မြစ်များ၊ချောင်းများ၊ ဘဝများ အပိုင်း(၁)

မြစ်များ၊ချောင်းများ၊ ဘဝများ အပိုင်း(၁)

 

(၁) တဒုတ်ဒုတ်နှင့် ခုတ်မောင်းနေသော ပဲ့ထောင်သည် ဖျာပုံမြစ်ထဲတွင်ပြေး လွှားလျက်ရှိသည်။ ကောင်းကင်တွင် မိုးသားမည်းမည်းများ အလိပ်လိုက်တက် လာနေသည်။ တိမ်းမည်းညိုများက မြစ် ကို အလျားလိုက်ဆန်နေသည့် ပဲ့ထောင်၏ ခေါင်မိုးပေါ်မှ ကျော်လွှားသွားကြသည်။  မိုးစက်များ၏ ရှေ့တော်ပြေးဖြစ်သည့် မုတ် သုန်လေက ပဲ့ထောင်၏ ဦးခန်းတွင် မတ် တတ်ရပ်နေသည့် ကျွန်တော်တို့၏ မျက် နှာများကို ခပ်ကြမ်ကြမ်း ပွတ်တိုက်သွားသည်။

ခေတ္တမျှလေငြိမ်သွားခိုက် ကျွန် တော့်နှုတ်ခမ်းဖျားကို လျှာနှင့်သပ်လိုက်မိ သည့်အခါ ငန်ကျိကျိအရသာကို ထိတွေ့ရ သည်။ မုတ်သုန်လေတွင် ဆားငန်ငွေ့ ပါပုံ ရသည်။ လတ်ဆတ်သည့်လေ၊ အေးမြ သည့်လေ၊ ငန်သောလေကို နှစ်အနည်း ငယ်အတွင်း ပထမဆုံး ပြန်လည်ထိတွေ့ရ ခြင်းဖြစ်သဖြင့် ကျွန်တော် အူမြူးသွားသည်။

အတူပါလာသည့် မော်ကွန်းမဂ္ဂဇင်း ၏ တက်ကြွလွန်းသော သတင်းထောက် ကိုခင်မောင်မြင့်နှင့် ငယ်သူငယ်ချင်း ကိုအောင်လေးတို့ကလည်း လတ်ဆတ် သည့် ပတ်ဝန်းကျင်အခင်းအကျင်းကြည့်ငေးရင်း ဘာတွေ သဘောကျနေသည် မပြောတတ်။ ပဲ့ထောင်ပေါ်မှ ဟွန်ဒါစက် သံက ဆူညံနေသဖြင့် သူတို့ပြောသော စကားများကို သဲကွဲစွာ မကြားရ။ ထို့ ကြောင့် ကျွန်တော်က အဝေးကိုပဲ ငေးနေ လိုက်သည်။ ဇာတိရနံ့သည် ကျွန်တော့်ရင် ထဲတွင် ပြန်လည်စိမ်းစိုလာသည်။

ဟုတ်သည်။ ဆားငန်ငွေ့သင်းသော အေးမြလေညင်း၊ နွံဝါရောင် ဒီရေ၊ လတာ ပြင်၊ လမုပင်၊ သမဲ့ပင်၊ ဗေဒါနှင့် ဒိုက် သရောများ။ ထိုအရာတွေက မြစ်ဝကျွန်း ပေါ်၏ အရေပြားပေါ်တွင် မပြောင်းလဲဘဲ ရှိနေသည့် အမှတ်အသားများဖြစ်ကြ သည်။ ခေတ်တွေပြောင်းသွားမည်။ စနစ် တွေပြောင်းသွားမည်။ တန်ဖိုးထားမှုများ ပြောင်းလဲသွားမည်။ ပြီးတော့ လူတွေ ပြောင်းသွားမည်။

သို့သော် မြစ်ဝကျွန်းပေါ်၏ အမှတ် သင်္ကေတတွေကတော့ ပြောင်းလဲမသွား ဘဲ ရှိနေသည်။ သစ်ပင်တို့သည် စိမ်းလန်း မြဲ။ မြစ်တို့သည် စီးဆင်းဆဲ။ လေတို့သည် အေးမြဆဲ။ မြင်ကွင်းတွေ လတ်ဆတ်ဆဲ။

(၂)

