အာဆီယံလူ့အခွင့်အရေးပဋိညာဉ်လား၊ အာဆီယံအစိုးရအခွင့်အရေးပဋိညာဉ်လား

အာဆီယံလူ့အခွင့်အရေးပဋိညာဉ်လား၊ အာဆီယံအစိုးရအခွင့်အရေးပဋိညာဉ်လား

လူ့အခွင့်အရေးအရေခြုံ ပဋိညာဉ်လား

ဒီဇင်ဘာ-၂၀၁၂ – ဇန်နဝါရီ-၂၀၁၃ထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၃)မှ သုံးသပ်ချက် ဆောင်းပါးဖြစ်ပါသည်။

ဉာဏ်လင်း ရေးသည်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) လူ့အခွင့်အရေးပဋိညာဉ်သည် နိုင်ငံတကာလူ့ အခွင့် အရေး စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသည့်အတွက် ပြင်ဆင်ရေးဆွဲကြပါရန် လူ့အခွင့်အရေးစောင့်ကြည့် သူများက တောင်းဆိုနေသည့်ကြားမှ အာဆီယံခေါင်းဆောင် များက လက်မှတ်ရေးထိုး အတည်ပြုလိုက်ကြပြီဖြစ်သည်။

            ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် သုံးရက်ကြာ ကျင်းပခဲ့သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် အတည် ပြုလိုက်ကြသော အဆိုပါ အာဆီယံလူ့အခွင့်အရေး      ပဋိညာဉ် (ASEAN Human Rights Declaration – AHRD)၌ သက်ဆိုင်ရာအစိုးရများအတွက် ဆင်ခြေ ပေးစရာ၊ တစ်နည်းအားဖြင့် ၎င်းတို့အတွက် ”ကယ်ပေါက်”များပါရှိနေသည့်အတွက်ပြင်ဆင် ရေးဆွဲကြပါရန် လူ့အခွင့်အရေး လေ့လာသူများက တိုက်တွန်းခဲ့ကြခြင်းဖြစ်သည်။

            လူ့အခွင့်အရေးလေ့လာစောင့်ကြည့်သူများ အဓိကစိုးရိမ်ကြသည့်အချက်မှာ သက်ဆိုင်ရာအစိုးရများအနေဖြင့် အမျိုးသားလုံ ခြုံရေး၊ အမျိုးသားအကျိုးစီးပွား စသည့် အချက်များကိုအကြောင်းပြကာ လူ့အခွင့် အရေးကို ဆက်လက်ချိုးဖောက်လာကြဦး မည့်ကိစ္စပင်ဖြစ်သည်။

‘(သက်ဆိုင်ရာနိုင်ငံတွေရဲ့) အမျိုးသားဥပဒေဟာ လူ့ အခွင့်အရေးနဲ့ အညီဖြစ်ရမယ့်အစား (ပဋိညာဉ်မှာပါရှိတဲ့) အခန်း တော်တော်များများကိုကြည့်မယ်ဆိုရင် လူ့အခွင့်အရေး ရပိုင်ခွင့်ဆိုတာဟာ (သက်ဆိုင်ရာနိုင်ငံရဲ့) အမျိုးသားဥပဒေနဲ့ အညီသာ ဖြစ်ရမယ်လို့ဆိုထားတယ်”ဟု စင်ပြိုင်အာဆီယံ (Altsean) ၏ ညှိနှိုင်းရေးမှူး ဒက်ဘီစတူးဟတ်က မော်ကွန်းသို့ ပြောသည်။

            နိုင်ငံတကာတွင်တော့ အစိုးရများသည် ၎င်းတို့၏ အမျိုးသားဥပဒေကို ရေးဆွဲရာတွင် နိုင်ငံတကာဥပဒေ၊ နိုင်ငံ တကာ စံနှုန်းများနှင့် ကိုက်ညီမှုရှိအောင် ရေးဆွဲကြသည်ဟု စင်ပြိုင် အာဆီယံ ညှိနှိုင်းရေးမှူးက ဆိုသည်။

            သို့သော် အာဆီယံပဋိညာဉ်ကတော့ အာဆီယံအဖွဲ့ဝင် နိုင်ငံများကို ထိုအတိုင်း လိုက်မလုပ်ရန်ပင် အားပေးအားမြှောက် ပြုထားသကဲ့သို့ရှိသည်ဟု စတူးဟတ်က ဝေဖန်သည်။

