စနစ်ဟောင်းက ဆိုးမွေ (အပိုင်း-၆)

Photo : Than Htike

၂၀၁၅ ဧပြီလထုတ်၊ မော်ကွန်းမဂ္ဂဇင်းအမှတ်(၂၂)၊မှမျက်နှာဖုံးဆောင်းပါးဖြစ်ပါသည်။

 

 

ထိုနေရာကတော့ ပုဂံဒေသအနှံ့ ဆိုင်းဘုတ်ထောင်ထား သော ဇုန်မြေပုံထဲမှ ဟိုတယ်ဇုန် (၁) ဆိုသည့်နေရာဖြစ်သည်။

          ယင်းနေရာသည် ဦးချစ်ခိုင်၏ ဧဒင်အုပ်စုကုမ္ပဏီပိုင်ဆိုင်သည့်နေရာဖြစ်သည်။ ထိုနေရာကို ဧဒင်ခြံဟုခေါ်ကြသည်။ အစိုးရအိမ်တော်ကြီးနှင့် မြင်းကပါရွာတို့အကြား မင်္ဂလာစေတီ၏အနောက်ဘက်တွင်တည်ရှိသည်။

          ၃၃ ဧက ကျယ်ဝန်းသောယင်းနေရာကို ဗိုလ်ချုပ်ကြီးခင် ညွန့်လက်ထက်က ဟိုတယ်ဇုန်အဖြစ် သတ်မှတ်၍ နိုင်ငံခြားသား တစ်ဦးအား ငှားရမ်းရန်စီစဉ်ခဲ့သည်။ ထိုသူက ယင်းဇုန်အတွင်းရှိ ဘုရားတစ်ဆူအား မီးထွန်းပြီး မဟာရံတံတိုင်းပေါ်တွင် မြင်း လှည်းမောင်းရန်တောင်းဆိုသည်ကို ဦးအောင်ကြိုင်ကန့်ကွက်ခဲ့သည့်အတွက် ငှားရမ်းရန် အစီအစဉ်ပျက်သွားခဲ့ရသည်။ ၁၉၉၆ ခုနှစ်တစ်ဝိုက်တွင်တော့ ဦးချစ်ခိုင်အား လုပ်ကိုင်ရန် ပေးအပ်ခဲ့ လေသည်။

          ယင်းနေရာသည် ယခင်အချိန် ခရီးသွားလုပ်ငန်းမဖွံ့ဖြိုး သေးမီကတည်းက နိုင်ငံတော်က ဟိုတယ်လုပ်ရန် ချထားပေးခဲ့ ခြင်းဖြစ်ကြောင်း ဧဒင်လုပ်ငန်းခွင်တာဝန်ခံ ဦးကိုကိုမောင်က ပြောသည်။ အနာဂတ်တွင် တိုးတက်လာမည့် ခရီးသွားလုပ်ငန်း များအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် ယင်းအချိန်တွင်ချထား ပေးခြင်းဖြစ်ပြီး ထိုစဉ်က လုပ်ကိုင်လိုသူပင်မရှိခဲ့ကြောင်း ဦးကိုကို မောင်က ပြောသည်။

          အဆိုပါနေရာသည် မြို့ဟောင်းနှင့်မလှမ်းမကမ်းတွင် ရှိ သည့်အပြင် ယင်းခြံထဲတွင် ဘုရားပေါင်း ၂၂ ဆူလည်းရှိသည်။ စေတီအရေအတွက်နှင့် ဟိုတယ်အကျယ်အဝန်းကို နှိုင်းယှဉ်မည် ဆိုလျှင် သုံးဧကလျှင် စေတီနှစ်ဆူနှုန်းရှိသည့် သဘော ဖြစ်နေသည်။

          ထိုဟိုတယ်စတင်တည်ဆောက်ကတည်းက ထိုဝင်းထဲရှိ ဘုရားများကို သွားရောက် ဖူးမြော်ခွင့်မရတော့ကြောင်း ဒေသခံ များက ပြောသည်။ အဆိုပါခြံထဲမှ ၂၂ ဆူသော ဘုရားများထဲတွင် မြင်းကပါရွာသားများ မှတ်မှတ်ရရဖြစ်နေသည့် ဘုရားတစ်ဆူရှိ နေသည်။ ယင်းဘုရားသည် ပေါင်းကူးဘုရားဖြစ်သည်။ ရွာသား တိုင်းလိုလို ယင်းပေါင်းကူးဘုရားနှင့်ပတ်သက်သော အတိတ် တဘောင်တစ်ခုကို အလွတ်ရနေကြသည်။ ‘ပေါင်းကူးပြို သားငို တောင် မချော့နဲ့’ဟူ၏။

          ယင်းတဘောင်၏အဓိပ္ပာယ်မှာ ပေါင်းကူးဘုရားထဲတွင် ဌာပနာထားသည့်ရွှေငွေတို့မှာ များပြားလွန်းလှသဖြင့် ဘုရား ပြိုပါက ငိုနေသည့် သားကိုပင်ထားကာ သွားရောက်ယူငင်ကြရန် ဖြစ်သည်ဟုဆိုသည်။

          မြစ်ကမ်းပါးထဲသို့ တစ်ခြမ်းပြိုကျနေသော ယင်းဘုရားကြီး သည် ပျူခေတ်လက်ရာဘုရား ဖြစ်ကြောင်း ရှေးဟောင်းသုတေသီ ဦးအောင်ကြိုင်က ပြောသည်။

          ယင်းဘုရားကို သမိုင်းပညာရှင်ဒေါက်တာသန်းထွန်းက တော့ ယခုလိုမှတ်တမ်းတင်ထားခဲ့သည်။

          “၆၆၂ ပေါင်းကူးဘုရား ဧရာဝတီကမ်းထိပ် အုတ်တိုက် အောက်ခြေများကဲ့သို့ရှိသည်။ ကျန်စစ်မင်းလက်ထက် ဧရာဝတီ ကို တံတားကူးရန် ရည်ရွယ်၍ ဆောက်လုပ်သောနေရာဖြစ်သည် ဟုပြောကြသည်”

          ယင်းအပြင် ထိုဇုန်ထဲတွင် နံရံဆေးပန်းချီများ ကောင်း သော လိုဏ်နှစ်ဆင့်နှင့် ဘုရားတစ်ဆူရှိသေးသည်။ ထိုဘုရားကို တော့ နှစ်ဆင့်ဘုရား ဟူ၍ခေါ်ဝေါ်ကြသည်။ နောက်တစ်ဆူက တော့ သမိုင်းတန်ဖိုးအရကြီးလှသော ဘုရားဖြစ်ပြီး ဘွဲ့အမည်မှာ အဂ္ဂတေ့ဖြစ်သည်။

          အဂ္ဂတေ့သည် ၁၂ ရာစု က တည်ထားခဲ့သော ဘုရားဖြစ် သည်။ ယင်းဘုရားမြောက်ဘက်နံရံတွင် သက္ကရာဇ် ၉၀၀ ကျော် က လှုပ်ခတ်သောငလျင်ကြောင့် ရှေးဟောင်းဘုရားများ ပျက် စီးရခြင်းကို မင်စာရေးထိုးထားသည်။

          ဦးအောင်ကြိုင်ပင်လျှင် ယင်းဘုရားသို့သွားပြီး မင်စာ ဖတ်လိုသည့်အတွက် “ကျွန်တော်ရှေးဟောင်းကပါ”ဟုပြော၍ ခွင့်တောင်းပြီးမှ ဝင်ခွင့်ရခဲ့ကြောင်းပြောသည်။

