နိူင်ငံရေး ရေသေရပ်ဝန်း

နိူင်ငံရေး ရေသေရပ်ဝန်း

ယခု သတင်းသုံးသပ်ချက်ဆောင်းပါးသည် အမှတ်(၂၀)၊  ဖေဖော်ဝါရီလ၊ ၂၀၁၅ ၊ တွင်ဖော်ပြခဲ့ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။

သန်းစိုးနိူင် ရေးသားသည်။

၂ဝ၁၅၊ ဇန်နဝါရီ ၄ ရက်မှာ ကျရောက်တဲ့ ၆၇ ကြိမ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာထဲမှာ သမ္မတဦးသိန်းစိန်က ”ယနေ့အချိန်အခါတွင် နိုင်ငံတော်၌ ဖြစ် ထွန်းလျက်ရှိသော နိုင်ငံရေးဖြစ်စဉ်နှင့် ပြုပြင်ပြောင်းလဲရေးလုပ် ငန်းစဉ် အဆင့်ဆင့်တို့သည် အတိုင်းအတာတစ်ခုသို့ အောင်မြင် စွာ ရောက်ရှိနေပြီဖြစ်သည်။ မိမိတို့အစိုးရ၏ နိုင်ငံရေးအရလည်း ကောင်း၊ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးအရ လည်း ကောင်း၊ ငြိမ်းချမ်းရေးတွက်လည်းကောင်း ကြိုးပမ်းအကောင် အထည်ဖော်ခဲ့ကြသည့်အထဲမှ သိသာထင်ရှားသည့် ရလဒ်တစ်ခု မှာ နိုင်ငံရေးယဉ်ကျေးမှုသည် အသက်ဝင်ရှင်သန်လာခြင်းပင် ဖြစ်သည်။

စေ့စပ်ဆွေးနွေးအဖြေရှာကြရန်ဆိုသည့် နိုင်ငံရေးယဉ် ကျေးမှုသစ် အသက်ဝင်ရှင်သန်လာသည့်အတွက် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးသည် ယနေ့အထိ လမ်းကြောင်းမှန်ပေါ် တွင် ဆက်လက်ရှင်သန်နေခြင်းဖြစ်ပါသည်”လို့ ဖော်ပြထားပါ တယ်။ သမ္မတကြီးဦးသိန်းစိန်ရဲ့ လက်ရှိနိုင်ငံရေးအနေအထား အပေါ် အကောင်းမြင်ဝါဒနဲ့ အကဲဖြတ်ချက်တွေထဲမှာ အဓိက အပိုင်းနှစ်ပိုင်း ပါဝင်နေပါတယ်။ တစ်ပိုင်းကတော့ ဦးသိန်းစိန် အစိုးရအဖွဲ့ရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်အဆင့်ဆင့် ဟာ အောင်မြင်ဖြစ်ထွန်းနေကြောင်းနဲ့ နောက်တစ်ပိုင်းကတော့ စေ့စပ်ဆွေးနွေးအဖြေရှာရေး နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ် ရှင်သန်လာတဲ့အတွက် ဒီမိုကရေစီအသွင်ကူးပြောင်းရေးဟာ လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေကြောင်းတို့ပဲ ဖြစ်ပါတယ်။

ဒီမှာတင် သမ္မတရဲ့ သဝဏ်လွှာပါ အောင်မြင်မှုဆိုတာတွေ အပေါ် ဝေဖန်ဆွေးနွေးစရာတွေ ရှိလာပါတော့တယ်။