            ”အာဆီယံလူ့အခွင့်အရေးပဋိညာဉ်ဆိုပြီး ခေါင်းစဉ်တပ် တာကိုက မှားနေတယ်။ တကယ်ဖြစ်သင့်တဲ့ခေါင်းစဉ်က အာဆီ ယံအစိုးရများ အခွင့်အရေးပဋိညာဉ် ASEAN Government Rights Declaration ဖြစ်သင့်တာ”ဟု စတူးဟတ်က ဝေဖန် သည်။

အခြေခံအခွင့်အရေးများ လစ်ဟင်း

            လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်ကဲ့သို့သော အခြေခံ ကျသည့် အခွင့်အရေးနှင့် လွတ်လပ်မှုတို့လည်း ပဋိညာဉ်တွင် ပါဝင်မှု မရှိကြောင်း စတူးဟတ်က ထောက်ပြသည်။

            ”ဗမာ(မြန်မာ)ပြည်နဲ့ ပတ်သက်လို့တော့ ပြုပြင်ပြောင်းလဲ ရေးလုပ်နေတာတွေကို အရှိန်လျှော့ဖို့ လူ့အခွင့်အရေးပဋိညာဉ်က ဆင်ခြေကောင်းတစ်ခုကို ပေးလိုက်တာပဲ။ အထူးသဖြင့် ကျေး လက်နဲ့ မြို့ပြက ဆင်းရဲသားတွေ၊ ပြီးတော့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲတဲ့ ကိစ္စမျိုးမှာပေါ့”

            လူ့အခွင့်အရေးပညာပေးရေးဌာန – မြန်မာနိုင်ငံ (HREIB)မှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်း စိုးရိမ်သည် ကလည်း အာဆီယံ လူ့အခွင့်အရေးပဋိညာဉ်ထဲတွင် ဒေသ ဆိုင်ရာ ”အထူးအကြောင်းအချက်”များကို ထည့်သွင်းစဉ်းစား ရမည်ဟု ပါရှိသည့်အတွက် ယင်းအချက်မှာလည်း ထောက်ပြစရာ အားနည်းချက်တစ်ခုဖြစ်နေသည်ဟုဆိုပါသည်။

            အထွေထွေမူ အပိုဒ် (၂) တွင် ”မည်သူ့ကိုမှ လူမျိုး၊ လိင်၊ အသက်၊ ဘာသာစကား၊ ဘာသာရေး၊ နိုင်ငံရေးနှင့် တခြားအယူ အဆများ၊ လူမျိုးနှင့် လူမှုဇာစ်မြစ်၊ စီးပွားရေးအခြေအနေ၊ မွေးဖွားမှု၊ မသန်စွမ်းမှုနှင့် တခြားအချက်တွေအပေါ် ခွဲခြားခြင်း မရှိဘဲ အခွင့်အရေးနှင့် လွတ်လပ်ခွင့်ကို တန်းတူခံစားခွင့်ရှိ သည်”ဟူသည့် အချက်မှာပင် ထောက်ပြစရာရှိနေသည်ဟု ဦးအောင်မျိုးမင်းက ဆိုပါသည်။

            ”ဒီလိုဖော်ပြချက်တွေထဲမှာ မူရင်းဌာနေတိုင်းရင်းသား (Indigenous persons) တွေ၊ လိင်တူချင်းချစ်သူတွေကို တိတိ ကျကျထည့်သွင်းထားတာမရှိပါဘူး။ အာဆီယံဒေသအတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အများအပြား ခံစားနေ ရတဲ့အထဲမှာ ဒီအုပ်စုနှစ်စုကလည်း ဆိုးဆိုးဝါးဝါး ပါဝင်နေတာကို တွေ့ရမှာပါ”ဟု ဦးအောင်မျိုးမင်းက ဆိုသည်။

            ”အခုလိုမျိုး ကာကွယ်ပေးဖို့လိုအပ်တဲ့သူတွေကို တိတိကျကျ ဖော်ညွှန်းဖို့ ချန်လှပ်ခံရတာ မဖြစ်သင့်တဲ့အချက်ပါပဲ”