ထိုနေ့ နံနက်ပိုင်းက မိုးတွေရွာနေ သည်။ ပန်းဆိုးတန်းမှ ဒလဘက်သို့ ကူး ရန် ကူးတို့သင်္ဘောကို စောင့်နေစဉ် နာရီ ကြည့်မိတော့ ၇ နာရီပဲ ရှိသေးသည်။ ကောင်းကင်တစ်ခွင်တွင် မိုးသားတွေ အုံ့ အုံ့မှိုင်းမှိုင်းရှိနေ၏။ တစ်ဖက်ကမ်းသို့ ကူး စဉ် ရန်ကုန်မြစ်အတွင်း လေအနည်းငယ် ပြင်းသဖြင့် သင်္ဘောမှာ လူးလူးလွန့်လွန့် ဖြစ်သွားသည်။

ဒလနှင့် ဖျာပုံသို့ တိုက်ရိုက်ပြေးဆွဲ သော ခရီးသည်တင်ကားမှာ ခနော်ခနဲ့။ သို့သော် တခြားလည်း ရွေးစရာမရှိ။ လက်မှတ်ရောင်းသည့်နေရာတွင် ခရီး သည်အချို့မတ်တတ်ရပ်နေသည်။ နေရာ ကောင်းများရမလားဟု ချဉ်းကပ်ကြည့် သည်။ မရ။ ကားစက်ဖုံးအပေါ်တွင် ရွှံ့ပေ နေသည့် ခပ်ပါးပါး အစိမ်းရောင်အခင်း တစ်ခုပေါ်တွင် နှစ်ယောက်စာနေရာတစ် ခုရှိသည်။ ”လိုက်မလား”ဟု လက်မှတ် ရောင်းသူက မေးသည်။ စုစုပေါင်း ကျွန် တော်တို့က သုံးနေရာလိုသည်။ ကွမ်းခြံ ကုန်းတွင် တစ်ယောက်ကို ခေါ်တင်ရမည်။

ဒလနှင့် ဖျာပုံမှာ ၅၆မိုင်ခန့်ဝေးသည်။ ဒီလို ‘ခွေးတိုးဝက်ဝင်’ပုံစံဖြင့် မလိုက်ချင်။ ပြီးတော့ ဟိုရောက်လျှင် ပင်လယ်ဘက် သို့ ခရီးဆက်ရဦးမည်ဖြစ်ရာ ဒီပုံအတိုင်း ဆိုလျှင် ခရီးပန်းလိမ့်မည်ဖြစ်သဖြင့် ခပ် အင်အင်လုပ်လိုက်သည်။

”နေရာမရှိတော့ရင်လည်း နောက် တစ်စီး စောင့်ပြီး လိုက်မယ်ဗျာ”ဟု လက် မှတ်ရောင်းသူကို ပြောပြီး ပြန်လှည့်ထွက် ဖို့ ပြင်လိုက်သည်။ လက်မှတ်ရောင်းသူက သူ့လက်ထဲမှ လက်မှတ်ဖြတ်ပိုင်းများကို ပြန်ငုံ့ကြည့်နေသည်။

”ကဲဗျာ…လူလည်း ထပ်မစောင့် တော့ဘူး။ ခင်ဗျားတို့ ဒီခုံနေရာတွေရမယ်။ ဒါ အားလုံး VIP ခုံတွေချည်းပဲ”ဟု လက် မှတ်ရောင်းက ဆိုသဖြင့် ကျွန်တော် ရယ် ချင်သွားမိသည်။ အရေးကြီးပုဂ္ဂိုလ် အတွက် ချန်ထားသောနေရာကို ပေး သည်ဆိုပါကလား။ ခုံနေရာကို ကြည့် တော့ ကားဒရိုင်ဘာနောက်ဘက်ခြမ်းမှ နှစ်ယောက်ထိုင်ခုံတစ်ခုံနှင့် ကားခေါင်းခန်း ဒရိုင်ဘာဘေးမှ တစ်ခုံဖြစ်သည်။ သူ တို့အဆို အရေးကြီးပုဂ္ဂိုလ်များအတွက် အထူးနေရာ ဆိုပါတော့။

ကိုခင်မောင်မြင့်က ကားရှေ့ခေါင်း ခန်းမှ လိုက်ရမည်ဆိုသဖြင့် မျက်နှာဝင်းပ သွားသည်။ ကားထွက်မည်ဆိုသောအခါ ပုဆိုးကို အနည်းငယ် မ,၍ ခရီးသည်အချို့ ကို ကျော်လွှားပြီး ခေါင်းခန်းမှာ အခန့် သားထိုင်သည်။ ကားဘီးလိမ့်သည်နှင့် ခဏကြာသောအခါ စောစောက အုံ့မှိုင်း နေသည့် မိုးသည် အငြိုးတကြီး ရွာချ လိုက်သည်။