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ ”ကျွန်မတို့ မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရလာတာ အခု ၆၇ နှစ် ရှိသွားပါ ပြီ။ ကျွန်မအမြင်အနေနဲ့ ပြောရရင် ဒီနိုင်ငံရဲ့ အခြေအနေနဲ့ပတ် သက်လို့ ကျေနပ်ပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်ဟာ အင်မတန်နည်းလိမ့် မယ်လို့ထင်ပါတယ်။ နည်းလည်း နည်းသင့်ပါတယ်။ တိုးတက်ဖို့ အများကြီးလိုပါသေးတယ်။ ဒါကြောင့် နိုင်ငံရဲ့ လက်ရှိအခြေအနေ ကို ကျေနပ်နေလို့ မဖြစ်ပါဘူး”လို့ ပြောသွားခဲ့ပါတယ်။ ဒေါ် အောင်ဆန်းစုကြည်အနေနဲ့ လက်ရှိတိုင်းပြည်အခြေအနေကို ကျေနပ်နေတဲ့ လူနည်းစုဆိုတာ ဘယ်သူရယ်လို့ ထုတ်ဖော်ပြော မသွားပေမယ့် သမ္မတရဲ့ လွတ်လပ်ရေးသဝဏ်လွှာပါ အမြင်တွေ နဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင် အာဏာရအသိုင်းအဝိုင်းထဲက လူတစ် စုလောက်သာ ဖြစ်လိမ့်မယ်ဆိုတာ အလွန်ရှင်းပါတယ်။ ဒီဇင်ဘာ ၃ဝ ရက်က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်း စုကြည်ပြောသွားတဲ့ ကောက်ချက်က ပိုပြီး ရှင်းလင်းပြတ်သားပါ တယ်။ အဲဒီမှာ ”အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး ဘယ်ဟာမှ အောင်မြင်တယ်လို့ ပြောစရာမရှိပါဘူး”ဆိုပြီး ထောက်ပြလိုက်ပါတယ်။

ဒီလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝေဖန်ထောက်ပြချက်ကို အဲဒီအချိန်က သမ္မတဦးသိန်းစိန်လည်း ဝန်ခံဖြောင့်ချက်ပေးခဲ့ပါ သေးတယ်။ ၂ဝ၁၅၊ ဇန်နဝါရီ ၁ ရက် နိုင်ငံတော်အခြေအနေ အစီ ရင်ခံတင်ပြရာမှာ သမ္မတဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေးလုပ် ငန်းအမြောက်အမြားကို တစ်ပြိုင်နက် ဆောင်ရွက်ရသည့် အတွက် ပြည်သူများ မျှော်လင့်သလောက် မဆောင်ရွက်နိုင်ခဲ့ ကြောင်း ဝန်ခံခဲ့တာ ဖြစ်ပါတယ်။ ပြည်သူအများစုရဲ့ ဆန္ဒနဲ့ လို လားချက်တွေ ပြည့်မီရေးအတွက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်း တွေ ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။ ဒါ့ အပြင်အဘက်ဘက်က ရေရှည်ခေတ် နောက်ကျခဲ့တဲ့ မြန်မာနိုင်ငံ၊ မြန်မာ လူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေးလုပ်ငန်း စဉ် အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေး အတွက် အခက်အခဲတွေ ပြည့်နှက်နေတဲ့ စိန်ခေါ်မှုများစွာကို ကျော်လွှားရဦးမယ်လို့လည်း သတိ ပေးသွားခဲ့ပါတယ်။ နောက်ဆုံးမှာ ရည်မှန်းချက်ပန်းတိုင်ကိုရောက်ဖို့ များစွာ ဝေးကွာလိုအပ်နေဆဲဖြစ် တယ်လို့လည်း ဝန်ခံသွားခဲ့ပါသေး တယ်။ ဒါပေမဲ့ နောက်သုံးရက်အကြာ ပေးပို့တဲ့ လွတ်လပ်ရေးသဝဏ်လွှာမှာ တော့ အောင်မြင်မှုတွေနဲ့ ရွှန်းရွှန်းဝေ နေသယောင် ပြောင်ပြောင်တင်းတင်း တင်ပြသွားခြင်းဖြစ်ပါတယ်။ တိုင်း ပြည်ကို အခြေအနေမှန်အတိုင်း ရှင်း လင်းပြတ်သားစွာအသိပေးဖို့ တာဝန်ရှိတဲ့ နိုင်ငံတော်အကြီး အကဲတစ်ယောက်အနေနဲ့ ‘အခု စာကလေးကြော်၊ အခု ဆီ ထမင်း’ဆိုတာလို အမြင်သဘောထားတွေ တစ်နေ့တစ်မျိုး ဖြစ်နေတာ သိပ်မသင့်လျော်လှပါဘူး။

 

