတစ်လျှောက်မှာ စက်လှေတွေက စီတန်း လို့ပါ။ ဈေးဆိုင်တွေမှာလည်း ခေါင်းလျှော်ရည်ထုပ်က အစ အရက်၊ ဘီယာအစုံရတယ်။ အိန္ဒိယထုတ် ဟင်းပေါင်းအိုး၊ ထမင်း ပေါင်းအိုးတွေလည်း အစုံရ ပါတယ်။

အိန္ဒိယနိုင်ငံက ပစ္စည်းတွေကို မြန်မာနိုင်ငံကို တင်ပို့ကြ သလို မြန်မာနိုင်ငံက ပစ္စည်းတွေကိုလည်း အိန္ဒိယဘက်ကို ပို့ကြ ပါတယ်။ ကောက်ပဲသီးနှံကအစ တိရ္ဆာန်တွေပါကြတယ်။ ဒေသ ထွက်တဲ့ နှမ်း၊ ဂမုန်း၊ ဖျံဥ စတဲ့ ထွက်ကုန်တွေကို ဒိုင်ဖွင့်ကာ ဝယ် ကြတယ်။

ထရွန်အိုင်ကနေတစ်ဆင့် ပလက်ဝမြို့နယ်မှာ နာမည်ကြီး တဲ့ သမိုင်းစေတီတစ်ခုဖြစ်တဲ့ ဥဿလင်းစေတီကို သွားခဲ့ပါသေး တယ်။ ဥဿလင်းစေတီကို သာသနာသက္ကရာဇ် ၂ဝ၄-၂၅၈ (ဘီ စီ- ၃၁၆-၂၇၂)မှာ ဗုဒ္ဒဘုရားရှင်ရဲ့ ဗျာဒိပ်တော်အရ ရခိုင်ဘုရင် သူရိယစက္ကမင်းကြီးက ဘုရားရှင်ရဲ့ စက္ခု၊ ဦးနှောက်၊ လည်ရိုး တော်ဓာတ်များကို ဌာပနာထည့်ကာ  တည်ထားခဲ့တဲ့ စေတီတစ် ဆူဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ ခုချိန်မှာတော့ ရှေးလက် ရာတွေ မတွေ့ရတော့ပါဘူး။ နောက်ပိုင်းမှာ အသစ်တည် ထားတဲ့ စေတီဟာ နေရောင်အောက်မှာ ရွှေရောင်ဝင်းထိန်လျက် ရှိ           ပါတယ်။

 

အပြန်ခရီး

တောင်ပြိုက မွန်းလွဲ နှစ်နာရီခွဲလောက်မှာ ပလက်ဝမြို့ကို ပြန်ထွက်လာတယ်။ ကျွန်တော် ပလက်ဝကို ညနေ၆ နာရီကျော် လောက်မှာရောက်ပါတယ်။ ကျွန်တော် ပလက်ဝရောက်ေတော့ နေဝင်သွားပြီး အလင်းရောင်ခပ်မှိန်မှိန်သာ ရှိတော့တယ်။

နောက်နေ့ မနက် ၇နာရီကျော်မှာ ပလက်ဝမြို့က ကျွန် တော်ထွက်လာခဲ့ပါတယ်။ ဆိပ်ကမ်းအဆင်းမှာရှိတဲ့ အနီရောင် ဆိုင်းဘုတ်ပေါ်က ‘နှုတ်ခွန်းဆက်သပါ၏ ပလက်ဝမြို့’ ဆိုတဲ့ စာ သားကို ကြည့်ပြီး ချင်းပြည်နယ်ရဲ့ ပလက်ဝမြို့ကို ကျွန်တော် နှုတ် ဆက်လိုက်တယ်။ ကျွန်တော့်ကို ကူညီခဲ့တဲ့သူတွေကိုလည်း နှုတ် ဆက်ခဲ့တယ်။ ပြီးတော့ ကျွန်တော်ဟာ စက်လှေနဲ့အတူ ပလက်ဝ မြို့ကို ကျောခိုင်းထွက်ခဲ့တယ်။

ပလက်ဝမြို့၊ မြို့နဲ့ ကုလားတန်မြစ်ကို ခြံရံထားတဲ့ တောင် စွယ်၊ တောင်တန်းတွေ၊ မြူ ခိုးမြူ  ငွေ့တွေက ကျွန်တော့်မျက်စိထဲမှာ တရေးရေးသာ ကျန်ရှိရာကနေ နောက်ဆုံး လုံးဝပျောက်ကွယ် သွားပါတော့တယ်။ ဒါပေမဲ့ ပလက်ဝမြို့ကတော့ ကျွန်တော့် ရင်ထဲမှာ ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။

 

၂၀၁၅၊မတ်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၁)မှ ခရီးသွားဆောင်းပါးဖြစ်သည်။

 

ခင်မောင်မြင့် ရေးသည်။

 

 

အပိုင်း(၁)သို့

 

အမျိုးအစား - ခရီးသွားဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."