ကနီ – ၂၀၂၂ မေ ၂၅ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကနီမြို့၊အထက်ကင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ မွန်းလွဲ ၁:၀၀ ဝန်းကျင်မှာ စတင်မီးရှို့နေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“လွန်ခဲ့တဲ့နာရီဝက်လောက်ကတည်းကရှို့နေတာ၊ ဝင်ဝင်ပြီးချင်းစရှို့တာပဲ၊မီးလောင်နေတာလဲနာရီဝက်လောက်ရှိပြီခုထိလောင်နေတုံးပဲ၊မီးခိုးတွေမြင်နေရတယ်၊ရွာထဲမှာစောင့်ပြီးမီးရှို့နေတာဆိုတော့ ရွာထဲဝင်မီးငြိမ်းလို့မရဘူး”လို့ ဒေသခံကဆိုပါတယ်။
အာဏာသိမ်းစစ်တပ်က ချင်းတွင်းမြစ်တလျှောက်စုန်ဆင်းလာခဲ့တာကြောင့် အထက်ကင်းကျေးရွာကရွာသားအားလုံး ကမေလ၂၂ရက်နေ့ကတည်းက ထွက်ပြေးတိမ်းရှောင်နေခဲ့တယ်လို့ သတင်းရင်းမြစ်ကဆိုပါတယ်။
အထက်ကင်းကျေးရွာကိုဝင်လာတဲ့ အာဏာသိမ်းစစ်တပ် အင်အား ရာဂဏန်းရှိနိုင်ပြီး အတိအကျမသိရသေးဘူးလို့ဆိုပါတယ်။
“မြစ်တလျှောက်ဆင်းလာတယ်လို့ပြောလို့ရတယ်၊သူတို့ကကလေးဝမှာလည်း အကြာကြီးနေသွားသေးတယ်၊အဲ့ဒီကနေဆင်းလာပြီးတော့လက်ချိပ်၊နှင်းကြီးတို့ အဲ့ဘက်ကမင်းကင်းမြို့နယ်အထက်ပိုင်းတွေကို ရှို့ခဲ့ပြီးတော့၊တောင်ဖြူမှာ၃ရက်ကြာ တယ်၊ဒိီနေ့ဆင်းခဲ့ပြီးတော့အထက်ကင်းကျေးရွာကိုစရှို့တာ”လို့ သတင်းရင်းမြစ်ကပြောပါတယ်။
အထက်ကင်းကျေးရွာနဲ့ကင်းရွာတွေကို မကြာခဏစစ်ကြောင်းထိုးခဲ့ပေမယ့် အခုအချိန်မှာမှ ပထဆုံးမီးရှို့တာလို့ဆိုပါတယ်။
ကနီမြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းထဲက မြို့နယ်အများစုဟာ အင်တာနက်ဖြတ်တောက်ခံထားရတာကြောင့် သတင်းအချက်အလက်တွေပေးပို့ဖို့ ဒေသခံတွေ အခက်အခဲရှိနေပါတယ်။
#Dailynews