နိုင်ငံရေးယဉ်ကျေးမှုသစ်

သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံရေးအရ အမျိုးသားပြန်လည်စည်းရုံးရေးနှင့် ငြိမ်းချမ်းရေးကြိုးပမ်း အကောင်အထည်ဖော်ရင်း ရလဒ်အဖြစ် စေ့စပ်ဆွေးနွေးအဖြေ ရှာရေးဆိုတဲ့ နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ် ရှင်သန်သက်ဝင် လာပြီလို့ ဆိုပြန်ပါတယ်။ တကယ်တော့ စေ့စပ်ဆွေးနွေး အဖြေ ရှာရေးဆိုတဲ့ နိုင်ငံရေးယဉ်ကျေးမှုသစ်ဆိုတာကို တောင်းဆိုတင် ပြခဲ့တာ သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့ မဟုတ်ပါဘူး။ တွေ့ဆုံဆွေး နွေးရေး ယဉ်ကျေးမှုသစ်ကို ရှစ်လေးလုံးအရေးအခင်းပြီးစက တည်းက တောင်းဆိုတင်ပြခဲ့တာ ဒေါ်အောင်ဆန်းစုကြည်ပါ။ အဲဒီအချိန်က ငြင်းပယ်ခဲ့တာ ဗိုလ်ချုပ်မှူးကြီးစောမောင်ရဲ့ နဝတ အစိုးရအဖွဲ့ပါ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သုံးယောက်တွဲ ဓာတ်ပုံရိုက်ပြခဲ့တာက လွဲလို့ နိုင်ငံရေးဆွေးနွေးပွဲဆိုတာမျိုး ရှိခဲ့ပုံ မရပါဘူး။ နအဖ အစိုးရအဖွဲ့လက်ထက်မှာလည်း ဆက်ဆံရေးအရာရှိ ဦးအောင် ကြည်ကတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်သဘောထား တချို့ တင်ပြခွင့်ရခဲ့တာက လွဲလို့ တူတူတန်တန် အပြန်အလှန် ဆွေးနွေးတင်ပြခွင့်ရခဲ့တယ်ဆိုတာ မရှိသလောက်ပါပဲ။ ၂ဝဝ၉ ခုနှစ်ကဆိုရင် တိုင်းပြည်ရဲ့ ပြဿနာတွေကို ဆွေးနွေးညှိနှိုင်းခွင့် ရဖို့ ဘယ်လိုတန်ဖိုးမျိုးပဲ ပေးရ ပေးရ တွေ့ဆုံပါရစေလို့ ဒေါ်အောင် ဆန်းစုကြည်က တောင်းပန်မေတ္တာရပ်ခံခဲ့တာကိုတောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မတူမတန်သလို ငြင်းဆန် ပယ်ချခဲ့ပါတယ်။ အမျိုးသားပြန် လည်သင့်မြတ်ရေး စိတ်ဓာတ်နဲ့ စေ့ စပ်ဆွေးနွေး အဖြေရှာတဲ့ နိုင်ငံရေးယဉ်ကျေးမှုသစ်ထူထောင်ဖို့ ပထမ ဆုံးနဲ့ တစ်လျှောက်လုံး တောင်းဆိုခဲ့ သူဟာ ဒေါ်အောင်ဆန်းစုကြည်ပါ။ ဒီယဉ်ကျေးမှုသစ်ကို တစ်လျှောက် လုံး ငြင်းဆန်ပယ်ချခဲ့တာ စစ်အာ ဏာပိုင်တွေဘက်ကပါ။