ကားပြတင်းပေါက်၏ မှန်ကို မိုးရေ စက်တွေက တဖြောက်ဖြောက် ထိမှန်နေ ၏။ ရေငွေ့ရိုက်နေသည့် မှန်ကို ကျော်၍ ဘေးဘီကို ကြည့်လိုက်သည်။ လယ်ကွင်း ထဲမှာ ရေတွေဖွေးနေသည်။ လယ်သမား အချို့က လယ်ထွန်နေသည်။ လမ်းဘေးဝဲ ယာမှ ဓနိမိုးအိမ်ကလေးများသည် မိုးသီး မိုးပေါက်များကို ကြံ့ကြံ့ခံ၍ ခုခံနေသလို ထင်ရသည်။ စက်ကုန်ဖွင့်၍ ပြေးနေသော မော်တော်ကားပေါ်မှ မြင်ရသည့် ရှုခင်း များမှာ လှုပ်ရှားလျက် ရှိနေကြသည်။

ဓာတ်ပုံ – ဇေယျာလှိုင်/မော်ကွန်းမဂ္ဂဇင်း

 

(၃)

ခနော်နီခနော်နဲ့ ရှိလှသည့် ခရီး သည်တင်ကားမှာ ကုန်နှင့် လူအပြည့်တင် ရုံသာမက လမ်းကြုံစီးသူများကိုပါ တင် လာသည်။ လမ်းကြုံစီးသူတွေထဲမှာ ကျောင်းဆရာမကလေးတွေလည်း ပါ သည်၊ ဟိုမြို့၊ ဒီမြို့ ဈေးရောင်းဈေးဝယ်တွေ လည်း ပါလာသည်၊ အထုပ်ကြီးအထုပ် ငယ်နှင့် ကုန်ပစ္စည်းများ သယ်လာသူ လည်း ရှိသည်။

သို့ဖြင့် ကားတစ်စီးလုံးမှာ ထိုင်ခုံ မှစီးသူ၊ မတ်တတ်ရပ် လမ်းကြုံစီးသူတွေ နှင့် ပြည့်နေ၏။  ကျောင်းဆရာမကလေး များက ဆွဲခြင်းကို လက်တစ်ဖက်က ကိုင် ပြီး ကျန်တစ်ဖက်ဖြင့် ခေါင်မိုးတန်းကို ကိုင်စီးနေရသည်။ လမ်းကြမ်းသည့်အခါ ကားမှာ လှုပ်ခါသွားသဖြင့် သူတို့လည်း ယိမ်းကသလို ရှိနေတော့သည်။

ကားက ကော့မှူးကို ကျော်လာ သည်။ ကွမ်းခြံကုန်းကို ကျော်လာသည်။ ဒေးဒရဲကိုရောက်ဖို့မူ တိုးမြစ်ကို ကန့်လန့် ဖြတ်ထိုးထားသည့် တံတားကြီးပေါ်မှ ဖြတ်ရလိမ့်မည်။ တံတားခြေရင်းမှာ ဂိတ် တစ်ခုရှိသည်။ နာဂစ်မုန်တိုင်းအပြီး ကယ် ဆယ်ရေးကာလတုန်းကတော့ နိုင်ငံခြား သားနှင့် စာနယ်ဇင်းသမားများကို ဒီ ဂိတ်ဝမှ ဖြတ်ခွင့်မပေးခဲ့တာ အမှတ်ရ သည်။ ဒီဂိတ်ဝမှ မြစ်ဝကျွန်းပေါ်ကို စူးစမ်း လိုသူ အတော်များများ လှည့်ပြန်ခဲ့ရဖူး သည်။ အခုတော့ ဥဒဟို ဝင်နိုင်နေပြီထင် သည်။ မြို့အဝင်တွင် နိုင်ငံခြားသားများကို ကူညီပါရန် ဆိုင်းဘုတ်ထောင်ပြီး အသိ ပေးထားသည်။