            ပဋိညာဉ်တွင် ပါရှိသည့် အထွေထွေမူအချို့ကို ကြည့်မည်ဆို လျှင်လည်း လူ့အခွင့်အရေး ရပိုင်ခွင့်တွေကို အစိုးရတွေက ၎င်းတို့သဘောကျ ကန့်သတ်ချုပ်ချယ်ခွင့်ပေးထားသည်ကို တွေ့ရမည်ဖြစ်ကြောင်း ဦးအောင်မျိုးမင်းကဆိုသည်။

            အထွေထွေမူ (၇) နှင့် ပတ်သက်၍လည်း ဝေဖန်စရာများ ရှိနေပြန်သည်။

            ဒေသဆိုင်ရာနှင့် နိုင်ငံအလိုက် နိုင်ငံရေး၊ စီးပွားရေး၊ တရားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ သမိုင်းကြောင်း နောက်ခံနှင့် ဘာသာရေးရာထူးခြားချက်များကို ထည့်သွင်းစဉ်းစားပြီး လူ့ အခွင့် အရေးခံစားမှုများကို လုပ်ဆောင်ပေးရမည်ဟု ယင်း အထွေထွေမူ (၇) တွင် ဖော်ပြပါရှိသည်။

            ”အာဆီယံယဉ်ကျေးမှုအရ၊ အစ္စလာမ်ဘာသာရေးအရ၊ မြန်မာ့ရေမြေသဘာဝ ယဉ်ကျေးမှုအရဆိုတဲ့ အကြောင်းပြချက် တွေ မရှိသင့်ပါဘူး။ ဒီလိုမျိုးပြောထားတာကြောင့် (အာဆီယံ လူ့အခွင့်အရေးပဋိညာဉ်ဟာ) နိုင်ငံတကာစံချိန်စံညွှန်းထက် တစ်ဆင့်နိမ့်တဲ့ အဓိပ္ပာယ်သတ်မှတ်ချက် ဖြစ်သွားစေပါတယ်” ဟု ဦးအောင်မျိုးမင်းကဆိုသည်။

            ထို့ပြင် ပဋိညာဉ်ထဲတွင် သတင်းလွတ်လပ်ခွင့်နှင့် သတင်း များကို လွတ်လွတ်လပ်လပ်ရရှိခွင့်ဟူသည့် အရေးကြီးသည့် အချက်များ ထည့်သွင်းထားသည်ကို မတွေ့ရကြောင်းလည်း  ဦးအောင် မျိုးမင်းကပြောသည်။

            ”ဒါကိုကြည့်မယ်ဆိုရင် အာဆီယံအစိုးရတွေအနေနဲ့ တချို့ အခြေခံလူ့အခွင့်အရေးတွေကိုတောင် လက်ခံဖို့တွန့်ဆုတ်နေ တာ တွေ့နိုင်ပါတယ်”ဟု ၎င်းကဆိုသည်။

            စင်ပြိုင်အာဆီယံနှင့် လူ့အခွင့်အရေးမြှင့်တင်ရေး (မြန်မာ နိုင်ငံ)အပါအဝင် လူ့အခွင့်အရေးစောင့်ကြည့်သည့် အဖွဲ့ပေါင်း ၅၈ ဖွဲ့တို့က ပူးတွဲထုတ်ပြန်သော ကြေညာချက်တစ်စောင်ကတော့ ”အာဆီယံလူ့အခွင့်အရေး ပဋိညာဉ်စာတမ်းသည် လူ့အခွင့် အရေး အရေခြုံထားသည့် အစိုးရအာဏာပဋိညာဉ်စာချူပ်ဖြစ်သည်”ဟု ဝေဖန်လိုက်သည်။

            အာဆီယံအဖွဲ့ဝင်အစိုးရများသည် ၎င်းတို့၏ အုပ်ချုပ်ခံ လူထုအား ဥရောပ၊ အာဖရိက၊ အမေရိကဒေသများမှ လူသား များနှင့်တန်းတူ လူ့အခွင့်အရေးကို မခံစားထိုက်ဟု သွယ်ဝိုက် ညွှန်းဆိုသော ပဋိညာဉ်ကို ရေးဆွဲထုတ်ပြန်ကြေညာခဲ့ခြင်းမှာ မနှစ်မြို့ ဖွယ်ရာဖြစ်ကြောင်းလည်း အဆိုပါပူးတွဲကြေညာချက်က ရှုတ်ချခဲ့သည်။