လက်ရှိသမ္မတဦးသိန်းစိန်ရဲ့ အရပ်သားတစ်ပိုင်း အစိုးရလက် ထက်မှာလည်း ၂ဝ၁၃၊ စက်တင်ဘာ ကတည်းက ဒေါ်အောင်ဆန်းစုကြည် ဟာ စေ့စပ်ဆွေးနွေးအဖြေရှာတဲ့ နိုင်ငံရေးယဉ်ကျေး မှုထူထောင်ဖို့ လေးပွင့်ဆိုင်တွေ့ဆုံရေးကို တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ သမ္မတနဲ့ ကာချုပ်တို့က လက် ရှောင်နေခဲ့ကြပါတယ်။ ၂ဝ၁၄၊ နိုဝင်ဘာ သမ္မတအိုဘားမား ခရီး စဉ်နီးကာမှ ၁၄ ပွင့်ဆိုင် နိုင်ငံရေးထိုးဇာတ်တစ်ပုဒ် ကမန်းကတန်း ပွဲထုတ်ရင်း ထိပ်သီးထမင်းစားပွဲတစ်ရပ် ကျင်းပလိုက်ပါသေး တယ်။ နိုင်ငံရေးအရ ဘာမှ အနှစ်အသားမပါတဲ့ ဗလာလုပ်ဇာတ်ပွဲ တစ်ပွဲပါပဲ။ ဒါကြောင့် ပြည်ထောင်စု လွှတ်တော်က ‘ရှဉ့်လည်း လျှောက်သာ၊ ပျားလည်း စွဲသာ’မယ့် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေး နွေးကြဖို့ အစိုးရအဖွဲ့ကို တိုက်တွန်းကမ်းလှမ်းလိုက်ပါတယ်။ ဒီလွှတ်တော်ရဲ့ ကမ်းလှမ်းချက်ကို အစိုးရအဖွဲ့က ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်မှတစ်ဆင့် ၁၂ ပွင့်ဆိုင် တွေ့ဆုံရေးဆိုတဲ့ အဆိုပြုချက်နဲ့ ချက်ချင်းမွေးပေးလိုက်ပါတယ်။ ဆိုရရင် အာဏာ ပိုင်အသိုင်းအဝိုင်းအနေနဲ့ ဘယ်နှပွင့်မှ ဆိုင်လိုတဲ့ ဆန္ဒမရှိကြောင်း ဒီဖြစ်စဉ်က သက်သေထူ ပြနေပါတယ်။ ဒါကြောင့် သမ္မတကြီးရဲ့ စေ့စပ် ဆွေးနွေးအဖြေရှာရေးဆိုတဲ့ နိုင်ငံရေးယဉ်ကျေးမှုသစ် တစ်ရပ် ရှင်သန် အသက်ဝင်လာပြီဆိုတဲ့ ကောက်ချက်ဟာ အတော်သံသယရှိစရာကောင်းပါတယ်။

Dialogue သီအိုရီတွေ အလိုအရတော့ တွေ့ဆုံဆွေးနွေး ရေးဆိုတာ ဘက်နှစ်ဖက်စလုံးမှာရှိတဲ့ အကျပ်အတည်း (Crisis) တွေ မျှခြေရောက်မှ ဖြစ်လေ့ရှိတယ်လို့ ဆိုပါတယ်။ တောင်အာဖရိ ကမှာ မင်ဒဲလားနဲ့ ဒီကလာခ်တို့ တွေ့ဆုံဆွေးနွေးကြတယ်ဆိုတာ လူဖြူအစိုးရမှာ အကျပ်အတည်းဆိုက်နေသလို ANC မှာလည်း  အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရလို့ပါ။ အစစ်အမှန် တွေ့ဆုံ ဆွေးနွေးပွဲတွေ ဖြစ်ထွန်းလာတယ်ဆိုတာ သူ့မှာလည်း အကျပ် အတည်းရှိ၊ ကိုယ့်မှာလည်း အကျပ်အတည်းကြုံနေပြီး ‘နိုင်ငံရေး အရ ရှေ့မတိုးနောက်မဆုတ်သာ’တဲ့ အနေအထား (Political Deadlock) ဆုံမှတ်တစ်ခု ကို ရောက်မှ ဖြစ်နိုင်လေ့ရှိပါတယ်။ အရင်စစ်အစိုးရတွေခေတ်က သူတို့မှာ စစ်တပ်လည်း ရှိ၊ အာဏာ လည်း ရှိ၊ ဓနအင်အားလည်း အပြည့်အစုံရှိနေတော့ တွေ့ဆုံဆွေး နွေးဖို့ မစဉ်းစားခဲ့ကြပါဘူး။ ဒါကြောင့် တစ်လျှောက်လုံး ထွက် ပေါက်ရှာပြီး Dialogue မှန်သမျှ ရှောင်တိမ်းခဲ့ကြတာချည်းပါပဲ။ ဒီနေ့လို ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် နိုင်ငံတကာ ဖိအား ကြီးမားနေချိန် LDC(Least Developed Countries-ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ) ထဲက ရုန်းထွက်ဖို့၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ဖို့ အကူအညီလိုအပ်နေချိန် တပ်မတော်နဲ့ ပြည်သူလူ ထု၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်များအကြား ပဋိပက္ခများ ကြီးထွားနေချိန်ဖြစ်သလို အတိုက်အခံနိုင်ငံရေးအင် အားစုများနဲ့ ပြည်သူလူထုအကြား၊ တိုင်းရင်းသားတွေနဲ့ လက် နက်ကိုင်အဖွဲ့များအကြား ပိုမိုစုစည်းညီညွတ်လာချိန်မှာ မြန်မာ့ နိုင်ငံရေးရပ်ဝန်းဟာလည်း ရေသေ (Deadlock) အနေအထား ကို ရောက်ရှိလာပါပြီ။ ပဋိပက္ခတွေဟာ အကျပ်အတည်းတစ်ခုဆီ ကို ဦးတည်ရွေ့လျားနေချိန်မှာ ထိပ်တိုက်ရင်ဆိုင်တိုးကြမှာလား၊ ဒါမှမဟုတ် စေ့စပ်ဆွေးနွေးဖြေရှင်းတဲ့ နိုင်ငံရေးယဉ်ကျေးမှုသစ် ကို ကျင့်သုံးမှာလားဆိုတာကို အာဏာပိုင်တွေ ရွေးချယ်ဆုံးဖြတ် ကြရတော့မှာပါ။ ဒီလို နိုင်ငံရေးရေသေရပ်ဝန်းမှာ ပဋိပက္ခတွေ စုဆုံလာချိန်ဖြစ်လို့ ‘နိုင်ငံရေးယဉ်ကျေးမှုသစ်’ဆိုတာကို သမ္မတ ကြီး ထုတ်ပြောလာပုံပါပဲ။

