အွန်လိုင်းပေါ် ပျောက်ဆုံးနေသော ကျပ်သန်းပေါင်းခြောက်ထောင်ကျော်

အောင်ပိုင်
ရန်ကုန် – အောက်တိုဘာ ၂၀၂၀ (မော်ကွန်း)

စာဖတ်သူတို့၏ လူမှုကွန်ရက်သုံးစွဲမှုကို အစိုးရက ငွေကျပ်သန်းပေါင်းထောင်ချီသုံးပြီး ဘေးထွက်ဆိုးကျိုးမဖြစ်အောင် စောင့်ကြည့် ထိန်းကျောင်းနေသည်ဆိုသော ပြောဆိုချက်ကိုယုံကြည်ပါသလား။

ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ပြည်သူပိုင်ငွေကြေးမြောက်များစွာကို အစိုးရက ထိုအတွက် ထုတ်ယူသုံးစွဲနေသည်မှာ နှစ်နှစ်ကျော် သုံးနှစ်နီးပါး ရှိနေပြီဖြစ်သည်။

အစိုးရက ကျပ်သန်းပေါင်းခြောက်ထောင်ကျော်သုံးပြီး ဖွဲ့စည်းထားသည့်အဖွဲ့ကို လူမှုကွန်ရက်စောင့်ကြည့်ထိန်း ကျောင်းရေးအဖွဲ (Social Media Monitoring Team – SMMT) ဟုခေါ်သည်။

ထိုအဖွဲ့၏ လုပ်ထုံးလုပ်နည်းများနှင့် ငွေသုံးစွဲမှုမှာ ပွင့်လင်းမြင်သာမှုအလွန်နည်းနေသည်ဟု ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်များအပါအဝင် ပြည်သူ့ဘဏ္ဍာငွေသုံးစွဲမှုများ ပွင့်လင်းမြင်သာရေးဆောင်ရွက်နေသည့် အရပ်ဘက်အဖွဲ့အစည်းများ၊ နည်းပညာအရေး လှုပ်ရှားသည့်အဖွဲ့၊ ဥပဒေသမားများနှင့် လူမှုကွန်ရက် စောင့်ကြည့်လေ့လာသူများက ဝေဖန်ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ မင်္ဂလာဒုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက “အစိုးရကို ဥပဒေနဲ့ပြန်ထိန်းထားရမှာလေ။ အစိုးရက စောင့်ကြည့်နေတယ်ဆိုတာ ဘယ်သူ့ကိုစောင့်ကြည့်နေတာလဲ။ နိုင်ငံဝန်ထမ်းတွေကိုလား၊ နိုင်ငံရေးသမားတွေကိုလား၊ အရပ်ဘက်အဖွဲ့အစည်းတွေကိုလား၊ ဘာကိုစောင့်ကြည့်နေတာလဲ။ ပွင့်လင်းမြင်သာမှုရှိဖို့လိုတယ်” ဟု ပြောသည်။

SMMT ဘယ်လိုဖြစ်တည်လာလဲ

SMMT ကို ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၆/၂၀၁၇) က သဘောတူခွင့်ပြုခဲ့ပြီး နိုင်ငံတော်သမ္မတရုံးက ၂၀၁၈ ဖေဖော်ရီတွင် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်ဟု ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးမှတ်တမ်းတွင် တွေ့ရသည်။

Facebook နှင့် အခြားဆိုရှယ်မီဒီယာများကို ဥပဒေနှင့်အညီ စောင့်ကြည့်ထိန်းကျောင်းမှုပြုလုပ်နိုင်ရေးအတွက် ထိုအဖွဲ့ကိုဖွဲ့စည်းခွင့်ပြုပါရန် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရအဖွဲ့သို့ ၂၀၁၇ သြဂုတ်ကတင်ပြခဲ့ရာမှ အစပြုခဲ့ခြင်းဖြစ်သည်။

ထိုတင်ပြမှုကို ထည့်သွင်းကိုးကား၍ ဂန့်ဂေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က လူမှုကွန်ရက်အလွဲသုံးမှုများရှိနေသောကြောင် စောင့်ကြည့်ထိန်းချုပ်ရန် အစိုးရကစီမံဆောင်ရွက်သင့်သည်ဟု ၂၀၁၇ အောက်တိုဘာ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် အဆိုတင်သွင်းခဲ့သည်။