          အဆိုပါဘုရားများကို ဧဒင်က ယခုလိုပိတ်ပင်ထားခြင်းနှင့် ပတ်သက်၍ ဒေသခံများက ကန့်ကွက်ကြသေးသည်ဟု ဦးအောင် ကြိုင်က ပြောပြသည်။ သို့သော်သူတို့၏ကန့်ကွက်မှုက အရာ မထင်ခဲ့ပေ။

          မင်္ဂလာစေတီနောက်ဘက်တွင်ရှိနေသော ထိုနေရာသို့    ကျွန်တော်သွားရန်ကြိုးစားခဲ့ရာတွင်တော့ ဂိတ်ပေါက်ဝမှပင် လှည့်ပြန်လာခဲ့ရသည်။ ယင်းနေရာအတွင်းသို့ ဝင်ရောက်သည့် ဂိတ်ပေါက်တွင်ပင် “ဝင်လို့မရဘူး၊ ဘယ်ကိုသွားမလို့လဲ”ဟု အမေးခံရသည်။ ကျွန်တော်က အထဲဝင်ကြည့်ချင်လို့ပါဟု ပြော လိုက်ရာ ဂိတ်တွင်စောင့်နေသူနှစ်ဦးအနက် တစ်ဦးက “ဝင်လို့ မရဘူး”ဟုသာ တုံ့ပြန်သည်။

          ယင်းဟိုတယ်လုပ်ငန်းခွင်တာဝန်ခံဖြစ်သည့် ဦးကိုကို မောင်ကတော့ ဘုရားဖူးသက်သက်လာသည့်သူများကိုတော့ ဘုရားဆီသို့ လိုက်ပို့ပေးကြောင်းပြောသည်။

          “Construction ထဲမှာတော့ အန္တရာယ်ရှိတယ်လေ။ ယန္တရားတွေ၊ ဘာတွေ Accident တွေဖြစ်မှာစိုးလို့ လိုက်ပို့ပေး တယ်”ဟု ၎င်းင်းက ပြောပြသည်။

          သို့သော်လည်း မြင်းကပါရွာမှ ဒေသခံများပြောကြသည်က ဧဒင်ခြံအတွင်းသို့ ဝင်ထွက်မှုကို တင်းတင်းကျပ်ကျပ် တားမြစ် ထားသည်ဟု ဆိုသည်။ ရှေးဟောင်းသုတေသနဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်ကလည်း ယင်းသို့ ဘုရားပုထိုး များ ပိတ်ဆို့ထားခြင်းနှင့် ပတ်သက်ပြီးယခုလို ထောက်ပြသည်။

          “ပြည်သူလူထုအတွက် ဒါတွေက ရှေးဟောင်းအမွေအနှစ် တွေ။ ဒါတွေကိုပိတ်ထားတဲ့အတွက် ပြဿ      နာကို လက်ယပ်ခေါ် နေသလိုဖြစ်နေတယ်”

          ဧဒင်အုပ်စုကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သည့် ဦးချစ်ခိုင်ကတော့ ယခုအချိန်တွင် ဘုရားများကို ပိတ်ထားသည်ဆိုသည်မှာ တည် ဆောက်ရေးလုပ်ငန်းအတွင်း အန္တရာယ်ကင်းရှင်းရေးအတွက် ဖြစ်ကြောင်းပြောသည်။

          “ဘုရားပွဲရက်တွေမှာ အန်ကယ်တို့ဖွင့်ပေးပါတယ်”ဟု ပြောသည်။

          ၎င်းင်းတို့အနေဖြင့် ယင်းဘုရားများကို အမြဲပင်ထိန်းသိမ်း ပေးနေပြီး ရှေးဟောင်းသုတေသနဦးစီးဌာနမှ ပြင်ဆင်မည်ဆို ပါကလည်း ယင်းကုန်ကျစရိတ်ကို လှူဒါန်းပေးသွားမည်ဟု ကတိ ပေးထားကြောင်းနှင့် တည်ဆောက်ရေးကာလ ပြီးသွားလျှင် တော့ ဘုရားများသို့သွားရန် သီးသန့်လမ်းများစီစဉ်ပေးမည်ဖြစ်ကြောင်း ပြောသည်။

          လက်ရှိအချိန်တွင်တော့ ဟိုတယ်အလုံးပေါင်းများစွာတည်  ဆောက်ပြီးစီးနေပြီး နောက်ထပ်ဟိုတယ်များလည်း တည် ဆောက်နေဆဲဖြစ်သည်။

          ထို့ပြင်လွန်ခဲ့သည့်နှစ်အနည်းငယ်ကပင် မြင်းကပါရွာသား တို့ ဧရာဝတီမြစ်အတွင်းသို့ဆင်းသည့် မြေနေရာကိုလည်း ဧဒင်က သိမ်းသွားကြောင်း ရွာသားတွေက ပြောပြသည်။

          အသိမ်းဆည်းခံရသောမြေသည် ၃ ဒသမ ၈ ဧကရှိသည်ဟု မြင်းကပါရွာသား ကိုသိန်း(အမည်လွှဲ)ကပြောသည်။ ယခင်က သူတို့သည် ထိုနေရာကိုဖြတ်၍ ဧရာဝတီမြစ်ဆီသို့ဆင်းကြရသည်။

“အရင်တုန်းက မြစ်နဲ့ မြင်းကပါနဲ့ ခွဲလို့မှမရတာ”ဟုကိုသိန်း၏အစ်ကိုဖြစ်သူက ဆိုသည်။

          ယခင်အချိန်တုန်းက အလုပ်သိမ်းချိန်ဆိုလျှင် မြင်းကပါ သားတို့ ပုဆိုးယူပြီး မြစ်ဆိပ်ကို ရေကူးရန် သွားခဲ့ကြသည်။ မြင်းကပါ တစ်ရွာလုံးနီးပါးသည် ယွန်းလုပ်ငန်းဖြင့်အသက်မွေးဝမ်း ကျောင်းပြုကြသည်။ တစ်နေကုန် ထိုင်လျက် ယွန်းလုပ်ငန်းလုပ်ရသော သူတို့၏ ညောင်းညာကိုက်ခဲနေခြင်းတို့သည် ဧရာဝတီမြစ် ထဲတွင် ရေကူးလိုက်လျှင် အကြောများလျော့၍အပန်းပြေသွားသည်ဟု ကိုသိန်းက ယွန်းဗန်းများကို ကော်ပတ်စားရင်း ပြောသည်။

          မြင်းကပါအလယ်ရွာမှဖြတ်သန်း၍ မြစ်ဆိပ်သို့ ဆင်း၍မရ တော့သော်လည်း မြင်းကပါချောင်း၏ အခြားတစ်ဖက်တွင် ကျန် သေးသော သုံး၊ လေးပေခန့် လူသွားလမ်းကလေးမှ မြစ်ဆိပ်သို့ ဆင်းလိုကတော့ ဆင်းနိုင်သေးသည်။ အဆိုပါနေရာသည်လည်း ဝယ်ယူသည့်သူက ဝယ်ယူထားပြီးဖြစ်နေသည်။

          “အခုကျန်တဲ့လူတွေပါ ဟိုတယ်ဆောက်မယ်ဆိုရင်တော့ မြစ်ဆိုတာ အရုပ်ရေးကြည့်ရတော့မှာ”ဟု ၎င်းင်းကဆက်ပြောသည်။