 

ငြိမ်းချမ်းရေးအလားအလာ

သမ္မတဦးသိန်းစိန်ရဲ့ လွတ်လပ်ရေးနေ့ သဝဏ်လွှာထဲမှာ အမျိုးသားပြန်လည်စည်းလုံးရေးနဲ့ ငြိမ်းချမ်းရေးတို့ အကောင် အထည်ဖော်ရင်းနဲ့ စေ့စပ်ဆွေးနွေးအဖြေရှာရေးဆိုတဲ့ နိုင်ငံရေး ယဉ်ကျေးမှုသစ်တစ်ရပ် ရှင်သန်အသက်ဝင်လာခဲ့ပြီလို့ ဥဒါန်း ကျူးခဲ့ပါတယ်။ တကယ်လည်း အဓွန့်ရှည်တည်တံ့မည့် ငြိမ်းချမ်း ရေးဖြစ်ပေါ်လာဖို့ ဦးစွာ တစ်ပြည်လုံး အပစ်ခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေး အကောင်အထည်ဖော်ဆောင်ရေးကော်မတီ (UPWC) နဲ့ ညီ ညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) တို့ အကြား စားပွဲဝိုင်းထိုင်ပြီး ဆွေးနွေးညှိနှိုင်းခဲ့ကြတာ ခြောက်ကြိမ် ရှိခဲ့ပါပြီ။ ၂ဝ၁၄၊ စက်တင်ဘာ တွေ့ဆုံဆွေးနွေးပွဲအပြီးမှာတော့ ၂ဝ၁၄ ခုနှစ်မကုန်မီ အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးနိုင်လိမ့် လို့ နှစ်ဦးနှစ်ဖက် ယုံကြည်လာကြတဲ့အထိ အလားအလာကောင်း နေခဲ့ပါတယ်။ ဒါပေမဲ့ စက်တင်ဘာ ၁၉ ရက် နိုင်ငံတော်ကာကွယ် ရေးတက္ကသိုလ်မှာ ပြောခဲ့တဲ့ ကာချုပ်ရဲ့ မိန့်ခွန်းထဲမှာ တပ်မတော် ရဲ့ မူ ခြောက်ချက်နဲ့ UNFC အဖွဲ့အပေါ်  သတိပေးချက် ထွက်ပေါ် လာပြီးနောက် ခြောက်ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲဟာလည်း ဘာသဘောတူညီချက်မှ မရခဲ့ဘဲ ပွဲပျက်သွားခဲ့ရပါတယ်။ ဆွေး နွေးညှိနှိုင်းပွဲ ပွဲပျက်ပြီးတာနဲ့ တစ်ဆက်တည်းဆိုသလို သဘာဝ ကျစွာပဲ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်နဲ့ ကရင်ပြည် နယ်တွေမှာ သေနတ်သံတွေ ပြန်ဟိန်းညံလာခဲ့ပါတယ်။