            ”ကမ္ဘာပေါ်တွင် ရရှိခံစားနေကြရသည့် လူ့အခွင့်အရေး အကာအကွယ်ပေးမှုများထက် တစ်ဆင့်နိမ့်သော အာဆီယံလူ့ အခွင့်အရေးပဋိညာဉ်ကို အာဆီယံလူထုအနေနှင့်လည်း လက် မခံသင့်”ဟု ပူးတွဲကြေညာစာတမ်းကဆိုသည်။

            ဒေသတွင်း လူ့အခွင့်အရေးအဖွဲ့အစည်းများ ဝေဖန်ကြ သည့်အထဲတွင် အာဆီယံလူ့အခွင့်အရေးပဋိညာဉ်ကို စတင်ရေး ဆွဲကတည်းက ပွင့်လင်းမြင်သာမှုမရှိသည့်အချက်ပင်ဖြစ်သည်။

ပဋိညာဉ်စာတမ်းမူကြမ်းရေးဆွဲသည့်အချိန်တုန်းက လူထု အခြေပြု အဖွဲ့များ၏ အသံများ၊ တင်ပြမှုများကို အာဆီယံ လူ့အခွင့် အရေး ကော်မရှင်က ဘေးဖယ်ထားခဲ့သည်ဟုဆိုသည်။

            ”ဘယ်မူကြမ်း (သို့မဟုတ်) ဆွေးနွေးချက် အကျဉ်းချုပ် ကိုမှ အများသိအောင် မထုတ်ပြန်ခဲ့တာ ဝမ်း နည်းစရာ ကောင်းပါ တယ်။ ကော်မရှင်တချို့က သူတို့နိုင်ငံက လူထု အခြေပြုအဖွဲ့တွေနဲ့ တွေ့ဆုံတာလောက် လုပ်ခဲ့လို့သာ တချို့ အချက်တွေကို အတည်မပြုခင် ကျွန်တော်တို့သိရတာပါ” ဟု HREIB ညွှန်ကြားရေးမှူး ကဆိုသည်။

            အာဆီယံအနေဖြင့် ဒေသတွင်းနေ လူထုအတွက် အပြည် ပြည်ဆိုင်ရာလူ့အခွင့်အရေးမူများနှင့် တန်ဖိုးများကို မြှင့်တင် ကာကွယ်သည့်အဆင့်ရောက်ဖို့ဆိုလျှင် ၎င်းတို့၏ သဘော ထားနှင့် လုပ်ကိုင်ဆောင်ရွက်ပုံများကို အခြေခံကစပြီး ပြုပြင် ပြောင်းလဲ ရလိမ့်မည်ဖြစ်ကြောင်း လန်ဒန်အခြေစိုက် နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Christian Solidarity Worldwide(CSW) ၏ အရှေ့အာရှခေါင်းဆောင် ဘင်နီဒစ်ရိုဂျာစ်က ဆိုသည်။အာဆီယံထိပ်သီးဆွေးနွေးပွဲကို အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံ များအားလုံးတွင် လူ့အခွင့်အရေးချိုးဖောက်မှုများမှာ နှစ်ပေါင်း များစွာ အမြစ်တွယ်လျက်ရှိပြီး ယနေ့အချိန်အထိလည်း ဆက်လက် ချိုးဖောက်မှုများကို တွေ့မြင်နေရကြောင်း လူ့အခွင့်အရေး စောင့်ကြည့်သူများက ဆိုသည်။

            အင်ဒိုနီးရှားကဲ့သို့ ဒေသတွင်း အပွင့်လင်းဆုံး၊ ဒီမိုကရက် တစ်အကျဆုံး နိုင်ငံများတွင်တောင်မှ လူ့အခွင့်အရေး ချိုးဖောက် မှုတို့မှာ ရှိနေဆဲဖြစ်သည်ဟု ဘင်နီဒစ်ရိုဂျာစ်က ဆိုသည်။

            အထူးသဖြင့် လွတ်လပ်စွာကိုးကွယ်၊ ယုံကြည်ခွင့်နှင့် ပတ်သက်လျင် ချိုးဖောက်မှုများရှိနေသလို အနောက်ပါပူယာ (West Papua) တွင်လည်း လူ့အခွင့်အရေးချိုးဖောက်မှုများရှိ နေသည်ဟု ဆိုသည်။