          ဧဒင်လုပ်ငန်းတာဝန်ခံဦးကိုကိုမောင်ကတော့ မြင်းကပါရွာ ခံများကပြောသည့် မြစ်ဆိပ်သို့ဆင်းသောလမ်း ယခင်ကတည်း က မရှိကြောင်း ပြောသည်။

          မြင်းကပါရွာသားများက ရွာပိုင်မြေဟုပြောသော ၃ ဒသမ ၈ ဧက ကိုလည်း ဦးကိုကိုမောင်က ငြင်းဆိုထားပြီး တစ်ဧကခန့်ရှိ သည့် မြေကိုတော့ ပိုင်ရှင်ကိုငွေပေးချေ၍ ဝယ်ယူထားခဲ့ဖူး ကြောင်း ပြောလေသည်။

          ပုဂံဒေသအနှံ့အပြားတွင် အုပ်ချုပ်ရေးပိုင်းနှင့် ရှေးဟောင်း သုတေသနဦးစီးဌာနက ချိတ်ဆွဲထားသောမြေပုံများအရတော့ ယင်းဧဒင်နေရာ(ဟိုတယ်ဇုန်-၁) နှင့် မြင်းကပါချောင်းတို့အကြား ကွက်လပ်တစ်ခုရှိနေသည်။ ယခင်က ရွာသားများက ယင်းနေရာ ကို ဖြတ်ပြီး မြစ်ဆီသို့သွားခဲ့ကြသည်။ သို့သော် ယခုအခါ ထိုနေရာကို ဖြတ်ပြီးသွား၍မရတော့ကြောင်း ရွာသားများက ပြောသည်။

          ယင်းမြေပုံတွင်ပါရှိသော ကွက်လပ်အကြောင်း ဦးချစ်ခိုင် အားမေးမြန်းရာ ၎င်းင်းက “(ဟိုတယ်နှင့်)မြင်းကပါချောင်းဘေးက ကွက်လပ်ကို အန်ကယ်တို့သိမ်းမထားဘူး။ မြင်းကပါချောင်း အစပ်အထိတောင် ဟိုတယ်ဇုန်က ပါပါတယ်”ဟု ပြောသည်။

          ထို့အပြင် မြင်းကပါချောင်း အခြားတစ်ဖက်ကမ်းတွင်ရှိ သော မြေကိုပင် လာရောင်းသဖြင့် “လိုရမည်ရ ဝယ်ယူထား ကြောင်း” သူက ပြောသည်။

          ယခု ဧဒင်ဟိုတယ်က သိမ်းဆည်းခဲ့သည့် နေရာများသည် မြင်းကပါရွာသားများအတွက် ဆူးပုပ်ရွက်ခူးရာ၊ ဆီးသီးကောက် ရာ၊ ထင်းချိုးရာနေရာများဖြစ်ခဲ့ဖူးသည်။ ယခုမူ ထိုအခွင့်အရေး များ ပိတ်ပင်ခြင်းခံနေရသည်။ ပုဂံဒေသသို့ နိုင်ငံခြားသားခရီး သည်များ လှိုင်လှိုင်မဝင်စဉ်က ယွန်းသာလုပ်တတ်သည့် မြင်း ကပါရွာသားများအတွက် ယင်းနေရာသည်ထမင်းအိုးလည်း ဖြစ် ခဲ့ဖူးသည်။ ယင်းနေရာတွင် မြင်းကပါရွာသားတို့ ရွှေကျင်ခဲ့ကြသည်။

          ဥပဒေပညာရှင်ဖြစ်သည့် ဦးကိုနီကတော့ အချိန်ကာလ ကြာမြင့်စွာ အဆက်မပြတ်အသုံးပြုခွင့်ရသည့် အရာတစ်ခုသည် ဥပဒေအရလည်း တစ်သက်လုံးအနေဖြင့်လည်း ဆက်လက်အသုံး ပြုခွင့်ရရမည်ဖြစ်ကြောင်း ဆိုသည်။

          “ဒီဘုရားကိုလူတွေက သွားလို့လာလို့ရနေတယ်။ အဲဒီ လိုသွားလာနေတာဟာ အနှစ်နှစ်ဆယ်ရှိပြီဆိုပါတော့။ ဒါဆိုရင် ဒါဟာ အများပြည်သူ သွားလာပိုင်ခွင့်ရှိတဲ့နေရာဖြစ်သွားပြီ။ ကာလစည်းကမ်းသတ်အက်ဥပဒေအရ ဘယ်သူမှတားလို့ဆီးလို့ မရတော့ဘူး”ဟု ရှင်းပြသည်။

          ပုဂံမြို့သစ်တွင်နေထိုင်သည့် ဦးသူရကတော့ ယင်းစေတီ ပုထိုးများသည် ပုဂံခေတ်မှစ၍ အများသူငါ ဝင်ထွက်သွားလာဖူး မြော်ခွင့် ရှိခဲ့သည်ဖြစ်၍ ဝင်ထွက်သွားလာကြသည်မှာ နှစ်ပေါင်းတစ်ထောင်ဝန်းကျင်ရှိနေပြီဖြစ်ပြီးယခုခေတ်တွင်မှ ပိတ်ဆို့ခြင်း ခံရကြောင်းပြောသည်။

          ပုဂံဒေသကလူများအတွက် ဘုရားပုထိုးများသည် ကိုး ကွယ်ယုံကြည်ရာနေရာများဖြစ်သလို ပူအိုက်သောအညာနွေ အတွက် ကွန်းခိုစရာနေရာများလည်း ဖြစ်လေသည်။

          မြင်းကပါရွာတွင်နေထိုင်သော ဦးသိန်းဝင်းက “ခုချိန်ဆို ရင် ပုဆိုးလေးခေါင်းဆောင်း၊ ရေဘူးလေးနဲ့ ဆေးလိပ် မီးခြစ် ကလေးနဲ့ ဘုရားထဲသွားနေ၊ သုံးနာရီခွဲ၊ လေးနာရီမှပြန်လာ။ လေလေးတဟူးဟူးနဲ့ အေးနေတာပဲ။ အခုသွားလို့   မရတော့ဘူး”ဟု လွန်ခဲ့သည့် ၁၅ နှစ်ခန့်က တံခါးမရှိ ဓားမရှိဝင်ထွက်သွားလာ ခဲ့သည့်ဘုရားပုထိုးများသို့သွားရန် တားမြစ်ခြင်းခံရကြောင်းကို ပြောသည်။

          ဦးချစ်ခိုင်ကတော့ မြေနေရာများနှင့်ပတ်သက်၍ မူလပိုင် ရှင်များသာမက နောက်ထပ်လာရောက်၍ ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်သူများပါဟုဆိုသော ဒေသခံများကိုပါ ညှိနှိုင်းပြီး လျော် ကြေးများ ပေးအပ်ခဲ့ပြီးကြောင်း ပြောသည်။

          “သက်ဆိုင်ရာအုပ်ချုပ်ရေးဌာနတို့၊ ဘာတို့လည်း မေးလို့ရ ပါတယ်။ ဒါတွေအားလုံးကို သူတို့နဲ့ညှိနှိုင်းပြီး သူတို့တောင်းဆိုတဲ့ တန်ဖိုးကိုပေးလျော်ခဲ့ပြီးပါပြီ။ သိမ်းယူထားတာမရှိပါဘူး” ဟု ပြောသည်။

          ဦးဇော်ဝင်းချိုကတော့ “ဧဒင်နေရာတွင် ပုဂံခေတ်ဘုရင် များ၏ သင်္ချိုင်းရှိသည့်နေရာဟုယုံကြည်ရပြီး ယင်းနေရာကို ရှာဖွေတူးဖော်မှုများလုပ်သင့်သည်နေရာဖြစ်သည်”ဟုပြောသည်။