ထိုစဉ်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှာ လက်ရှိသမ္မတ ဦးဝင်းမြင့်ဖြစ်ပြီး ထောက်ခံဆွေးနွေးသူမှာ လသာမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မို့မို့အောင်ဖြစ်သည်။

ယင်းအဆိုကိုအတည်ပြုခဲ့ပြီး နိုင်ငံတော်သမ္မတ၏အထူးရန်ပုံငွေ ကျပ်သန်းပေါင်းခြောက်ထောင်ကျော် (၆ ဒသမ ၄ ဘီလီယံ) ဖြင့် SMMT ကိုဖွဲ့စည်းခဲ့သည်ဟု ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒဿမပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောပြသည်။

လူမှုကွန်ရက်များမှတစ်ဆင့် တည်ဆဲဥပဒေများနှင့် ငြိစွန်းသည့်ကိစ္စရပ်များရှိလာပါက SMMT အဖွဲ့က စောင့်ကြည့် ဖော်ထုတ်၍ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းတို့က အရေးယူဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း သွားမည်ဟုလည်း ၎င်းကပြောသည်။

ထိုသို့ဆောင်ရွက်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံသားများ၏ မူလအခွင့်အရေးကို မထိခိုက်စေဘဲ အစိုးရ အဖွဲ့က လိုအပ်သလို ညွှန်ကြားဆောင်ရွက်နိုင်သောကြောင့် ဥပဒေနှင့်ညီသည်ဟုလည်း ဆိုသည်။

SMMT က ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းသည် နိုင်ငံတကာတွင် အဆင့်မြင့်အိုင်တီနည်းပညာများ အသုံးပြု၍ ဆောင်ရွက်လျက်ရှိကြသည့် Open Source Intelligence (OSI) ဖြစ်ပြီး Open Source ဟုခေါ်သည့် Facebook၊ Messenger၊ Twitter အစရှိသည်တို့ကို ဝင်ရောက်ကြည့်ရှုနိုင်သည်ဟု ဦးကျော်မျိုးကရှင်းပြသည်။

အမေရိကန်ပြည်ထောင်စုတွင် စက်တာဘာ ၁၁ (9/11) အကြမ်းဖက်တိုက်ခိုက်မှုနောက်ပိုင်းမှစတင်ပြီး အကြမ်းဖက်သမားများ၏ ချိတ်ဆက်ဆောင်ရွက်မှုများကိုထောက်လှမ်းရန် နိုင်ငံတကာအစိုးရအဖွဲ့အစည်းများက OSI ကို တွင်ကျယ်စွာအသုံးပြုလာကြသည်ဟု ၎င်းကဥပမာပေးသည်။

သို့သော် ထိုကိစ္စကို ပွင့်လင်းမြင်သာမှုအပြည့်အဝမထားနိုင်သည်မှာ ဥပဒေဘောင်ပြင်ပမှလူများ တုံ့ပြန်တိုက်ခိုက်လာမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်ဟု အကြောင်းပြသည်။

“နိုင်ငံတော်အတွက် အင်မတန်အရေးကြီးသည့် ကိစ္စရပ်ဖြစ်သည့်အတွက် နိုင်ငံတော်အကြီးအကဲများ၏ မူအရ ထိုက်သင့်သည့်အချိန်တွင် ထိုက်သင့်သည့်အတိုင်းအတာအထိ လွှတ်တော်ကိုအသိပေးသွားမည်” ဟုသာ ဒုတိယ ဝန်ကြီး ဦးကျော်မျိုးက ရှင်းလင်းပြောကြားခဲ့သည်။

သို့သော် မည်သည့်ဝန်ကြီးဌာနလက်အောက်မှာရှိပြီး မည်သူများဖြင့်ပါဝင်ဖွဲ့စည်းထားသည်ကို လုံးဝထည့်သွင်း ပြောကြားခဲ့ခြင်းမရှိပေ။

နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးကလည်း ထိုအဖွဲ့သည် “နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံတော် သမ္မတက မူချဆောင်ရွက်နေတာပါ” ဟု ၂၀၂၀ စက်တင်ဘာ ၄ ရက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသော်လည်း မည်သူဦးဆောင်ကိုင်တွယ်နေသည်ဟု တိတိပပမပြောပေ။