            ကွန်မြူနစ်နိုင်ငံများဖြစ်သော ဗီယက်နမ်၊ လာအိုနှင့် ပြောင်းလဲမှုစတင်နေပြီဆိုသော်လည်း အာဏာရှင် အုပ်စိုးမှု အောက် ရှိနေဆဲဖြစ်သည့် မြန်မာနိုင်ငံလို နိုင်ငံမျိုးတွင်လည်း လူ့ အခွင့်အရေးချိုးဖောက်မှုများမှာ တော်တော်ကို စိုးရိမ်နေရသည့် အနေအထားဖြစ်ကြောင်း ရိုဂျာစ်က မော်ကွန်းကို ပြောသည်။

            ”တိုင်းရင်းသားလူနည်းစုနဲ့ ဘာသာရေးအရ လူနည်းစု တွေအပေါ်မှာ ဖိစီးနှိပ်စက်နေတာတွေက အဓိကစိုးရိမ်ရတဲ့ အချက်ပဲ ။ မလေးရှားမှာဆိုရင်လည်း အခြေခံလွတ်လပ်ခွင့်တွေကို ထိန်းချုပ်နေတာတွေဟာ စိုးရိမ်စရာပဲ” ဟု CSW ၏ အရှေ့အာရှ ခေါင်းဆောင် ရိုဂျာစ်က ဆိုသည်။

            လူ့အခွင့်အရေးဟူသည်မှာ ဘယ်နေရာမှာပဲဖြစ်ဖြစ် လူမျိုး၊ လိင်၊ ကိုးကွယ်ရာဘာသာ မခွဲခြားဘဲ လူသားတိုင်း ညီတူညီမျှ အခွင့်အရေး ရသင့်ပါလျက် တခြားဒေသများတွင် ရရှိခံစားနေရသော လူ့အခွင့်အရေးထက် တစ်ဆင့်နှိမ့်ပြီး အရှေ့ တောင် အာရှဒေသတွင်းရှိ လူသားများအား ခံစားခိုင်းခြင်းမှာ လုံးဝမဖြစ်သင့်သည့် အချက်ဖြစ်ကြောင်းလည်း လေ့လာစောင့် ကြည့်သူများက ဝေဖန်ကြသည်။

            ”လူ့အခွင့်အရေးနယ်ပယ်မှာ ‘အာရှတန်ဖိုး’ဆိုတဲ့ အိုက်ဒီ ယာဟာ အာရှသားတွေကို စော်ကားတာပဲ”ဟု ရိုစ်ဂျာက ဆိုသည်။

            လေးစားတန်ဖိုးထားရမည့်၊ ထိန်းလည်းထိန်းသိမ်းရမည့် အာရှယဉ်ကျေးမှုတန်ဖိုးများရှိသည်မှန်သော်လည်း လူ့အခွင့် အရေးနှင့်ပတ်သက်လျှင် ‘အပြည်ပြည်ဆိုင်ရာတန်ဖိုး’သာရှိ သည်ဟု ရိုဂျာစ်က ဆိုသည်။

            မည်သူမှ ၎င်းတို့၏ နိုင်ငံရေး၊ ဘာသာရေးယုံကြည်မှုများ ကြောင့် ၎င်းတို့၏ အခွင့်အရေးများကို ချိုးဖောက်မခံထိုက်ဟု လည်း ရိုဂျာစ်က ထောက်ပြသည်။

            တစ်ဖက်တွင်လည်း အာဆီယံအစိုးရများအနေဖြင့် ပဋိညာဉ် စာတမ်းကို လက် မှတ်ထိုးခဲ့ကြသော်လည်း မည်မျှအထိ လိုက်နာကြမည်နည်း ဆိုသည်မှာ ”လွန်စွာမှ သံသယဖြစ်ဖွယ် ရာရှိကြောင်း” လူ့အခွင့် အရေး စောင့်ကြည့်သူများက ဆိုသည်။

            ASEAN Grassroots People’s Assembly မှ စည်းရုံးရေးမှူး မစ္စတာ မိုရာဆာကလည်း အာဆီယံနိုင်ငံများ အနေဖြင့် ၎င်းတို့ချမှတ်ထားသည့် လူ့အခွင့်အရေးစံနှုန်းများကို လိုက်နာကောင်းမှ လိုက်နာလိမ့်မည်ဟု သံသယဖြစ်နေသည်။