          ဦးဇော်ဝင်းချိုယုံကြည်လောက်သည့်အကြောင်းအရင်းကလည်းရှိနေသည်။ လွန်ခဲ့သော ဆယ်နှစ်ခန့်က ဧဒင်အနေဖြင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ရှေးဟောင်းရွှေပြားတစ်ချပ်အပ်ခဲ့ဖူးသည်။

          “(အ)ခေါင်းတွေဘာတွေမှာ ထိပ်က အလှအပနဲ့ ရွှေပြား ကပ်ကြတာ သာမညပုဂ္ဂိုလ်တော့မဟုတ်ဘူးပေါ့။ ထူးခြားတဲ့ မင်း ညီမင်းသားတို့လို၊ ရှင်ဘုရင်တို့လိုဟာတွေ”ဟု ဦးအောင်ကြိုင်က ဆိုသည်။

          ရွှေပြားကို ဦးအောင်ကြိုင် တာဝန်ထမ်းဆောင်ခဲ့သည့် အချိန်က လာရောက်အပ်နှံခဲ့ခြင်းဖြစ်ပြီး ၎င်းင်းရွှေပြားအတွက် လည်း ကျပ် သိန်း ၈၀ ပြန်လည်ပေးအပ်ခဲ့ကြောင်းဦးအောင် ကြိုင်က ပြောသည်။

          ဧဒင်အနေဖြင့် ဤတစ်ခုသာ ရှေးဟောင်းသုတေသနဦးစီး ဌာနသို့ အပ်ဖူးခြင်းဖြစ်ပြီး အခြားမည်သည့်အရာများရှိနိုင်သေးသည်ကို ပြော၍ မရနိုင်ကြောင်း ဦးအောင်ကြိုင်က ပြောသည်။

          ဦးချစ်ခိုင်ကတော့ ၎င်းတို့လုပ်ငန်းခွင်အတွင်း မြေကြီးတူး ရာ၌ အလုပ်သမားမြောက်မြားစွာရှိသည့်အတွက် အလုပ်သမား တစ်ယောက် တွေ့သွားခဲ့လျှင်လည်း အခြားတစ်ယောက်သိမည် ဖြစ်သလို တစ်ဆင့်စကားတစ်ဆင့်နားဖြင့်လည်း ပြန်လည်သိရှိ မည်ဖြစ်ကြောင်းပြောသည်။ ၎င်းင်းတို့အနေနှင့်လည်း ရွှေပြားစ တွေ့ခဲ့သည့်အချိန်တွင်ပင် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ချက်ချင်း အပ်လိုက်ကြောင်း ပြောပြသည်။

          “အန်ကယ်တို့ စိတ်ထဲမကောင်းတာပေါ့၊ အန်ကယ်တို့ အဆင့်အနေနဲ့ ဒီရှေးဟောင်းပစ္စည်းကို တူးဖော်ပြီး ရှာဖွေရမယ့် အဆင့်လည်း မဟုတ်ပါဘူး”ဟု ဆက်ပြောသည်။

          ဦးကိုကိုမောင်ကလည်း ယခုလိုဆိုသည်။

          “ရတာကတော့ အိုးကွဲစတွေပဲရှိတယ်။ အဲဒါကတော့ ဘယ် နေရာတူးတူးထွက်တယ်။ ကျန်တာကတော့ ဘာမှမတွေ့ ဘူး”

          ဧဒင်ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ရှေးဟောင်းပစ္စည်း များ တွေ့လိမ့်မည်ဟု ဒေသခံများက သံသယရှိသလို ယင်းနေရာ က မြေကြီးများတွင်လည်း ရွှေများရှိနိုင်ကြောင်း ဒေသခံများက ယူဆထားသည်။

          ယခင်က ယင်းနေရာများတွင် ကိုသိန်းတို့ ဒေသခံတွေ ဝမ်း စာအတွက် ရွှေကျင်ခဲ့ကြသည်။ ရွှေကျင်သည်ဆိုခြင်းထက် ရွှေ ရှာသည်ဟူသော စကားက ပိုမှန်လိမ့်မည်။

          “ဒီမြေကရွှေအားကြီးထွက်တယ်”ဟု ကိုသိန်းက ပြောသည်။

          “(ရွှေ) ပုတီးလုံးက ကနုတ်တွေနဲ့။ မှန်ဘီလူးနဲ့ကြည့်ရ တယ်။ ဘယ်လိုဖော်ထားတယ်မသိဘူး။ အဲဒါက ခုနစ်ရွေးတို့၊ တစ်ပဲတို့ ရှိတယ်။ (ရွှေ)လိပ်ရုပ်ကလေးတွေ တွေ့တယ်”ဟု ရွှေ ကျင်ခဲ့စဉ်က ရရှိခဲ့သည့် ထူးထူးဆန်းဆန်းပစ္စည်းများအကြောင်း ပြောပြသည်။

          ကိုသိန်းတစ်ယောက် ထိုနေရာမှ ရွေးစေ့ထက်အနည်းငယ် ကြီးသော ကျောက်နီတစ်ပွင့်လည်း တွေ့ခဲ့ဖူးသည်။ တစ်နေ့လျှင် ခြောက်ကျပ်၊ ခုနစ်ကျပ်သာ ရသောခေတ်တွင် ထိုကျောက်ကို ညောင်ဦးက ပန်းတိမ်ဆရာက ၇၅၀ ကျပ်ပေးသဖြင့် ရောင်းချခဲ့ သည်ဟုပြောသည်။ နောက်ပိုင်းတွင်တော့ ၎င်းင်းရောင်းချလိုက် သောသူသည် ကားဝယ်စီးသည်ကို တွေ့ခဲ့ရပြီး ယခုအချိန်အထိ လည်း ချမ်းသာကြွယ်ဝနေကြောင်း ကိုသိန်းက စိတ်ရှည်လက် ရှည်ပြောပြသည်။

          သို့သော် မြင်းကပါသားများအနေဖြင့် အပေါ်ယံမြေကိုသာ ယူ၍ ရွှေရှာခဲ့ပြီး ဘုရားကုန်းများအနီးသို့တော့ ကျိန်စာများကို ကြောက်သဖြင့် တူးဖော်မှုမပြုခဲ့ကြကြောင်းဆိုသည်။

          ယင်းနေရာတွင် ဒေသခံများက ရွှေရှာခြင်းများ ပြုလုပ်ကြ သဖြင့် ရှေးဟောင်းသုတေသနဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး အနေဖြင့် ဦးအောင်ကြိုင်က သွားရောက်တားမြစ်ခဲ့ဖူးသည်။

          ကိုသိန်း၏အစ်ကိုဖြစ်သူကတော့ ဧဒင်ခြံအတွင်းသို့ လွန်ခဲ့ သည့် ခြောက်လခန့်က ရောက်သွားခဲ့ဖူးသည်ဟုဆိုသည်။

          ယင်းဝင်းထဲတွင် နေထိုင်သည့် ကောင်မလေးတစ်ယောက် ၏မိဘအား မင်္ဂလာစကားပြောရန် ရပ်မိရပ်ဖအနေဖြင့် ဝင် ရောက်ခဲ့ခြင်းဖြစ်သည်။ အထဲရောက်ချိန်တွင်တော့ “ဘာလို့ လာတာလဲ”ဆိုပြီးတော့ အစောင့်က ငေါက်လွှတ်လိုက်သဖြင့် အရှက်ရမိကြောင်း ပြောသည်။