တံတားပေါ်ကို ဖြတ်တော့ တိုးမြစ် ကို အောက်ငုံ့ပြီး ကြည့်လိုက်သည်။ ရေ ကြီးနေပုံရသည်။ မိုးပေါက်တွေက မြစ်ထဲ သို့ ကျွမ်းထိုးချနေသည်။ တိုးမြစ်ကို ဒီနေ ရာတွင် ဒေးဒရဲမြစ်ဟု ဆိုကြသည်။ သူ့ အထက်မှာတော့ မအူပင်မြစ်ဟု ခေါ်ကြ ပြန်သည်။ မြို့နှင့် ရွာများကိုလိုက်ပြီး ခေါ် ဝေါ်သည့်အမည်များ ကွဲပြားသော်လည်း မြစ်က တစ်မြစ်တည်းဖြစ်သည်။ ဧရာဝတီ မှ ခွဲထွက်ပြီး ပင်လယ်ဝသို့ တည့်တည့် မတ်မတ် စီးဝင်သည့် မြစ်ကြီးဖြစ်သည်။

ကျွန်တော်တို့ထိုင်ခုံရှေ့မှ ထိုင်နေ သည့် ကောင်ကလေးက သူ့ရည်းစား၏ ဆံပင်များကို ညာဘက်လက်ဖြင့် ထိုးဖွ နေသည်။ ဆံပင်နီနီနှင့် ဂျင်းဘောင်းဘီ ကျပ်ကျပ်ကို ဝတ်ထားသည့် ကောင်မ လေးက သူ့ချစ်သူကို ကလူကျီစယ်သော မျက်လုံးများဖြင့် ခပ်မှေးမှေးကြည့်နေ သည်။ လမ်းက ကြမ်းသဖြင့် ကားမှာ ခုန် ကြွလျက်ရှိသည်။ ကားတစ်ချက်ခုန်လိုက် တိုင်း သူတို့နှစ်ဦးမှာ ရင်ဘတ်ချင်း၊ မျက် နှာချင်း၊ အပြုံးချင်း နီးကပ်သွားသည်။

တစ်ကြိမ်တွင် ကားမှာ ချိုင့်တစ်ခုကြောင့် ခုန်သွားရာ ချစ်သူနှစ်ဦးမှာ နီး ကပ်ရာမှ တော်တော်နှင့် ပြန်ကွာမသွား ကြ။ ကားပေါ်ပါလာသူတွေက သူတို့နှစ် ဦးကို အာရုံစိုက်နေကြသည်။ ထိုစဉ် ကား ခေါင်းခန်းတွင် ထိုင်နေသည့် ကိုခင်မောင် မြင့်က ကျွန်တော့်ဘက် လှည့်ကြည့်လိုက် သည်။ အကြည်ဆိုက်နေသည့် ချစ်သူနှစ် ဦးက ထိုအချိန်တွင်မှ ပတ်ဝန်းကျင်ကို သတိပြုမိပုံရသည်။ လူချင်းခွာလိုက်ကြ သည်။ မြစ်ဝကျွန်းပေါ်အသွား လမ်းပေါ် တွင် ကျွန်တော်တို့ ကိုရီးယားကား ကြည့် လာရသဖြင့် ဖျာပုံသို့ ရောက်မှန်းမသိ ရောက်လာကြသည်။

(၄)

ဖျာပုံသည် နာဂစ်မုန်တိုင်းအပြီး တွင် အင်န်ဂျီအိုများဖြင့် ခြေချင်းလိမ် နေသည့် မြစ်ဝကျွန်းပေါ်ရှိ မြို့များအနက် မှ တစ်မြို့ဖြစ်ပါသည်။ ထို့ကြောင့် ကျော ပိုးအိတ်၊ ဂျင်းဘောင်းဘီဖြင့် အဝေးပြေး ကားပေါ်မှ ဆင်းလာသည့် မျက်နှာစိမ်း ဧည့်သည်တိုင်းကို အင်န်ဂျီအိုဝန်ထမ်းဟု ထင်နေပုံရသည်။ ဆိုင်ကယ်အငှားလိုက် သူများက ပြေးလာပြီး အထုပ်ကို အလု အယက်ဆွဲသူ ဆွဲ၏။

ဒေသခံ သို့မဟုတ် မြို့နှင့် အကျွမ်း တဝင်ရှိသူမဟုတ်လျှင် သူတို့ခေါ်မည့် ဈေး က ကြောက်စရာဖြစ်သည်။ အကြောင်း သိသူများကို တောင်းသည်ထက် အစစ အရာရာ ဈေးပိုတောင်းတတ်သည်။  အခု လည်း ဆိုင်ကယ်သမားအချို့က ကျွန် တော်တို့အနီး အုံခဲလာပြီး ဘယ်သွားမလဲ မေးသည်။ ဟိုနားဒီနား ဆိုင်ကယ်တစ်ခါ ငှား ကျပ်တစ်ထောင်ခန့်တောင်း ချင်သည်။