            ”(အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ) အချိန်တိုအတွင်း အကျင့်ဟောင်းကို စွန့်လွှတ်ကြဖို့ကတော့ အင်မတန် ခက်ခဲကြပါ လိမ့် မယ်”ဟု ကမ္ဘောဒီယားနိုင်ငံ၊ ဖနွမ်းပင်မြို့တော်တွင်  ၎င်းက မော်ကွန်းသို့ပြောသည်။

            ”ဒီဒေသမှာရှိတဲ့ လူတွေ လူ့အခွင့်အရေးအပြည့်အဝခံစား ကြရဖို့နဲ့ အစိုးရတွေအနေနဲ့လည်း လူ့အခွင့်အရေးကို လေးစား လိုက်နာကြဖို့ ကျွန်တော်တို့ (လူမှုအခြေပြုနှင့် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့)တွေအနေနဲ့ အာဆီယံကို ဆက်လက် တိုက်တွန်းသွားကြမှာပါ”ဟု ကမ္ဘောဒီးယားနိုင်ငံသား မိုရာ ဆာက ဆိုသည်။

            သို့ဖြင့် အာဆီယံအဖွဲ့ဝင်အစိုးရများကရေးဆွဲထားသည့် လူ့အခွင့်အရေးပဋိညာဉ်တွင် အားနည်းမှု များစွာရှိနေသည့် အတွက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့များအနေနှင့် နိုင်ငံ တကာစံချိန်စံညွှန်း တွေနှင့်အညီဖြစ်မည့် ”အာဆီယံလူထု အခွင့်အရေးကြေညာစာတမ်း ASEAN People’s Human Rights Declaration”ကို စင်ပြိုင်ထုတ်ပြန်ဖို့ရှိသည်ဟု ဆိုသည်။

အာဆီယံသည် အာဆီယံ

            အရှေ့တောင်အာရှအရေး လေ့လာသူအချို့ကမူ  ယခုလူ့ အခွင့်အရေးကြေညာစာတမ်းသည် ပြည့်စုံကောင်းမွန်သည့် အနေအထားမဟုတ်သည့်တိုင် တဖြည်းဖြည်းတိုးတက်လာနိုင် စရာရှိသည်ဟု မျှော်လင့်ထားကြသည်။

            ”ဒီအဆင့်ရောက်အောင်တောင် အာဆီယံနိုင်ငံတွေ မနည်းကြိုးစားခဲ့ကြရပါတယ်။ နောက်တစ်ဆင့်ပြီး တစ်ဆင့် တိုးတက်ကောင်းမွန်သွားအောင် ပြင်ဆင်တာတွေ၊ ဖြည့်စွက်တာ တွေဆိုတာက လုပ်လို့ရပါတယ်” ဟု အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူ၊ The Nation (ထိုင်း) သတင်းစာ လက်ထောက် အယ်ဒီတာဟောင်း ကဝီချောင်ကစ်ဒါဗွန်က မော်ကွန်းသို့ ပြောသည်။

            ”အာဆီယံက အာဆီယံပဲ။ နိုင်ငံတကာစံနှုန်းနဲ့ နှိုင်းလို့ မရတာတွေ အများကြီးရှိတယ်။ ဒီအချက်ကို ကျွန်တော်တို့ နားလည်ပေးဖို့လိုတယ်”ဟု ၎င်းကဆိုသည်။

            နောက်ထပ် အရှေ့တောင်အာရှရေးရာကျွမ်းကျင်သူ သတင်းစာဆရာ ဘာတီးလ်လင့်တ်နာကလည်း အာဆီယံ လူ့အခွင့်အရေး ပဋိညာဉ်သည် ပြီးပြည့်စုံမှုမရှိသေးသည့်တိုင် တိုးတက်လာနိုင်စရာရှိသည်ဟု ၎င်းက ယူဆသည်။

            ”(အရှေ့တောင်အာရှနိုင်ငံများအဖို့) လူ့အခွင့်အရေးပဋိညာဉ်စာချုပ်ရှိနေတာဟာ လုံးဝမရှိတာနှင့်စာရင်တော့ ကောင်းပါတယ်” ဟု ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ ၌ အခြေစိုက်သည့် ၎င်းက ဆိုသည်။