          ပေါင်းကူးဘုရားဘက်သို့လှည့်ကြည့်ရာတွင် ရင်ပါနင့်ခဲ့ရ ကြောင်း ၎င်းင်းက ခုလိုပြောပြသည်။

          “ပေါင်းကူးပတ်ချာလည်များ ဘတ်ဖိုး(မြေတူးစက်)ကြီးနဲ့ ကုတ်နေတာ၊ အုတ်ချပ်တွေကိုဒီတိုင်း ထိုးချနေတာကွာ”

          ရွာထဲတွင်အဆောက်အအုံဆောက်ပါက ဘယ်လိုဆောက် ရမယ်၊ ဘာညာလာပြောပေမယ့် ကုန်းတွေကို မြေတူးစက်နှင့် ထိုး တာတောင် ရှေးဟောင်းသုတေသနဦးစီးဌာနက မတားဘဲ ကြည့် နေကြောင်းကို သူက ပြောပြီး ယခုကဲ့သို့ဆက်ပြောရင်း အသံ တိမ်ဝင်သွားလေသည်။

          “ဘာပြောနေနေ ရင်ထဲမကောင်းခဲ့ဘူးကွာ”

           ဦးအောင်ကြိုင်အနေဖြင့်လည်း ယင်းသတင်းကိုတော့ သိုးသိုးသဲ့သဲ့ကြားသိခဲ့ရသည်။

          “အဲဒီနေရာမှာ ကျောင်းပျက်ကလေးတွေတော့ရှိတယ်။ ဘုရားပျက်ကလေးတွေ၊ ကုန်းလေးတွေရှိတယ်။ ကြားတာကတော့ ဟုတ်၊ မဟုတ်တော့ မသိဘူး။ ကုန်းနှစ်ကုန်းထိုးပစ်တယ် ကြားတယ်။ အဲဒါကတော့ မလုပ်သင့်ဘူးပေါ့၊ ဒါခိုက်တယ်။ မမြင် အပ်တဲ့ ဟာတွေက ခိုက်တယ်”ဟုပြောသည်။

          ပုဂံခေတ်ကာလတွင် ယုံကြည်ကိုးကွယ်ရာကိစ္စရပ်တို့နှင့် ပတ်သက်သည့် ဘုရား၊ ပုထိုး၊ ကျောင်းကန်၊ ဥမင်နှင့် ကျုံးမြို့ရိုး တို့ကိုသာ အုတ်၊ ကျောက်တို့ဖြင့် တည်ဆောက်ကြပြီး သာမန်လူ နေအိမ်များကို သစ်၊ ဝါးတို့ဖြင့်သာ တည်ဆောက်ကြသည်။ နန်း တော်ရာများကိုပင် အောက်ခြေကိုသာ အုတ်တို့ဖြင့် တည် ဆောက်ပြီး အပေါ်ပိုင်းကိုတော့ သစ်တို့ဖြင့်သာ တည်ဆောက်ခဲ့ ကြလေသည်။

          ထို့ကြောင့် ဟိုတယ်ဆောက်ရန် တူးဆွဖြိုဖျက်လိုက်သောအုတ်အဆောက်အအုံတို့သည် ဘာသာရေးနှင့်ဆိုင်သည့် အဆောက်အအုံတို့သာ ဖြစ်နေမည်ဖြစ်သည်။ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) ကောက်ခံရယူထား သောစာရင်းများအရလည်း ပုဂံဒေသတွင် မတူးဖော်ရသေးသော ကုန်းပေါင်း ၈၀၀ ကျော် ရှိနေသေးသည်။

          “ပုဂံမှာမတူးဖော်ရသေးတဲ့ ကုန်းတွေ အများကြီးရှိတယ် ဆိုတော့ အဲဒါတွေတော့ ပျက်စီးနိုင်တာပေါ့။ ကျွန်တော်တို့ မသိ ခင်မှာ တူးလိုက်တဲ့အခါကျတော့ အဲဒါမျိုးတွေက ပျက်စီးနိုင် တယ်”ဟု ဒုညွှန်ချုပ် ဦးသိန်းလွင်က ပြောသည်။

          ဧဒင်လုပ်ငန်းတာဝန်ခံ ဦးကိုကိုမောင်ကတော့ ၎င်းင်းတို့ သည် စက်ယန္တရားကြီးများကို ဘုရားများအနီး တည်ဆောက်ရေး လုပ်ငန်းခွင်များအတွင်း အသုံးမပြုကြောင်း ငြင်းဆိုသည်။

          “ကျွန်တော်တို့ယန္တရားတွေက မြစ်ထဲမှာပဲ သုံးတာရှိ တယ်။ သဲကျုံးတာတို့၊ မြစ်ထဲမှာ မြေထိန်းနံရံလုပ်တာတို့”ဟု ပြောသည်။

          ဧဒင်အုပ်စု ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌဖြစ်သူ ဦးချစ်ခိုင်က လည်း ယခုကဲ့သို့ တုံ့ပြန်ပြောဆိုသည်။

          “အန်ကယ်ဆောက်လုပ်ရေးသမားပါ။ နိုင်ငံတကာကို လည်း လေ့လာတယ်။ အန်ကယ်တို့တည်ဆောက်တယ်ဆိုရင် ယန္တရားဆိုတာ ဒီထန်းပင်ကြီးတွေ၊ ဘာတွေကို ရွှေ့ပြောင်းတဲ့ အခါ သုံးတဲ့ဟာတစ်ခုပါပဲ။ ဒီဟာကို ထိခိုက်အောင်လို့ Vibration တွေ၊ ဘာတွေများတဲ့စက်တွေကို အန်ကယ်တို့မသုံးပါဘူး”ဟုဆိုသည်။

          ထို့အပြင် ဥယျာဉ်စိုက်ပျိုးခြင်းတို့အတွက်လည်း ရှေး ဟောင်း၏ကြိုတင်ခွင့်ပြုချက်ရမှာသာလျှင် ဆောင်ရွက်ရသည်။ သို့သော်လည်း ယင်းဥပဒေတို့သည် ဧဒင်ခြံထဲကိုရော၊ အနီးပတ် ဝန်းကျင်ကိုပါ မသက်ရောက်သကဲ့သို့ ဖြစ်နေသည်။

          ယင်းခြံ၏အပြင်ဘက်ဖြစ်သည့် မင်္ဂလာစေတီ အနောက် ဘက်တွင်ပင် သစ်ပင်များစိုက်ပျိုးနေသည်မှာ တောထနေသည်။ ညွှန်ကြားချက်အမှတ် ၂/၂၀၁၄ အရ လယ်မြေယာမြေများပေါ် တွင်သာ စိုက်ပျိုးခွင့်ရှိပြီး ယင်းသို့စိုက်ပျိုးရာတွင်လည်း မြေ အနက် တစ်ပေသာ တူးခွင့်ရှိပြီး ခြောက်ပေထက်မြင့်သော သစ် ပင်များလည်း စိုက်ခွင့်မရှိပေ။

          ဧဒင်ခြံအတွင်း သစ်ပင်တွေစိုက်ပျိုးနေမှုများနှင့်ပတ်သက် ၍လည်း အငြင်းပွားဖွယ်ရာများဖြစ်နေသည်။

          ဧဒင်အနေဖြင့် ၎င်းင်းခြံထဲတွင် မည်သို့သောသစ်ပင်များ မည်သည့်နည်းဖြင့်စိုက်သနည်းဟူသည်ကို ပုဂံဒေသဖွံ့ဖြိုးရေး အသင်းမှ ဦးသူရက ယခုလိုပြောပြသည်။