”နာဂစ်အပြီး အင်န်ဂျီအိုတွေ ဝင် လာကတည်းက ဒီမှာ အကျင့်တွေ ပျက် ကုန်တာပဲ”ဟု အတူပါလာသည့် သူငယ်ချင်း ကိုအောင်လေးက ကျွန်တော့်ကို ပြောသည်။ ကျွန်တော့်ကို ကျပ်တစ် ထောင်တောင်းထားသော ခရီးကို ကိုအောင်လေးက ငါးရာနှင့် ဈေးဖြတ် လိုက်သည်။ ကိုအောင်လေးက ဖျာပုံနှင့် ကွမ်းခြံကုန်းကို အိမ်ဦးနှင့်ကြမ်းပြင် သွား နေသူဖြစ်သည်။ အကြောင်းသိသူတစ်ဦး ပါလာသဖြင့် ဈေးပိုမတောင်းပါ။

ပဲ့ထောင်သင်္ဘောငှားရန် သင်္ဘော ဆိပ်သို့ ကျွန်တော်တို့လျှောက်လာစဉ် မြို့ ပေါ်မှ လူတွေက စူးစမ်းသလို ကြည့်နေကြ သည်။ ဆိုင်ကယ်ကယ်ရီဆွဲသူ၊ ဆိုက်ကား သမားများက ဘယ်ပို့ပေးရမလဲဟု ချဉ်း ကပ်ပြီး မေးသဖြင့် လမ်းတစ်လျှောက်လုံး ဖြေလာရသည်။ ”မင်းတို့ကို အင်န်ဂျီအိုက လူတွေလို့ ထင်နေတာနေမှာပေါ့”ဟု ကိုအောင်လေးက ပြောပြန်သည်။ ခွတော့ ကျသား။

ကျွန်တော်တို့မြစ်ဝကျွန်းပေါ်သို့ လာခဲ့သည်မှာ နာဂစ်အပြီး ငါးနှစ်ကြာ လာသည့် လက်ရှိအချိန်တွင် မြစ်ဝကျွန်း ပေါ်၌ မုန်တိုင်းကယ်ဆယ်ရေးနှင့် ပတ် သက်ပြီး မည်ရွေ့မည်မျှ လုပ်ဆောင်နေ သည်ကို မော်ကွန်းမဂ္ဂဇင်းအတွက် သတင်းဆောင်းပါးရေးရန်ဖြစ်သည်။ ပြီး တော့ မြစ်ဝကျွန်းပေါ်၏ လူမှုဘဝကို ခရီး သွားဟန်လွှဲ လေ့လာဖို့ဖြစ်သည်။

စက်လှေဆိပ်သို့ ကျွန်တော်တို့ ရောက်လာကြသည်။ မိုးများက အဆက် မပြတ်ရွာနေတုန်းဖြစ်သည်။ ဒီနေ့ တစ်နေ့ လုံး နေရောင်ကို မမြင်ရသေး။ ဖျာပုံမှ ရေ မိုင်အားဖြင့် ၂ဝ ခန့်ဝေးသည့် တင်ပုလွဲ ကျေးရွာသို့ သွားရန် စက်လှေငှားချင် သည်။ သို့သော် ပထမချဉ်းကပ်မိသည့် စက်လှေသမားနှစ်ဦးခန့်က မတန်တဆ ဈေးတောင်းသဖြင့် ငြင်းလွှတ်လိုက်ရ သည်။ အနီးအနားမှ ကိုအောင်လေးမိတ် ဆွေများကလည်း ကူညီငှားပေးသည်။ ဈေးကို စွတ်ခေါ်နေကြသည်။

နောက်ဆုံးတွင် ပဲ့ထောင်တစ်စင်း ကို ငှားလိုက်သည်။ ပဲ့ထောင်သည် လူသုံး ယောက်အတွက် လိုအပ်သည်ထက်ကျယ် ဝန်းသည်။ မိုးက အနည်းငယ်စဲသွား သည်။ ကောင်းကင်မှာတော့ တိမ်မည်း တိမ်လိပ်များ တရိပ်ရိပ်ပြေးနေ၏။ ဖျာပုံ မြစ်လယ်ကောင်မှ ပြန်၍ မြင်ရသည့် ဖျာပုံ သည် တိုက်တာများဖြင့် ပြွမ်းတီးနေ၏။ ကွန်ကရစ်တော အသေးစားကလေးနှင့် တူသည်။