Open Source Intelligence အမှန်တကယ်သုံးနေပြီလား

ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (Myanmar Institute for Peace and Security – MIPS) ၏ အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက OSI သည် ထောက်လှမ်းရေးနည်းပညာများထဲမှ Data ကောက်ယူ နည်းစနစ်တစ်ခုဖြစ်ပြီး အကြမ်းဖက်မှုတားဆီးရေးအတွက်သုံးသည်ဟု ပြောသည်။

ထိုသို့လုပ်ဆောင်ရာတွင် ထောက်လှမ်းရေးလုပ်မည့်အဖွဲ့များသည် မူဝါဒချမှတ်သူများ၊ အုပ်ချုပ်ရေးယန္တရားများနှင့် သီးခြားကင်းလွတ်သည့်အေဂျင်စီများဖြစ်မှသာ လွတ်လပ်မည်ဟု ၎င်းကဆိုသည်။

“ ဒီမိုကရေစီစနစ်မှာ ထောက်လှမ်းရေးနဲ့ Policy Maker တွေဖြစ်တဲ့ သမ္မတရုံးတွေ၊ အုပ်ချုပ်ရေးလုပ်နေတဲ့ ဝန်ကြီးဌာနတွေနဲ့က သက်သက်စီဖြစ်ရမယ်၊ ရောလို့မရဘူး” ဟု ၎င်းက ပြောသည်။

သို့ရာတွင် ထောက်လှမ်းရေးသဘောသဘာဝအရ လုပ်ငန်းဆောင်တာများနှင့် ငွေသုံးစွဲမှုစာရင်းအသေးစိတ်ကို ချုပြ ရန်မဖြစ်နိုင်သော်လည်း ဖွဲ့စည်းတည်ဆောက်ပုံနှင့် ငွေမည်မျှသုံးစွဲသည်ကိုတော့ သိခွင့်ရှိသည်ဟု ၎င်းကရှင်းပြသည်။

ထို့ကြောင့် “ဘတ်ဂျက်တောင်းကတည်းက Public Debate ဖြစ်ရမယ်။ ဗမာပြည်မှာက ထောက်လှမ်းရေးအတွက် သီးသန့်ဘတ်ဂျတ်ဆိုတာ မရှိဘူးဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် လုံခြုံရေးနှင့်ပတ်သက်သည့် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ စသည့်ဝန်ကြီးဌာနများ၏ အသုံးစရိတ်များကို ဖော်ပြထားသော်လည်း ထောက်လှမ်းရေးယန္တရားအတွက် မည်မျှသုံးစွဲသည်ကိုတော့ ဖော်ပြထား ခြင်းမရှိပါ။

လူမှုကွန်ရက်စောင့်ကြည့်လေ့လာသူ ကိုမြတ်သူကတော့ အစိုးရကပြောသလို OSI နည်းပညာကို အမှန်တကယ် သုံးသည် မသုံးသည်ကို သံသယဖြစ်နေသည်။

“ဘာကြောင့်ဆိုတော့ Open Source တွေကို ထောက်လှမ်းဖို့က အဲ့လောက်ငွေပမာဏ အများကြီးလိုတာမှမဟုတ်ဘဲ။ တန်ရုံ tools တွေနဲ့လည်း ရနိုင်ပါတယ်။ တကယ်လုပ်နေတယ်ဆို Report ထွက်လာရမှာပေါ့” ဟု ၎င်းကပြောသည်။

ငွေတွေဘယ်ရောက်နေလဲ

SMMT ၏ သုံးစွဲငွေများသည် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်း လျာထားချက်တွင် မပါသော်လည်း အရေးပေါ်ကိစ္စရပ်ဖြစ်သောကြောင့် ပြည်ထောင်စု၏အရေးပေါ်ရန်ပုံငွေဖြင့် သမ္မတရုံးကသုံးစွဲခဲ့ကြောင်း ဦးကျော်မျိုးက ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောခဲ့သည်။

၎င်းရန်ပုံငွေကိုသုံးစွဲပါက အနီးဆုံးကျင်းပသည့်လွှတ်တော်တွင်တင်ပြပြီး ပြည်သူ့ငွေစာရင်းကော်မတီက စိစစ်ရမည်ဖြစ်သည်။ သို့သော်ပြည်သူ့ငွေစာရင်းကော်မတီ၏တာဝန်မှာ သုံးစွဲသည့်ငွေပမာဏကိုသာ စိစစ်ရပြီး မည်သည့်ခေါင်းစဉ်ဖြင့်သုံးစွဲသည်ကို အသေးစိတ်မစိစစ်ရဟု ၎င်းကော်မတီ၏ ဥက္ကဋ္ဌ ဦးအောင်မင်းက ရှင်းပြသည်။