          “သစ်ပင်တွေကို ရွှေ့စိုက်ခဲ့တာ။ သစ်ပင်တွေကို ဘယ် လောက်အထိရက်စက်လဲဆိုတော့ ထနောင်းပင်ကြီးတွေကို ရွှေ့ စိုက်တာ”ဟုပြောသည်။

          အနီးအနားပတ်ဝန်းကျင်ရွာများအတွင်းရှိ သက်တမ်းရင့် ထနောင်းပင်၊ တမာပင်၊ ထန်းပင် စသည်တို့ကို အပင်ပွဲစားများမှ တစ်ဆင့်ဝယ်ကာ စက်ယန္တရားကြီးများသုံး၍ ရွှေ့စိုက်ခဲ့ကြသည်။ ယင်းတို့ကိုစိုက်ရန် မြေကြီးအတွင်း ရှစ်ပေလောက် ကျင်းများ လည်းတူးခဲ့သည်ဟု ဦးသူရက ပြောပြသည်။

          “စိမ်းညက်(စိမ်းညက်ညီအစ်မဘုရား)အရှေ့ဘက်က ထနောင်းတောဆိုရင်ကုန်ပြီ”ဟု ဆက်ပြောသည်။

          ဦးဝင်းမောင်ကတော့ ယခုနေရာသည် လုံးဝတူးဆွခွင့်မရှိသည့်နေရာများဖြစ်သည့်အပြင် ပါးစပ်ရာဇဝင်အရ စုက္ကတေး သင်္ချိုင်းရှိခဲ့သည်ဟု ဆိုကြသောနေရာလည်းဖြစ်နေကြောင်း ပြောသည်။

          “သစ်ပင်တွေကို မြေကြီးတွေ တူးတူးပြီး သစ်ပင်စိုက် တဲ့အခါ ဒါသာမန်မဟုတ်နိုင်တော့ဘူး။ တစ်ခုခုကို သူတို့ရှာဖွေ နေတာလားပေါ့။ သံသယစိတ်တွေ ပွားလာတယ်”ဟုဆိုသည်။

          ပုဂံဒေသခွဲ၏ ညွှန်ကြားရေမှူးဦးအောင်နိုင်မြင့်ကတော့ ရုံးချုပ်က ဧဒင်ကိုစောင့်ကြည့်ပါဟုဆိုသဖြင့် စောင့်ကြည့်၍ပင် နေရကြောင်းပြောသည်။

          “စောင့်ကြည့်ပါဆိုလို့ စောင့်ကြည့်ပြီး အစီရင်ခံစာတင်နေ ရတယ်။ သူတို့ဘယ်လောက်ပြီးသွားပြီဆိုတာ ရာနှုန်းနဲ့ တို့က ပြောရသလိုဖြစ်နေတယ်။ သူတို့အလုပ်သမားတွေ(အလုပ်) လုပ် သလား၊ မလုပ်သလား သွားစစ်ပေးရသလိုဖြစ်နေတယ်”

          ယခုအချိန်တွင် ပုဂံဒေသတွင်ဖြစ်ပေါ်နေသည့် ဟိုတယ် အရှုပ်အရှင်းများကို တရားစွဲဆိုရန်ပြင်ဆင်နေမှုရှိသော်လည်း အဆိုပါ ဟိုတယ်စာရင်းထဲတွင် ဧဒင်ဟိုတယ်ဆောက်လုပ်ရေး လုပ်ငန်း မပါဝင်ပေ။

          ရှေးဟောင်းသုတေသနအနေဖြင့် ဧဒင်ဟိုတယ်တည် ဆောက်ရေးလုပ်ငန်းကို ဆက်လက်မလုပ်ကိုင်ရန် တားထား သည်ဆိုသော်လည်း ကျွန်တော်ရောက်သည့်အချိန်တွင်တော့ အရှိန်အဟုန်ကောင်းကောင်းနှင့် တည်ဆောက်နေဆဲပင် ဖြစ် သည်။ လုပ်ငန်းခွင်အတွင်းမှ ထွက်လာသော ပန်းရံလုပ်သား တစ်ဦးကို မေးမြန်းကြည့်ရာ ၎င်းင်းတို့လုပ်ငန်းခွင်အတွင်းပင် လူ ၆၀ ခန့်ရှိနေပြီး ထိုသို့လုပ်ငန်းခွင်များစွာ ရှိနေသည်ဟုပြောသည်။

မြင်းကပါရွာထဲတွင်ရှိသောဘုန်းကြီးကျောင်း(ရှမ်းကျောင်း)ထဲတွင်ပင် ယင်းလုပ်ငန်းခွင်မှ အလုပ်သမားများ တဲထိုးပြီး နေ နေကြသည်။ ယင်းတို့အနီးတွင်ရှိသော ရေမရှိသည့် မြင်းကပါ ချောင်းထဲသို့ ကျွန်တော်နှင့် မြင်းကပါရွာသား ကိုသိန်းတို့ ဖြတ် သန်းသွားသည့်အခါတွင်တော့ မစင်ပုံများက နေရာအနှံ့အပြား ပင်ရှိနေသည်။

          မြင်းကပါချောင်းကိုလွန်လျှင် ဧရာဝတီမြစ်၏သဲသောင် များပေါ်တွင် စိုက်ထားသော ယာခင်းများကိုဖြတ်၍ ကျွန်တော် နှင့် ကိုသိန်းတို့ဧဒင်ခြံရှိရာဘက်သို့ လာခဲ့ကြသည်။

          ကျွန်တော်မြင်တွေ့ရသည့်မြင်ကွင်းကတော့ သဲသောင်ခုံ ပေါ်တွင် မြေတူးစက်၊ မြေသယ်ကား၊ ဆောက်လုပ်ရေးလုပ်ငန်းခွင် သုံး ကရိန်းစက် စသည်တို့သည် မြို့ကြီးတစ်မြို့ တည်ဆောက်နေ သည့်အလား ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်စိတ်တစ်ပိုင်းကို တွေ့မြင်ခဲ့ရသည်။

          ဧရာဝတီမြစ်သဲသောင်ပြင်ကို တူးဖော်နေမှုများ၊မြေစာစုပုံမှုများ၊ ဓာတ်ကြိုးသွယ်တန်းထားမှုများနှင့် ကျွန်တော်တို့ရှေ့ တွင် ဆီးမိုးနေသည့် ကျောက်နံရံကြီးကိုလည်း တွေ့မြင်ရသည်။ ယင်းကျောက်နံရံထက် မြေပြင်ပေါ်တွင်တော့  အုတ်စိမ်းများ လှန်းထားသည်ကိုတွေ့ရသည်။

          ရှေ့သို့ဆက်သွားကြမလားဟု ကျွန်တော်က ကိုသိန်းကို မေးရာ ၎င်းက “မြန်မာပြည်လွတ်လပ်ရေးရနေတာ ၄၈ ခုနှစ်က တည်းက၊ မြန်မာပြည်ထဲဘယ်သွားသွားရတယ်”ဟုပြောပြီး ရှေ့ ဆက်သွားလေသည်။

          ကျောက်နံရံထက်တွင် ပေါင်းကူးဘုရားကို မြင်လိုက်ချိန် တွင်တော့ ကျွန်တော်က လက်ကိုင်ဖုန်းကိုထုတ်၍ ဓာတ်ပုံရိုက် လိုက်သည်။