ကျွန်တော်တို့စက်လှေမှာ ဖျာပုံမြစ် ရေပြင်ကို ထိုးခွဲပြီး ရှေ့သို့ လွန်းထိုးပြေး လွှားနေသည်။ မြစ်ရိုးတစ်လျှောက် ငါး ဖမ်းသင်္ဘောများကို အစီအရီမြင်ရသည်။ တံငါသည်အိမ်ကလေးတွေ၊ ငါးဒိုင်၊ ပုစွန် ဒိုင်တွေက ရေပေါ်တွင် ပေါ်နေကြသည်။ မြစ်ကို ဆီးပိတ်၍ ငါးဖမ်းသူများကိုလည်း တွေ့ရသည်။ မြစ်ထဲတွင် တစ်နိုင်တစ်ပိုင် ငါးဖမ်းသူတို့က မျှောထားသော ပိုက် ဖောင်များကို ပြန်ရုပ်နေကြသည်။ ပင် လယ်ဝနှင့် နီးလာသည်နှင့်အမျှ လေက လည်း ပိုထန်လာ၏။ လှိုင်းကလည်း ပို ကြမ်းလာ၏။

ဓာတ်ပုံ – ဇေယျာလှိုင်/မော်ကွန်းမဂ္ဂဇင်း

 

(၅)

အဝေးတွင် ပင်လယ်ဝကို မြင်နေရ ပြီ။ ရေပြင်ကျယ်သည် ဖွေးနေသည်။ ထို အခိုက် ပဲ့ထောင်မှာ ဖျာပုံမြစ်မှ ညာဘက် ရှိ ချောင်းထဲသို့ ချိုးကွေ့လိုက်သည်။ ပဲ့ ထောင်၏စက်သံမှာ ချောင်းရိုးထဲ ဆူညံ နေသည်။ ချောင်းဘေးမှ အမျိုးသားကြီး အချို့က ထွက်လာကြည့်ကြသည်။ လူစိမ်း တွေဖြစ်သဖြင့် စူးစမ်းချင်ပုံရသည်။

”ကျုပ်တို့ကို မုန်တိုင်းဒဏ်ခံ အဆောက်အအုံရှိတဲ့နေရာအနီးထိ ပို့ပေး ပါဗျ”

ပဲ့ထောင်မောင်းသူက ခေါင်းညိတ် သည်။ အုန်းသားဖြင့်ဆောက်ထားသည့် တံတားတိုကလေး၏ ခြေရင်းတွင် ပဲ့ ထောင်ထိုးစိုက်သည်။ ရေကျချိန်မို့ ကမ်း ပေါ်သို့ ရုတ်တရက် ခုန်တက်လို့မရ။ ပိန် ပိန်ပါးပါးရှိသည့် ကိုခင်မောင်မြင့်က အရင်ဆုံးတက်ပြီးကျွန်တော်တို့ ကျောပိုး အိတ်တွေကို သူကလှမ်းသယ်သည်။

တင်ပုလွဲရွာသည် ပင်လယ်နှင့် နှစ် မိုင်ခန့်သာ ဝေးသည့် ပင်လယ်ဝရွာဖြစ် သည်။ ရွာတွင် လူဦးရေက ၅ဝဝနှင့် ၁,ဝဝဝကြားရှိသည်ဟု ရွာသားတွေက ပြောသည်။ ရွာဆိုသော်လည်း မြစ်ဝကျွန်း ပေါ်၏ ထုံးစံအတိုင်း ပြန့်ကျဲသော လူနေ ထိုင်မှုပုံစံဖြစ်သည်။ လယ်ကွင်းတွေထဲမှာ နေကြသူကများသည်။ ထို့ကြောင့် ရွာတွင် လူသံသိပ်မကြားရ။ ကွင်းပြင်များထဲတွင်မူ တဲကလေးတွေကို ကြိုကြားမြင်ရ၏။

မြစ်ဝကျွန်းပေါ်၏ ချစ်စရာကောင်း မှုတစ်ခုမှာ ဖော်ရွေခြင်းဖြစ်သည်။ ရပ်ဝေး မှ လူစိမ်းဆိုလျှင် ပို၍ပင် ဖော်ရွေကူညီချင် သည်။ ဟန်ဆောင်မှုမရှိဘဲ စိတ်ရင်း အတိုင်း သူတို့နေ့စဉ်ပြောနေကျ စကား လုံးများဖြင့် ရင်းရင်းနှီးနှီးပြောတတ်ကြ သည်။ သို့သော် နာဂစ်အပြီးတွင် လူမှု ဘဝတွေ ဟန်ချက်ပျက်သွားသည်က တော့ စိတ်မကောင်းစရာဖြစ်သည်။

