ရန်ကုန် – ၂၀၂၃ နိုဝင်ဘာ ၂၂ (မော်ကွန်း)
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ပေါ်ကို ဒီနေ့မနက် ၉:၀၀ နာရီခန့်က လက်နက်ကြီးကျည်ကျရောက်ခဲ့ပြီး စစ်ဘေးရှောင်တွေကိုတင်ဆောင်လာတဲ့ကားတစ်စီး ထိမှန်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ လောက်ကိုင်မြို့ ဒေသခံတွေက ပြောပါတယ်။
လောက်ကိုင်မြို့ပေါ် ရောက်ရှိနေတဲ့ ရွှေ့ပြောင်းလုပ်သားတစ်ဦးကတော့ “လက်နက်ကြီးကျပြီးတော့ ခုအချိန်ထိဆက်ပစ်နေတော့ ကျွန်တော်တို့လည်း အပြင်မထွက်ရဲကြဘူး။ တိုက်ပွဲအခြေအနေကိုတော့ အသေးစိတ်မသိပါဘူး” လို့ ဒီနေ့လယ်ပိုင်းမှာ မော်ကွန်းကို ပြောပါတယ်။
အဲ့ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ ကိုးကန့် လက်နက်ကိုင်အဖွဲ့ (MNDAA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းကတော့ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးဖြစ်တယ်လို့ သတင်းမီဒီယာအချို့ကို ပြောထားပြီး ဘယ်လောက်ထိခိုက်သွားတယ်ဆိုတာတော့ အတည်မပြုနိုင်သေးပါဘူး။
လောက်ကိုင်မြို့ပေါ်မှာ မနေ့ကတည်းက လျှပ်စစ်မီးတွေပြတ်တောက်နေသလို တယ်လီဖုန်းလိုင်းတွေကိုလည်း ဖြတ်ထားတယ်လို့ လောက်ကိုင်ဒေသခံတွေက ပြောပါတယ်။
“ ကျွန်တော်တို့တော့ တရုတ်ဖုန်းကိုင်တယ်။ အင်တာနက်ကတော့ ဝိုင်ဖိုင်လိုင်းတွေတော့ ရသေးတယ်။ အခုက အလုပ်သမားတွေက ကြောက်နေကြတယ်။ အားလုံးအိမ်ပြန်ချင်နေကြပြီ” လို့ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်တဲ့ ကိုဖြိုးက ပြောပါတယ်။
မြို့တွင်းရောက်ရှိနေတဲ့ အလုပ်သမားတွေဟာ လောက်ကိုင်ကို ဝင်တိုက်မယ့် စစ်ရေးသတင်းတွေကြောင့် နေရပ်ပြန်လိုကြပေမယ့် လမ်းကြောင်းတွေပိတ်နေဆဲဖြစ်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားတွေက ပြောပါတယ်။
“အချို့လည်း အရဲစွန့်ပြီး လူစုပြီး ပြန်နေကြတာတော့ ရှိတယ်။ ဒါပေမယ့် လမ်းက အခုရက်ပိုင်းက လုံးဝစိတ်ချရတဲ့ အခြေအနေမှာမရှိဘူး။ လမ်းကမဖွင့်ပေးသေးပါဘူးဗျ” လို့ လားရှိုးနဲ့ တန့်ယန်းမြို့ကို ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်မောင်းတစ်ဦးက ပြောပါတယ်
လောက်ကိုင်မြို့မှာ အခုလို အဝင်အထွက်လမ်းကြောင်းတွေ ပိတ်နေတာကြောင့် ကုန်စည်စီးဆင်းမှုရပ်နေကာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဟာလည်း မြင့်တက်နေတာပါ။
“အခုက စက်သုံးဆီတောင် တစ်လီတာကို ယွမ် ၁၀၀ ကျော်လောက်ဖြစ်သွားတယ်။ အလုပ်သမားတွေက ပြန်စရာမရှိတော့ ကားလမ်းဘေးတွေမှာ တဲထိုးနေကြသူတွေလည်းရှိတယ်။ အားလုံးက လမ်းကြောင်းပွင့်တာနဲ့ ပြန်ဖို့စောင့်နေကြတာ။ မြို့ပေါ်မှာလည်း အလုပ်တွေလည်း အကုန်ပိတ်သွားတာတစ်ပတ်လောက်ရှိနေပြီ” လို့ လောက်ကိုင်မြို့တွင်းမှာ ပိတ်မိနေသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
ရှမ်းမြောက်ဒေသမှာ ၁၀၂၇ စစ်ဆင်ရေးကို ဆင်နွှဲနေတဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်ဖြစ်တဲ့ MNDAA အဖွဲ့ကတော့ လောက်ကိုင်မြို့ကို ဝန်းရံပိတ်ဆို့ထားပြီး သင့်တော်တဲ့အချိန်မှာ သိမ်းယူသွားမယ်ဆိုတဲ့ သတိပေးကြေညာချက်တစ်စောင်ကို သူတို့ရဲ့သတင်းထုတ်ပြန်ရေးစာမျက်နှာ The Kokang မှာ မနေ့ကထုတ်ပြန်ထားပါတယ်။
MNDAA အဖွဲ့ဟာ ယခုလ ၁၉ ရက်က လောက်ကိုင်မြို့အနီးက တာကျူချင့်ရွာအနောက်ဘက် တောင်ကုန်းက စစ်ကောင်စီစခန်းနဲ့ တာရွှေထန်ကျေးရွာအနီး အခြေစိုက်နေတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လောက်ကိုင်မြို့ရဲ့ ပတ်ပတ်လည်ကို ဝန်းရံပိတ်ဆို့ထားတယ်လို့ ထုတ်ပြန်ထားတာပါ။
မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တွေဟာ အောက်တိုဘာလ ၂၇ ရက်က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ရှမ်းမြောက်ဒေသက တပ်စခန်းပေါင်း ၁၅၀ ခန့်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကာ တရုတ်နယ်စပ်ဒေသက ချင်းရွှေဟော်၊ ကွမ်းလုံ၊ မုံကိုး၊ ကြူကုတ်(ပန်ဆိုင်း) နဲ့ နမ့်ခမ်းမြို့တွေကို သိမ်းပိုက်ကာ ထိန်းချုပ်ထားပါတယ်။
ပုံစာ – ကိုးကန့်ဒေသက MNDAA သိမ်းပိုက်ထားတဲ့ စစ်ကောင်စီတပ်စခန်းကုန်းတစ်ခု
ဓာတ်ပုံ – The Kokang