          ထိုအချိန်တွင် ယင်းလုပ်ငန်းခွင်အတွင်းမှ လူတစ်ယောက် က “ဓာတ်ပုံမရိုက်နဲ့”ဟုအော်ဟစ်ကာ ပြေးဆင်းလာလေသည်။ ကျွန်တော်တို့ရိုက်နေသည်မှာ ဧရာဝတီမြစ်သဲသောင်ပြင်ပေါ်မှ ဖြစ်သည်။ သို့သော်လည်း ထိုသူတို့သည် မြစ်ကိုပင် ပိုင်လေသည် လားမပြောတတ်။

          ၁၉၄၈ခုနှစ် ကတည်းက လွတ်လပ်ရေးရသည်ဟုဆိုသော ကိုသိန်းနှင့် ကျွန်တော်တို့လည်း လှမ်းမေးသည့်သူ မရောက်မီ နောက်လှည့်၍ ပြန်လာခဲ့သည်။

          မြစ်ချောင်းအင်းအိုင်များအနီး မြေနုကျွန်းများအပေါ်တွင် ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံတည်ဆောက်နေမှုများသည် ဥပဒေကြောင်းအရ တရားဝင်၊ မဝင်မေးမြန်းရာ တရားလွှတ် တော်ရှေ့နေ ဦးကိုနီက “မရဘူးကွ။ အခုမင်းမေးတာက လူတွေ မတော်မတရား လုပ်နေကြတဲ့ဟာတွေကို မေးနေတာ”ဟု ပြန် လည်ဖြေကြားသည်။

          “ရှင်းရှင်းပြောရရင် အဲဒါညစ်ပတ်တာပေါ့။ တရားမဲ့ပြု ကျင့်တာ။ ဒါကိုအာဏာပိုင်တွေခွင့်ပြုတယ်ဆိုရင် အာဏာပိုင် တွေနဲ့ ပေါင်းပြီး မဟုတ်တာလုပ်တာ”ဟု သူက ဆက်ပြောသည်။

          ညောင်ဦးမြို့နယ် ရေအရင်းအမြစ်နှင့် မြစ်ချောင်းဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်နိုင်က မြစ်ကမ်းနားတွင်တည်ဆောက်နေသော မြေထိန်းနံရံ တည်ဆောက်မှုသည် ၎င်းင်းတို့အနေဖြင့် ခွင့်ပြုထားခြင်းမရှိဘဲ တားမြစ်စာပင် ထုတ်ထားသည်ဟု ပြောသည်။

          ယင်းမြေထိန်းနံရံသည် ဧရာဝတီမြစ်ပိုင်နက်ထဲတွင် မြေဖို့ ကာကာရံထားသည့်အတွက် ရေကြောင်းပိတ်ဆို့မှုဖြစ်စေသည် ဟု သူက ဥပမာပေး၍ ရှင်းပြသည်။

          “ရေစီးကြောင်းတစ်ခုမှာ အရှေ့က ဘလော့(ပိတ်ဆို့)ခံ လိုက်ပြီဆိုတာနဲ့ တန့်သွားပြီးတော့ ဝဲဖြစ်တတ်တယ်။ ဝဲဖြစ်လာ ပြီးတော့ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းကို တိုက်မှာစိုးလို့ ကျွန် တော်တို့ကတားတယ်”ဟု ဦးအောင်ကျော်နိုင်က ရှင်းပြသည်။

          ဗူးဘုရားအနီးရှိ ဧရာဟိုတယ်မှစတင်၍ ဧဒင်ဟိုတယ်အထိ ဟိုတယ်များက ဧရာဝတီမြစ်ကမ်းနားပိုင်းတွင် အဆောက်အအုံ များပိတ်ဆို့ကာ တည်ဆောက်လိုက်သောကြောင့် မြစ်အောက် ပိုင်းကျသော လောကနန္ဒာဘုရားအနီးရှိ စားသောက်ဆိုင်များနှင့် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတွင် ကမ်းပြိုမှုဖြစ်ပေါ်လာကြောင်း သူကပြောသည်။

          ယင်းသို့တည်ဆောက်နေခြင်းသည် ကာလစည်းကမ်း သတ်ဥပဒေ၊ ယဉ်ကျေးမှုအမွေအနှစ်ဒေသများကာကွယ် ထိန်း သိမ်းရေးဥပဒေတို့နှင့် မညီညွတ်သလို ရေအရင်းအမြစ်နှင့် မြစ် ချောင်းများထိန်းသိမ်းရေးဥပဒေအရလည်း ငြိစွန်းနေသည်။

          ကမ်းနားနယ်မြစ်ချောင်းနယ်တို့တွင် အစိုးရ၏ ခွင့်ပြုချက် မရှိဘဲ ဥယျာဉ်ခြံမြေစိုက်ပျိုးခြင်း၊ မြေတူး ခြင်း၊ မြေဖို့ခြင်း၊ တမံဖို့ ခြင်း၊ သဲတူးခြင်း၊ သဲစုပ်ခြင်း၊ သဲကျုံးခြင်း၊ အဆောက်အအုံများဆောက်လုပ်ခြင်းတို့ကို ယင်းဥပဒေ ပုဒ်မ ၁၂၊ ၁၃ နှင့် ၂၃(ခ) တို့အရ တားမြစ်ထားသည်။

          ယင်းတို့ကိုချိုးဖောက်ပါက ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်နိုင်သည်ဟု အဆိုပါဥပဒေတွင် ဖော်ပြထားသည်။

          ဦးကိုကိုမောင်ကတော့ ယင်းသို့မြစ်ထဲတွင် သဲကျုံးခြင်းကဲ့ သို့သော ကိစ္စမျိုးကို ပုဂံဒေသတွင် ခွင့်ပြုချက်အထူးတလည် တောင်းခံကြခြင်းမရှိသဖြင့် ၎င်းင်းတို့အနေဖြင့် မတောင်းခံခဲ့ခြင်း ဖြစ်ကြောင်းပြောသည်။

          ဦးချစ်ခိုင်ကတော့ ယင်းသို့သဲ၊ ကျောက်များ စုပုံခြင်း၊ ထုတ်ခြင်းနှင့်ပတ်သက်၍ ယခုလိုမှတ်ချက်ပေးသည်။

          “အန်ကယ်တို့လည်း ဆောက်လုပ်ရေးလုပ်နေတာ။ ရန်ကုန်နဲ့ အနီးတစ်ဝိုက်မှာတောင် ဒီလိုခွင့်ပြုချက်တောင်းတာ နည်း ပါတယ်”ဟု ဆိုသည်။

          ခရိုင်အုပ်ချုပ်ရေးမှူးကတော့ အစိုးရအာဏာပိုင်များ အနေဖြင့် ၎င်းင်းတို့တိုးချဲ့တည်ဆောက်ခြင်းကို ခွင့်ပြုမထားသကဲ့ သို့ မြေထိန်းနံရံကြီး (Retaining Wall) တည်ဆောက်မှုကိုလည်း လာရောက်တင်ပြထားခြင်းမရှိဟု ပြောသည်။

          ဦးချစ်ခိုင်ကတော့ မြေထိန်းနံရံတည်ဆောက်ရန် ယခင် အစိုးရလက်ထက်ကတည်းက တင်ပြထားကြောင်း ပြောသည်။ ထို့အပြင် ၎င်းင်းတို့အနေဖြင့်လည်း ကမ်းပါးများပြိုတော့မည့် အန္တရာယ်ရှိသည့်အတွက် အကုန်အကျခံ၍ လုပ်ဆောင်လိုက်ရ ကြောင်း ပြောသည်။