နာဂစ်မုန်တိုင်းတစ္ဆေက သူတို့ကို ယနေ့အထိ ခြောက်လှန့်နေတုန်းရှိပါ သည်။ ပင်လယ်ဆီမှ လေထန်ထန်ကလေး တစ်ချက်ဝှေ့ရုံနှင့် စိုးရိမ်မှုဒီရေက သူတို့၏ ရင်ထဲမှာ တလိပ်လိပ်တက်လာနေတုန်း ဖြစ်သည်။ မုန်တိုင်းအပြီး ပြန်လည်ထူ ထောင်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်း များကို လုပ်ဆောင်ပေးခဲ့သည့် အဖွဲ့ အစည်းများအနေဖြင့် ဆုံးရှုံးသွားသည့် ရုပ်ပစ္စည်းများအတွက် တစ်စုံတစ်ရာ ဖြည့်ဆည်းပေးနိုင်ခဲ့သည်မှာ သေချာ ပါသည်။

သို့သော် အနာတရဖြစ်သွားသော ဒေသခံတို့၏ နှလုံးသားများကိုတော့ ပြန် လည်ထူထောင်ပေးနိုင်ခဲ့သည်ဟု ကျွန်တော်မထင်ပါ။ ကူညီထောက်ပံရေးအဖွဲ့ များ နောက်ထပ် မစွမ်းဆောင်နိုင်ခဲ့သည့် အချက်တစ်ခုရှိသေးသည်။ ယင်းမှာ မြစ်ဝ ကျွန်းပေါ်၏ ဘဝနေမှုပုံသဏ္ဌာန်များ ဟန် ချက်ပျက်ယွင်းသွားခြင်းနှင့် ဆိုင်သည်။

စက်လှေဆီ ပြန်ဆင်းမည်လုပ်သည့် အခါ အတူပါလာသည့် ကိုခင်မောင်မြင့်ကို ရှာမရဘဲဖြစ်နေသည်။ နာမည်ခေါ်ပြီး အော်မှ အိမ်တစ်အိမ်အတွင်းမှ ပြန်ထူးသံ ကြားရသည်။ အသံကြားသည့် ဓနိအိမ် ပုပုကလေးထဲသို့ ဝင်သွားသည့်အခါ မိန်းမပျိုကလေးနှစ်ဦးနှင့် အသက်လေး ဆယ်နီးပါး အဒေါ်ကြီးတစ်ဦး၏ အလယ် တွင်ရောက်နေသည်။ သူ့ကို အမျိုးသမီး သုံးယောက်က နာဂစ်ဇာတ်လမ်းအား နောက်ကြောင်းပြန် ပြောပြနေခြင်း ဖြစ်သည်။

ထောင့်တစ်နေရာတွင် ပုဆိုးဖြင့် ထုပ်ထားသည့် အထုပ်တစ်ထုပ်ကို အဒေါ် ကြီးက ကျွန်တော်တို့အား လက်ညှိုးထိုး ပြသည်။ ဘာပါလိမ့်ဟု ကျွန်တော်တို့က တွေးနေစဉ် သူက ပြောပြသည်။

”အဲဒါ မုန်တိုင်းလာရင် အဆင်သင့် ထွက်ပြေးလို့ရအောင် ရှိတဲ့အဝတ်ကလေး တွေ ထုပ်ထားတာ’မဟာစင်မုန်တိုင်းဝင်မည့်သတင်း ကို ကြားကတည်းက ထုပ်ထားသည့် အထုပ်မှာ ယခုအထိ ပြန်မဖြေဘဲ ရှိနေ ခြင်းဖြစ်ပါသည်။ မိန်းမပျိုကလေးက သူ့ အမေကို တစ်လှည့်၊ ကျွန်တော်တို့ကို တစ်လှည့်၊ ကျွန်တော်တို့လက်ထဲမှ ကင်မရာ ကို တစ်လှည့် ငေးလျက်ရှိသည်။

(၆)