ထို့ကြောင့် SMMT ဖွဲ့စည်းရန်ဆိုသည့်ခေါင်းစဉ်ဖြင့် ကော်မတီသို့ ငွေစာရင်းတစ်ကြိမ်တစ်ခါမျှ ရောက်မလာ သောကြောင့် ထိုအဖွဲ့၏ ငွေစာရင်းကို စစ်ဆေးခဲ့ရခြင်းမရှိဟု ၎င်းကပြောသည်။

“ဒါကို အဓိကစစ်ဆေးရမှာက စာရင်းစစ်ရဲ့တာဝန်ပါ။ စာရင်းစစ်ကလည်း သုံးစွဲထားတဲ့အထဲမှာ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနဲ့ မညီတာ၊ ထူးခြားတာတွေ့မှသာ လွှတ်တော်ကိုတင်ပြဆွေးနွေးပါတယ်” ဟု ၎င်းကရှင်းပြသည်။

ဦးအောင်လှိုင်ဝင်းက SMMT နှင့် ကျပ်သန်းပေါင်းခြောက်ထောင်ကျော်သုံးစွဲမှုကို စာရင်းစစ်ချုပ်ကတစ်ကြိမ်တစ်ခါမျှ လွှတ်တော်တွင် ပြန်လည်ဆွေးနွေးခဲ့ခြင်းမရှိသည့်အပြင် စာရင်းစစ်ချုပ်အစီရင်ခံစာသည်လည်း ယခုအစိုးရလက်ထက် ပထမနှစ်တွင်သာရရှိခဲ့ပြီး နောက်နှစ်များတွင် မရတော့ဟုဆိုသည်။

“နိုင်ငံတော်ပိုက်ဆံဆိုတာ အစိုးရပိုင်မဟုတ်ဘူး၊ ပြည်သူ့ပိုက်ဆံတွေလေ။ ပြည်သူတွေ ကျေနပ်လောက်အောင် စာရင်းချပြသင့်တာပေါ့” ဟု ၎င်းကပြောသည်။

ပြည်သူ့ငွေသုံးစွဲမှု ပွင့်လင်းမြင်သာရေးဆောင်ရွက်နေသည့် အရက်ဘက်အဖွဲ့အစည်း Citizen Action for Transparency (CAfT) ၏ဒါရိုက်တာ ဒေါ်မိုးမိုးထွန်းက အစိုးရသည် ပြည်သူ့ဘဏ္ဍာငွေသုံးစွဲပါက မည်သည့်အခြေ အနေမျိုးတွင်မဆို ပြည်သူကို ပွင့်လင်းမြင်သာစွာ စာရင်းပြဖို့လိုသည်ဟု ဆိုသည်။

“ဒါပေမဲ့ လွှတ်တော်က အတည်ပြုပေးမှ သုံးစွဲခွင့်ရမယ့်ပိုက်ဆံက လွှတ်တော်ကိုယ်စားလှယ်တွေတောင်မသိရတာက အံသြစရာကောင်းတယ်။ ဒါကြောင့် ပိုလို့အာရုံစိုက်သင့်တယ်” ဟု ၎င်းကပြောသည်။

ပြည်ထောင်စု စာရင်းစစ်ချုပ်၏ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် အစီရင်ခံစာတွင်လည်း ထိုငွေသုံးစွဲမှုနှင့် ပတ်သက်၍ စာရင်းတင်ပြထားသည်ကို မတွေ့ရဟုလည်း ၎င်းကဆိုသည်။

မော်ကွန်းကရရှိထားသည့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ ၂၀၁၈ ခြောက်လတာ ဘဏ္ဍာနှစ် အစီရင်ခံစာ တွင်လည်း ထိုငွေသုံးစွဲမှုစာရင်း မတွေ့ရပေ။

သို့သော် ထိုငွေဖြင့်ဖွဲ့စည်းထားသည့် SMMT အဖွဲ့သည် အလုပ်လုပ်နေသည်ဟု သမ္မတရုံးက ပြောခြင်းသည် ပိုလို့ပင် ပဟေဠိဖြစ်စေသည်။

နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက SMMT က Facebook ၏ လှုမှုကွန်ရက် စံနှုန်းနှင့်မကိုက်ညီသည့် ပို့စ်များ၊ သတင်းတု သတင်းမှားဖြန့်ဝေနေသည့် အကောင့်၊ စာမျက်နှာ စုစုပေါင်း သုံးထောင်ကျော်နှင့် ဝက်ဘ်ဆိုက်ပေါင်း ၂၃၀ ကို ဖြုတ်ချနိုင်ခဲ့သည်ဟု ဆိုသည်။

“ဖြုတ်ချတဲ့အခါမှာလည်း ဒီတိုင်းဖြုတ်ချလို့ မရဘူး။ Facebook Team ရှိတယ်။ သူတို့ကို ဆက်သွယ်ပြီးတော့ ဆောက်ရွက်တာရှိပါတယ်” ဟု ၎င်းက ပြောပါတယ်။

လှုမှုကွန်ရက်စံနှုန်းနှင့် မကိုက်ညီသည့်သုံးစွဲမှုများကို ဖြုတ်ချခြင်းသည် Facebook ၏ အလုပ်သာဖြစ်သည်ဟု လူမှုကွန်ရက်ပေါ်မှ သတင်းတု သတင်းမှားများကို ဖော်ထုတ်နေသည့် ‘ဟုတ်တယ် Vs မဟုတ်ဘူး’ အဖွဲ့၏ မန်နေဂျာ ကိုငြိမ်းချမ်းအောင်က ဆိုသည်။

‘ဟုတ်တယ် Vs မဟုတ်ဘူး’ အဖွဲ့သည် နိုင်ငံတကာ အချက်အလက်စစ်ဆေးရေး ကွန်ရက် (IFCN) ရဲ့အဖွဲ့ဝင် ဖြစ်ပြီး Facebook လူမှုကွန်ရက်ပေါ်တွင်ပျံ့နှံ့နေသည့် သတင်းအကြောင်းအရာများကို အမှား၊ အမှန် စစ်ဆေးသည့် အဖွဲ့အစည်းဖြစ်သည်။

ထို့ကြောင့် SMMT အဖွဲ့က Report လုပ်ပြီး ဖြုတ်ချပိတ်ပင်ခိုင်းခြင်းသည် “သူတို့က Facebook ရဲ့ ကိုယ်စား လှယ်လား” ဟု မေးခွန်းထုတ်သည်။ ထို့အပြင် ယခုအချိန်အထိ အွန်လိုင်းပေါ်တွင် နှစ်လုံးထီနှင့် ချဲဂဏန်းကဲ့သို့သော လောင်းကစားလုပ်နေခြင်းများကိုမြင်တွေ့နေရပြီး အဘယ်ကြောင့်အရေးမယူသနည်းဟုလည်း ၎င်းကမေးခွန်း ထုတ်သည်။

SMMT အဖွဲ့က ဝက်ဘ်ဆိုက်များပိတ်ပင်ရာတွင် တရားဝင်တည်ထောင်တားသည့် သတင်းမီဒီယာများလည်း ပါဝင်ခဲ့ သောကြောင့် သတင်းမီဒီယာကောင်စီ၏ သဘောထားတောင်းခံ၍ ပြန်ဖွင့်ပေးခဲ့သည်ဟု ဦးဇော်ဌေးက ပြောသည်။

သို့သော် သမ္မတရုံးသတင်းစာရှင်းလင်းပွဲအပြီး နောက်ရက်တွင် သတင်းမီဒီယာကောင်စီဝင် ဦးဇေယျာလှိုင်က သမ္မတ ရုံးကပြောသကဲ့သို့ ကောင်စီသို့သဘောထားတောင်းခံခြင်းတစ်ခါမျှမရှိခဲ့ဟု ၎င်း၏ Facebook အကောင့်မှ ပြန်လည်ငြင်း ချက်ထုတ်သည်။

“တရားဝင်မီဒီယာတွေပါသွားတယ်ဆိုတာ ဧပြီလကတည်းက ကောင်စီက တရားဝင်စာပို့တာတောင် ဘာမှအကြောင်း မပြန်သလို ပြန်ကြားရေးဝန်ကြီးနဲ့တွေ့တော့လည်း ထည့်သွင်းဆွေးနွေးခဲ့ပေမယ့် ပြန်ဖွင့်မပေးပါ။ အစိုးရက လိမ်ညာ နေတာပါခင်ဗျာ” ဟု ၎င်းက ဆိုသည်။