၂ဝ၁၄၊ နိုဝင်ဘာ ၁၉ ရက်မှာတော့ တပ်မတော်ဘက်က ရည်ရွယ်ချက်ရှိစွာ ပစ်ခတ်လိုက်တဲ့ အမြောက်လက်နက်ကြီး ကျည် ထိမှန်ခဲ့တဲ့အတွက် KIA ဗိုလ်သင်တန်းကျောင်းက ဗိုလ် လောင်း ၂၃ ယောက် ကျဆုံးပြီး အများအပြား ဒဏ်ရာရသွားခဲ့ ပါတယ်။ ဒီလက်နက်ကြီးကျည်ဟာ ဗိုလ်သင်တန်းကျောင်းကို ဖြို ခွဲခဲ့ရုံမက အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုများကိုပါ ဖျက်ဆီးလိုက်တဲ့အတွက် တွေ့ဆုံဆွေးနွေးပွဲ ပျက်ပြီး နှစ်ဖက် တင်းမာမှုတွေ ပိုမိုကြီးထွားလာခဲ့ပါတယ်။ ဒါကြောင့် ဒီဇင်ဘာမှာ ကျင်းပခဲ့တဲ့ နှစ်ဖက်တွေ့ဆုံညှိနှိုင်းပွဲမှာ UNFC ခေါင်းဆောင် ဖဒိုကွယ်ထူးဝင်းတစ်ဦးသာ တက်ရောက်လာခဲ့ပြီး လွတ်လပ်ရေး နေ့ ဗိုလ်ရှုသဘင်အခမ်းအနားကိုလည်းKIA နဲ့ မဟာမိတ်တွေ မတက်ရောက်ခဲ့ကြပါဘူး။ ယုံကြည်မှုပြိုကွဲသွားပြီဖြစ်တဲ့အလျောက် အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးရေးဟာလည်း ၂ဝ၁၅ ခုနှစ်ထဲ ကို ပြောင်းရွှေ့သွားခဲ့ရပါပြီ။ UPWC အနေနဲ့ ဖေဖော်ဝါရီ ၁၂ ရက်မှာ အပစ်ရပ်စာချုပ် လက်မှတ်ထိုးဖို့ အဆိုပြုခဲ့ပေမယ့် ဖြစ် နိုင်ခြေ အတော်နည်းပါးသွားပါပြီ။

ဆိုရရင် သမ္မတဦးသိန်းစိန်ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ ရေးအတွက် ၂ဝဝ၈ ဖွဲ့စည်းပုံပြုပြင်ရေး ကြိုးပမ်းမှုတွေဟာ အခြေခံအားဖြင့် မအောင်မြင်ဘူးလို့ အကဲဖြတ်ရမှာပါပဲ။ အလား တူ အမျိုးသားပြန်လည်စည်းလုံးရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွေဟာလည်း အကျပ်အတည်းတစ်ရပ်စီကို ဦးတည်နေပါပြီ။ ဒါ ကြောင့် စေ့စပ်ဆွေးနွေးဖြေရှင်းရေးဖြင့် အဖြေရှာရန်ဆိုတဲ့ နိုင်ငံ ရေးယဉ်ကျေးမှုသစ်ဟာလည်း ဒီလိုအခြေအနေအောက်မှာ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးဟာ သမ္မတဦးသိန်းစိန် ပြောသလို လမ်းကြောင်းမှန်ပေါ်ရောက်နေတာ မဟုတ်ပါဘူး။ နိုင်ငံရေး ရေသေ (Political Deadlock) ရပ်ဝန်းထဲမှာ ပိတ်မိ နေတာပါ။

[ ပြီးပါပြီ ။ ]

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."