ဖျာပုံမြစ်အတွင်း ကမ်းပါးတစ် လျှောက် အိမ်သာများမှာ ရေထဲတွင် ဆောက်ထားကြသည်။ မြစ်ဝကျွန်းပေါ်၏ ဓလေ့တစ်ခုဖြစ်ပါသည်။ အိမ်သားတွေ မြစ်ကမ်းပါးတစ်လျှောက် ရှိနေကြသော် လည်း မြစ်ရေနှင့်ပင် ချက်ပြုတ်စား သောက်ကြသည်က များသည်။ ရေချိုး လျှင်လည်း မြစ်ထဲဆင်း၍ (သို့မဟုတ်) မြစ်ထဲမှ ခပ်၍ ချိုးကြသည်။

”ရေများ တစ် ပိဿာ     ရှိရင် သန့်ပါ တယ်ဟယ်”ဟု ကျွန်တော်တို့ တိုးမြစ် ကမ်းနဖူးမှ ရွာသားတွေက ပြောလေ့ရှိကြ သည်။ ရေများလျှင် အညစ်အကြေးပါဦး တော့ သန့်သည်ဟု ဆိုလိုခြင်းဖြစ်ပုံရ သည်။ မြစ်ဝကျွန်းပေါ်မှာလည်း ထိုသို့ သော အတွေးအခေါ်ရှိသည်။ စက်လှေပေါ် ကနေ ကမ်းပါးတစ်လျှောက်မှ အိမ်သာ များကို ငေးနေရင်း မြစ်ဝကျွန်းပေါ်၏ လူမှု အပြောင်းအလဲများတွင် မပြောင်းလဲ သည့် ဓလေ့တစ်ခုမှာ အိမ်သာယဉ်ကျေးမှု ပဲ ဖြစ်လိမ့်မည်ဟု တွေးမိသည်။

”အစ်ကိုက အိမ်သာတွေချည်း ဓာတ်ပုံရိုက်လို့နေပါလားဗျ”

ကိုခင်မောင်မြင့်က ကျွန်တော့် အတွေးစကို ဝင်ပြီး ကဖျက်ယဖျက် လုပ် သည်။ ကိုအောင်လေးကလည်း မီးထိုးပေး သည်။

”ဟုတ်တယ် ခင်မောင်မြင့်ရေ၊ သူ က ဈေးကြိုက်တယ်”

ပြီးတော့ တဟီးဟီးနှင့် ရယ်ကြ သည်။ ပဲ့ထောင်စက်သံနှင့် ရယ်သံများ ရောထွေးသွားသည်။ ကျွန်တော် ဆက် တွေးလို့ မရတော့ပါ။ ထို့ကြောင့် သူတို့ ရှိရာ ပဲ့ထောင်ဦးခန်းဆီ ထွက်ထိုင်လိုက် သည်။ ဖျာပုံဆိပ်ကမ်းသို့ ပြန်ရောက်တော့ မည်။ မှောင်ရီလည်း ပျိုးနေပါပြီ။ ဖျာပုံမှာ မီးရောင်ကလေးတွေမြင်ရသည်။ ဘုရားပွဲ ဈေးတန်းကို အဝေးက လှမ်းမြင်ရသည် နှင့်ပင် တူသေးတော့သည်။

ဖျာပုံညခင်းသည် လန်းနေ၏။ ဆိုင် ကယ်၊ ဆိုက်ကားနှင့် စက်ဘီးများ မြို့၏ လမ်းများတွင် ရှုပ်ထွေးနေသည်။ အင်န် ဂျီအိုတွေ ရောက်လာပြီးနောက် စင်တင် ကာရာအိုကေနှင့် တွဲဖွင့်သည့် စား သောက်ဆိုင်ကလေးတွေလည်း ဖျာပုံမှာ ပေါ်လာသည်။ စက်လှေသမား၊ ငါးဖမ်း သမားနှင့် ခရီးသွားဟန်လွဲဝင်လာသူများ အပန်းဖြေစရာ စားသောက်ဆိုင်ကလေး တွေကတော့ မနည်းလှ။ ထို့ကြောင့်  ဖျာပုံ သည် ညမှာပင် စည်ကားလျက် ရှိနေခြင်း ဖြစ်ပုံရသည်။ ဖျာပုံသည် ညလုံးပေါက် အိပ်မပျော်သူများရှိတတ်သော မြို့ ကလေးဖြစ်နိုင်ပါသည်။

သြဂုတ်လထုတ်-၂၀၁၃၊ မော်ကွန်း မဂ္ဂဇင်းအမှတ်(၇)မှ ခရီးသွားဆောင်းပါးဖြစ် ပါသည်။

ဝင်းဇော်လတ် ရေးသည်။

       အပိုင်း(၂)သို့

အမျိုးအစား - ခရီးသွားဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."