ဝက်ဘ်ဆိုက်အပိတ်ခံရသည့် သတင်းဌာနထဲတွင် ရခိုင်ပြည်နယ်အခြေစိုက် DMG သတင်းဌာနလည်း ပါဝင်ခဲ့ပြီး အင်္ဂလိပ်ပိုင်းနှင့် မြန်မာပိုင်းဝက်ဘ်ဆိုက် နှစ်ခုရှိသည့်အနက် မြန်မာပိုင်းဝက်ဘ်ဆိုက်သည် ယနေ့အထိ ပြန်လည်ဖွင့်ပေးခြင်းမရှိဘဲ ပိတ်ထားဆဲပင်ဖြစ်သည်။

DMG သတင်းဌာန၏ အယ်ဒီတာ ဦးနေဝင်းစံက “ကျွန်တော်တို့က တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ သတင်းအလုပ်ကို လုပ်နေတာပဲ။ ခုလိုသတင်းတု သတင်းမှားပိတ်တဲ့အထဲ ရောချသွားတာမျိုးတော့ အစိုးရကမလုပ်သင့်ပါဘူး” ဟုပြောသည်။

SMMT အဖွဲ့သည် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး ဆိုရှယ်မီဒီယာအကြောင်း အသိပညာပေးခြင်း၊ ဒစ်ဂျစ်တယ်နည်းပညာဖိုရမ်များကို အရပ်ဘက်အဖွဲ့အစည်းများနှင့် ဆွေးနွေးခြင်း၊ တက္ကသိုလ်များတွင် ဆိုက်ဘာ လုံခြုံရေးမြှင့်တင်ခြင်းများ ပါဝင်ဆောင်ရွက်ခဲ့သည်ဟုလည်း ဦးဇော်ဌေးက သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းကတော့ သမ္မတရုံးကပြောသကဲ့သို့ SMMT က ပြန်ကြား ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သည်ကို မသိရှိဟုဆိုသည်။

“ပွင့်ပွင့်လင်းလင်းပြောရင် ကျွန်တော်မသိပါဘူးဗျာ။ မီဒီယာနဲ့ သတင်းအချက်အလက်သိနားလည်မှု ပညာပေးဖို့ကို ကိုယ့်ဘာသာကိုယ် လုပ်ဖို့စီစဉ်နေတာပဲရှိပါတယ်” ဟု ၎င်းက မော်ကွန်းကို ပြောသည်။

ဥပဒေဘယ်ဆီမှာ

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်ကို SMMT အဖွဲ့နှင့်ပတ်သက်၍ မော်ကွန်းကမေးမြန်းရာ ၎င်းကိုယ်တိုင် အဆိုတင်သွင်းခဲ့သော်လည်း ထိုအဖွဲ့နှင့်ပတ်သက်၍ တစ်စုံတစ်ရာသိထားခြင်းမရှိပေ။

မသိရသည့်အကြောင်းမှာ ထိုအဖွဲ့သည် လူမှုကွန်ရက်အလွဲသုံးမှုများကို လျှို့ဝှက်ဖော်ထုတ်ခြင်းသာဖြစ်ပြီး ပွင့်လင်းမြင် သာမှုရှိစရာမလိုခြင်းကြောင့်ဟု ၎င်းကဆိုသည်။ သူသည် ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ၏ အတွင်းရေးမှူးလည်း ဖြစ်သည်။

ထိုအဖွဲ့၏ ဥပဒေမူဘောင်ရှိပြီးလားဟု မော်ကွန်းကဆက်လက်မေးမြန်းရာ အတည်မပြုရသေးသည့် ဆိုက်ဘာဥပဒေ တွင်ပါရှိမည်ဖြစ်သည်ဟု ၎င်းကဖြေသည်။ ဆိုက်ဘာဥပဒေကြမ်း အခြေအနေနှင့် မည်သို့ပါဝင်မည်ကို ထပ်မံ မေးမြန်းရာ “ကျွန်မလည်း အသေးစိတ်မသိရသေးဘူး” ဟုသာ ၎င်းကဖြေသည်။

ဆိုက်ဘာဥပဒေအကြောင်းနှင့် SMMT အဖွဲ့၏ ဥပဒေလုပ်ထုံးလုပ်နည်းများကိုမေးမြန်းရန် ပို့ဆောင်ရေးနှင့် ဆက်သွ ယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေကို ဆက်သွယ်မေးမြန်းရာ “ဒီအဖွဲ့က ကျွန်တော်တို့ဝန်ကြီးဌာနက ကိုင်တာမဟုတ်တော့ ပွင့်ပွင့်လင်းလင်းပြောရင် ကျွန်တော်မသိလို့ မဖြေနိုင်ဘူး” ဟု ၎င်းကပြောသည်။

တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က SMMT သည် Open Source Intelligence နည်းပညာကို သုံးပါက ကိုယ်ရေးကိုယ်တာ အချက်အလက်များကိုကာကွယ်နိုင်မည့် သီးသန့်ဥပဒေ အရင်ပြဋ္ဌာန်းဖို့လိုသည်ဟု အကြံပြုသည်။

“ဒီဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့လိုတယ်။ Facebook တို့လို လူမှုကွန်ရက်တွေက ဗမာပြည်က ထွင်တာ လည်း မဟုတ်ဘူး။ ဒီမိုကရေစီစနစ်မှာ တစ်နိုင်ငံတည်းနဲ့ ဒါတွေကို ထိန်းချုပ်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး” ဟု ၎င်းက မှတ်ချက်ပြုသည်။

ဦးအောင်လှိုင်ဝင်းက SMMT အဖွဲ့သည် မူဝါဒနှင့် ဥပဒေလုပ်ထုံးလုပ်နည်းမရှိပါက အစိုးရအပြောင်းအလဲတွင် မည်ကဲ့ သို့ ဆက်လက်ဆောင်ရွက်မည်နည်းဟု မေးခွန်းထုတ်သည်။

သို့သော် ၎င်းကိုယ်တိုင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သော်လည်း SMMT အဖွဲ့၏ ဖွဲ့စည်းပုံနှင့် ယင်းအဖွဲ့ အတွက် ငွေစာရင်းရှင်းတမ်းများကို မသိရသေးသောကြောင့် လက်ရှိအစိုးရ၏ ကျန်ရှိနေသည့် လွှတ်တော်သက်တမ်း တွင် အကျေအလည်ဆွေးနွေးဖို့လိုသည်ဟု ဆိုသည်။

ထို့အပြင် လူမှုကွန်ရက်ပေါ်မှနေ၍ အာဏာပိုင်အသိုင်းအဝိုင်းကို ဝေဖန်သည့်အကောင့်များ ပိတ်ပင်ခံနေရသည်မှာ SMMT ၏ ပယောဂကြောင့်ဟု ထင်မှတ်နေသူများလည်း ရှိနေပြန်သည်။ ထိုအထဲတွင် အတိုက်အခံပါတီဖြစ်သည့် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပျော်ဘွယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးလည်းပါဝင်သည်။

“အကောင့်ပိတ်ခံရတဲ့အထဲမှာ အစိုးရကိုဝေဖန်သူတွေ၊ နိုင်ငံရေးသမားတွေ၊ တပ်မတော်သားတွေပါဝင်နေတယ်။ ဒီလိုပိတ်တာ SMMT အဖွဲ့နဲ့ဆိုင်လား၊ ဘယ်လိုအလုပ်လုပ်တာလဲ ဒါတွေသိဖို့လိုပါတယ်” ဟု ၎င်းက မော်ကွန်းကို ပြောသည်။

သူက SMMT နှင့် Facebook Team တို့၏ ဆောင်ရွက်မှုသည် လူမှုကွန်ရက်များ အသုံးပြုသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများအပေါ် မျှတမှုမရှိခြင်းကြောင့် မည်သည့် ဉပဒေ၊ နည်းဉပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ မူဝါဒများဖြင့် ဆောင်ရွက်နေသည်ကို ဆွေးနွေးရန် သြဂုတ် ၂၅ ရက်က ပြည်သူ့လွှတ်တော်သို့ အဆိုတင်သွင်းခဲ့သည်။

ထိုအဆိုကို မောက်မယ်မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းငေါင်းဆိုင်ဟိန်းက ထောက်ခံဆွေးနွေးခဲ့ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အတည်ပြုခဲ့သည်။ ထို့ကြောင့် လက်ရှိအစိုးရသက်တမ်းမကုန်မီ နောက်တစ်ကြိမ်ကျင်း ပမည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပွင့်ပွင့်လင်းလင်းဆွေးနွေးရန်မျှော်လင့်ကြောင်း ဦးသောင်းအေးက ဆို သည်။


#Feature

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."