          “အဲဒီမှာသွားကြည့်ရင်တော့ တွေ့မှာပေါ့။ ဘုရားတစ်ဆူ ဆိုရင် တစ်ခြမ်းပြိုကျသွားပြီ။ အဲဒီတော့ ဒီဟာကြီးက ဆက်ထား ရင် အကုန်လုံးရေတိုက်စားပြီး ပြိုကျသွားမယ်”

          ယင်းကိစ္စသည် ရှေးဟောင်းသုတေသနဦးစီးဌာနက လုပ်ရမည့်တာဝန်ဖြစ်ပြီး ၎င်းင်းတို့အနေဖြင့် ငွေကြေးမြောက်မြားစွာ အကုန်အကျခံ၍ ဆောင်ရွက်ထားရခြင်းဖြစ်ကြောင်းပြောသည်။

ကမ်းနားတွင် ဤကဲ့သို့ မြေထိန်းနံရံတည်ဆောက်ခြင်းသည် ရှေး ဟောင်းအမွေအနှစ်ကို ထိခိုက်စရာမရှိဟုလည်း သူကပြောသည်။ ထို့ပြင် ၎င်းင်းတို့ဘေးကပ်ရက်တွင် တည်ဆောက်ထားသည့် နိုင်ငံ တော်ဧည့်ဂေဟာဆိုလျှင်လည်း သံကူကွန်ကရစ်နှစ်ထပ် အဆောက်အအုံကြီးဖြစ်ပြီး မည်သည့်ရှေးဟောင်းအဆောက် အအုံကိုမျှ ထိခိုက်သွားခြင်း မရှိကြောင်း ပြောသည်။

          ဦးကိုကိုမောင်ကတော့ မြေထိန်းနံရံတည်ဆောက်သည့် အချိန်တွင် သက်ဆိုင်ရာသို့ ခွင့်ပြုမိန့်တင်ခဲ့ဖူးသော်လည်း ပုံစံ များ ပြန်ပြောင်းတင်ခိုင်းခြင်းဖြင့် လုပ်ငန်းကြန့်ကြာနေသော ကြောင့် ၎င်းင်းတို့တည်ဆောက်လိုက်ကြောင်း ပြောပြသည်။

          တရားလွှတ်တော်ရှေ့နေ ဦးကိုနီကတော့ သက်ဆိုင်ရာက တားဆီးနေသည့်ကြားမှ တည်ဆောက်နေခြင်းသည် “ဥပဒေကို ပြောင်ချိုးဖောက်ရာ ရောက်တာပဲ”ဟု ယင်းကိစ္စအပေါ် သုံးသပ်သည်။

          ဧဒင်ဆောက်လုပ်ရေးခွင်အား Phase 1 နှင့် Phase 2 အဖြစ် ခွဲခြားဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခု Phase 1 ထဲတွင် တော့ လုံးချင်းဟိုတယ်ပေါင်းအလုံး ၇၀ ကျော်ဆောက်လုပ်ထား ပြီးဖြစ်ကြောင်း ဦးကိုကိုမောင်က ပြောသည်။ ကျန်အပိုင်းတွင် ဟိုတယ် ၄၉ လုံးတည်ဆောက်ရန် လျာထားသော်လည်း ယင်းနေ ရာတွင် အလုပ်သမားများထားရှိထားခြင်းနှင့် ဥပဒေအသစ်များ လည်း ထွက်ရှိလာသဖြင့် ယင်းတို့ကိုဆောက်လုပ်ရန်အတွက် ပြန်လည်စဉ်းစားနေကြောင်း ပြောသည်။

          “အန်ကယ်တို့တစ်တွေက ဆက်လုပ်ဖို့အတွက်ကို တင်ပြ မှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အခုတားတဲ့ဟာတွေက အရင် တုန်းက ခွင့်ပြုမထားဘဲဆောက်တဲ့ဟာတွေနဲ့  ရောပြီး အမှုဖြစ် နေတယ်။ အန်ကယ်တို့က မူလကတည်းက ဟိုတယ်ဇုန်အဖြစ် သတ်မှတ်ထားတဲ့နေရာ”ဟု ဦးချစ်ခိုင်က ပြောသည်။

          ရှေးဟောင်းနေရာတည်ရှိရာ ဇုန်နေရာတွင် ဟိုတယ်ဇုန် အဖြစ် သတ်မှတ်ခြင်းမှာ မဖြစ်သင့်သည့်ကိစ္စဖြစ်ပြီး ယင်းမှာ စီမံ ခန့်ခွဲမှုအမှားများသာဖြစ်ကြောင်း ယူနက်စကိုမှ ကျွမ်းကျင်ပညာ ရှင်များက ပြောသည်။

          တပ်မတော်အစိုးရလက်ထက်က လက်ရှိဧဒင်နေရာဖြစ် သည့် ဟိုတယ်ဇုန်(၁)အပါအဝင် ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံ တည်ရှိရာဇုန် (MZ)ထဲတွင်ပင် ဟိုတယ်ဇုန်(၂) နှင့် (၃)တို့ကိုပါ သတ်မှတ်ပေးလိုက်ခြင်းဖြစ်သည်။ ထို့အတွက် ကြောင့် ယခင်ကခွင့်ပြုထားသည့် ယင်းလုပ်ငန်းများသည် ရှေး ဟောင်းသုတေသနအမြင်အရ လက်မခံနိုင်စရာဖြစ်နေပြီး ယခု နောက်ပိုင်းပေါ်ထွက်လာသည့် ဥပဒေများအရလည်း တရားမဝင် တော့ပေ။

          ပုဂံဒေသခံဦးဝင်းမောင်ကတော့ ယင်းတို့ဆောက်လုပ်နေ ခြင်းသည် ဥပဒေအရ မှန်ကန်ကောင်း မှန်ကန်နိုင်မည်ဖြစ်သော် လည်း စီးပွားရေးသမားများအနေဖြင့် ယဉ်ကျေးမှုရှုထောင့်အရကြည့်သင့်ကြောင်းပြောသည်။

          တရားလွှတ်တော်ရှေ့နေဦးကိုနီကလည်း ယင်းသို့ သမိုင်းယဉ်ကျေးမှုအမွေအနှစ်များနှင့် ဆက်စပ်နေသည့်နေရာတွင် အဆောက်အအုံများ တည်ဆောက်ရန်မသင့်ကြောင်း ပြောဆိုပြီး ဟိုတယ်များကို ဝေးဝေးလံလံတွင် ဆောက်ပြီး ရှေးဟောင်းအမွေ အနှစ်များကို ခြေရာလက်ရာ မပျက်ထားသင့်ကြောင်း ပြောသည်။

           “တချို့တချို့သော စီးပွားရေးသမားတွေက တကယ့်ကို ယဉ်ကျေးမှုအမွေအနှစ်မြေတွေပေါ်မှာ အဆောက်အအုံတွေ ဆောက်ဖို့ ကြိုးစားနေတာဖြစ်တယ်။ ဟိုဘက် စစ်အစိုးရခေတ်မှာ ဆိုရင် လူကြီးနဲ့ပိုင်ရင် ဘာမဆိုလုပ်လို့ရတယ်ဆိုတဲ့ပုံမျိုးနဲ့ လုပ် ထားတာတွေလည်း တွေ့ရတယ်”ဟု ၎င်းင်းက ဆိုသည်။

အပိုင်း(၅)  |  အပိုင်း(၇)

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."