စစ်တွေ – ၂၀၂၃ ဇူလိုင် ၅ (မော်ကွန်း)
အခုလ ၁ ရက်က ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP မှ ဒုဥက္ကဌ ခိုင်နီရောင်အပါအဝင် တပ်ဖွဲ့ဝင်အရာရှိသုံးဦးပစ်ခတ်ခံရပြီးနောက် စစ်တွေမြို့အဝင်အထွက်တွေမှာ လုံခြုံရေးပိုမိုတင်းကျပ်လာနေတယ်လို့ မုန်တိုင်းသင့်ရခိုင်ပြည်သူတွေကို အကူအညီပေးနေတဲ့ ဒေသအခြေစိုက်အရပ်ဖက်အဖွဲ့အစည်းတွေကပြောပါတယ်။
ဝံလတ်ဖောင်ဒေးရှင်းတာဝန်ရှိသူ ဦးခိုင်ကောင်းစံက”ဒီရက်ပိုင်းလမ်းမှာစစ်ဆေးမှုတွေများတယ်။ အဲဒါကတော့ စစ်တွေတက္ကသိုလ်ပစ်ခတ်မှုကြောင့်ပါ။ စစ်တွေအထွက်ဂိတ်မှာ လူငယ်တွေ၊ ဆိုက်ကယ်တွေ၊ ကားတွေကို ရှာဖွေစစ်ဆေးမေးမြန်းတာတွေလုပ်နေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပစ်ခတ်မှုပြီးတော့ပိုပြီးလုံခြုံရေးတင်းကျပ်လာတဲ့သဘောပါ” လို့ ပြောပါတယ်။
အခုလိုလုံခြုံရေးပိုမိုတင်းကျပ်လာတာကြောင့် အကူအညီပေးရေးလုပ်ငန်းတွေမှာ ကြန့်ကြာမှုတွေရှိနေတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေကပြောပါတယ်။
ပေါက်တောမြို့နယ်မှာကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးကလည်း “စစ်တွေက ကူညီကယ်ဆယ်ရေးလုပ်နေတဲ့အသိတစ်ယောက်နဲ့ အဆက်အသွယ်ရတယ်၊ စစ်ကောင်စီက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို အစကပြန်ခွင့်ပြုပေးတယ်၊ အခုတော့သွားလို့မရဘူး” လို့ပြောပါတယ်။
ALP အရာရှိတွေပစ်ခတ်ခံရမှုနဲ့ပတ်သတ်ပြီး ALP က ရက္ခိုင့်တပ်တော် AA ကိုစွပ်စွဲထားပြီး AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကတော့ ရက္ခိုင့်တပ်တော်ရဲလက်ချက်မဟုတ်ကြောင်း ဒေသအခြေစိုက်သတင်းဌာနတွေကို ဖြေကြားထားပါတယ်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ရဲ့ ဒုဥက္ကဌ ခိုင်နီရောင်အပါအဝင် အရာရှိတပ်ဖွဲ့ဝင်သုံးဦးဟာ စစ်တွေတက္ကသိုလ်ကျောင်းရှေ့မှာ ပစ်ခတ်ခံရပြီးသေဆုံးသွားခဲ့တယ်လို့ ဇူလိုင် ၂ ရက် မှာ ALP က ထုတ်ပြန်ပါတယ်။
ALP ဥက္ကဌ ဒေါ်စောမြရာဇာလင်းဟာစစ်ကောင်စီကကျင်းပတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေတက်ရောက်လေ့ရှိပြီး စစ်ကောင်စီက ALP ကို နယ်ခြားစောင့်တပ် BGF အဖြစ်ထားရှိဖို့သတင်းတွေထွက်ပေါ်နေပါတယ်။
စစ်ကောင်စီကလုံခြုံရေးပိုမိုတင်းကြပ်လာတဲ့အပြင် ALP နဲ့ AA တို့နှစ်ဖွဲ့အကြားတင်းမာမှုတွေကြောင့် မိုခါမုန်တိုင်းဒဏ်သင့်ရခိုင်ပြည်သူတွေဟာ စစ်ရေးပိုမိုတင်းမာလာကြမှာကိုစိုးရိမ်နေကြတယ်လို့ဆိုပါတယ်။
စစ်ကောင်စီဟာ ဇွန် ၈ ရက်ကတည်းက ရခိုင်ပြည်နယ်အတွင်း ခရီးသွားလာခွင့်ရပ်ဆိုင်းလိုက်တာပါ။ ဒေသအခြေစိုက်အရပ်ဖက်အဖွဲ့အစည်းတစ်ချို့ကို ပြန်လည်ခွင့်ပြုပေးခဲ့ပေမယ့် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းတွေကိုတော့သွားရေးလားရေးကန့်သတ်ထားဆဲလို့သိရပါတယ်။
စစ်ကောင်စီက ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ပလက်ဝကို လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့ရေးလုပ်ငန်းတွေကို ပိတ်ပင်တားမြစ်လိုက်တာဟာ စစ်ရာဇဝတ်မှုကျူးလွန်နေတာလို့ ကုလသမဂ္ဂလူအခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးက ဇွန် ၃၀ ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာဖော်ပြပါတယ်။
မိုခါမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်ရဲ့လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်ဟာ အရေးပေါ်အမိုးအကာ နဲ့စားနပ်ရိက္ခာလိုအပ်နေတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA ကထုတ်ပြန်ထားပါတယ်။
ပုံစာ- မုန်တိုင်းသင့်ရခိုင်ပြည်သူတွေကို WFP က အစားအစာအထောက်အပံ့ပေးအပ်သည့်မြင်ကွင်း
Photo – WFP
#Dailynews