            အာဆီယံအထွေထွေအတွင်းရေးမှူး ဒေါက်တာဆူရင်ပစ် ဆာဝင်ကလည်း အာဆီယံလူ့အခွင့်အရေး ကြေညာချက်သည် အားလုံးမျှော်လင့်ထားကြသည့် အခြေအနေမျိုးမဟုတ်သေး သော်လည်း ဒေသတွင်း လူ့အခွင့်အရေးတိုးတက် ကောင်းမွန်လာ အောင် တစ်ဆင့်ချင်း လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ကြောင်း Southeast Asia Globe  နှင့် အင်တာဗျူးတွင် ပြောကြားသွား ခဲ့သည်။

            ”(အာဆီယံဟာ) မတူကွဲပြားမှုတွေ တော်တော်ရှိတဲ့ ဒေသဆိုတဲ့အချက်ကို ကျွန်တော်တို့ လက်ခံရမှာပါ။ အရာရာကို တစ်ချီတည်းနဲ့ ကျွန်တော်တို့မရနိုင်ပါဘူး”ဟု ၎င်းက ပြောကြား သွားခဲ့ပါသည်။

စိန်ခေါ်မှုများစွာ

            လူ့အခွင့်အရေးစောင့်ကြည့်သည့်အဖွဲ့များ နောက်ထပ် စိုးရိမ်ကြသည့်အချက်မှာ အာဆီယံလူ့အခွင့်အရေး ကော်မရှင် နှင့် ပတ်သက်နေသည်။

            အာဆီယံလူ့အခွင့်အရေးကော်မရှင်၏ အဓိက အားနည်း ချက်များထဲတွင် တိုင်ကြားမှုများကို လက်မခံနိုင်မှု၊ဆိုးဆိုးဝါးဝါးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးခွင့်မရှိမှုတို့ ပါဝင်သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်သည့်အဖွဲ့ အစည်းများက ဆို သည်။

            များမကြာမီ ကာလတွင် ကော်မရှင်အဖွဲ့ဝင်များ၏ သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ပြီးသက်ဆိုင်ရာ အစိုးရတွေအနေနှင့် အဖွဲ့ဝင်သစ် ရွေးချယ်ပေးရတော့မည်ဖြစ်သည်။

            ”ဒီလိုရွေးချယ်တဲ့လုပ်ငန်းစဉ်မှာလည်း ဘယ်လိုလုပ်ထုံး လုပ်နည်းတွေနဲ့ ဘယ်လိုလူမျိုးတွေကိုရွေးချယ်ရမလဲဆိုတာ တိတိကျကျသတ်မှတ်မထားပြန်ဘူး”ဟု ဦးအောင်မျိုးမင်းက ဆိုသည်။

            ”ဒါကြောင့် လူမှန်နေရာမှန်မဖြစ်ဘဲ အစိုးရက သဘော ကျပြီး လူထုအသံကို နားမထောင် တတ်တဲ့ ကိုယ်စားလှယ်တွေ၊ ကိုယ့်တိုင်းပြည်က ဒီကော်မရှင်မှာ ဘယ်သူက ကိုယ်စားလှယ်အဖြစ်ပါဝင်နေလဲဆိုတာတောင် လူထုကမသိတဲ့ ကိုယ်စားလှယ် တွေ ဆက်ပါဝင်လာနိုင်တာကလည်း စိန်ခေါ်မှုတစ်ရပ်ပါ။”

            အကယ်၍သာ အာဆီယံလူ့အခွင့်အရေးပဋိညာဉ်သည် အာဆီယံလူ့အခွင့်အရေးကော်မရှင်၏ အခြေခံအုတ်မြစ်ဖြစ်မည် ဆိုပါက တော်တော်ဆိုးမည့် နိမိတ်ဟု စင်ပြိုင် အာဆီယံမှ စတူးဟတ်က ဝေဖန်သည်။

            ”သူတို့တစ်တွေဟာ အလုပ်ဖြစ်ကြမှာမဟုတ်ဘူးဆိုတာ ဗေဒင်သွားမေးစရာ မလိုဘူး”ဟု စတူးဟတ်က ဆိုသည်။

”ရှင်းပါတယ် – အာဆီယံလူ့အခွင့်အရေးပဋိညာဉ်က သူတို့ရဲ့ အလုပ်တွေကို ထိန်းချုပ်ကန့်သတ်ပစ်ပါလိမ့်မယ်” ။    ။

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."