Illustration: MAUNG NOE
‘ငြိမ်းချမ်းရေးဆိုတာ
ကမ္ဘာပေါ်မှာ
စဉ်ဆက်မပြတ်ရှိနေတဲ့
စစ်မက်တွေကြား
ခေတ္တခဏ
အပစ်အခတ်
ရပ်စဲထားတဲ့
ကာလမျှသာ ဖြစ်တယ်’
ဂရိတွေးခေါ်ရှင် သူစီဒိုက်
(Thucydides)
မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ဟာ ဂရိတွေးခေါ်ရှင် သူစီဒိုက် ပြောခဲ့သလို စစ်ပွဲ တွေ ဖြစ်လိုက်၊ ငြိမ်းချမ်းရေးဆွေးနွေးလိုက်၊ တစ်ခါ စစ်ပွဲတွေ ဖြစ် လိုက်နဲ့ စစ်-ငြိမ်း သံသရာ လည်ပတ်နေခဲ့တာ နှစ်ပေါင်း ၇ဝ နီးပါး ကြာမြင့်ခဲ့ပါပြီ။ အခုအချိန်အထိလည်း စစ်-ငြိမ်း သံသရာ လည် နေတုန်းပါပဲ။ ၂ဝ၁၆၊ စက်တင်ဘာလဆန်းပိုင်းမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံကြီးကို ဝှဲချီးကျင်းပနိုင်ခဲ့ကြပါ တယ်။ အစိုးရ၊ လွှတ်တော်၊ တပ်မတော်သားကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးနီးပါး၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပါဝင်သင့် ပါ ဝင်ထိုက်သူများအားလုံး၊ ကိုယ်စားလှယ်ပေါင်း ၁,၄ဝဝ ကျော် ပါဝင်တက်ရောက်ခဲ့ကြလို့ သမိုင်းမှာ မကြုံဖူး၊ မကြားဖူးတဲ့ ငြိမ်း ချမ်းရေးစုစည်းမှုကြီးပါပဲ။ ဒီညီလာခံအတွင်းမှာ ကိုယ်စားလှယ် ၇၂ ဦးက စာတမ်းကိုယ်စီ တင်သွင်းဖတ်ကြားကြတာကို တစ် ပြည်လုံးက ပြည်သူတွေအားလုံး ရုပ်မြင်သံကြားကနေ တစ်ဆင့် ပွင့်လင်းမြင်သာစွာ ကြားနာခွင့် ရခဲ့ကြပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းက ကိုယ်စားလှယ်တွေနဲ့ အစိုးရ၊ တပ် မတော်သား ကိုယ်စားလှယ်တွေ အတူ ထမင်းလက်ဆုံ စားလိုက် ကြ၊ ဓာတ်ပုံတွေ အတူတွဲရိုက်လိုက်ကြနဲ့ နေ့ချင်းညချင်း ငြိမ်း ချမ်းရေး ရတော့မယောင် ထင်ရလောက်အောင် မျှော်လင့်ချက် တွေ ဝေစီ ကြည်နူး ချမ်းမြေ့ကြရပါတယ်။
ဒါပေမဲ့ ဒီလို ကြည်နူးချမ်းမြေ့ စွာ မျှော်လင့်ချက်တွေ ပြည့် လျှမ်းနေရချိန်ဟာ သိပ်တော့ မကြာလိုက်ပါဘူး။ ညီလာခံပြီးလို့ တစ်ပတ်အကြာလောက်ကတည်းက သေနတ်သံတွေ အရှေ့ မြောက်အရပ်က ထပ်မံထွက်ပေါ်လာခဲ့ပြန်ပါတယ်။ တပ်ချုပ်ကြီး မင်းအောင်လှိုင် ဦးစီးကျင်းပတဲ့ မိတ္ထီလာ (ကြည်း၊ လေ) ပူးပေါင်း စစ်ဆင်ရေး စစ်ရေးလေ့ကျင့်ပွဲအပြီးမှာတော့ ကချင်ပြည်နယ်မှာ ကြီးကျယ်တဲ့ စစ်ဆင်ရေးကြီးတစ်ရပ် ပေါ်ပေါက်လာခဲ့ပါပြီ။ KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးက ဂီဒွန်တောင်ကြောကြီးကို တပ်မတော်က စစ်သည်အင်အားအလုံးအရင်းနဲ့ အမြောက်ပစ်ကူ၊ လေကြောင်းပစ်ကူတွေနဲ့ အပြင်း အထန် ထိုးစစ်ဆင်ပါတော့တယ်။ တစ်ချိန် တည်းမှာ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါခရိုင်အတွင်းရှိ တအာန်းပလောင် (TNLA) အဖွဲ့ နယ်မြေထဲကို စစ်သည် အလုံးအရင်းနဲ့ လက်ယှက်ထိုးဝင်လာပြီး အမြောက်တပ်၊ လေ ကြောင်း ပစ်ကူတွေ သုံးကာနေရာအနှံ့အပြား စစ်ဆင်ခဲ့ကြပါ တယ်။ အလားတူ ရှမ်းလက်နက်ကိုင်အဖွဲ့ (SSPP/SSA) နယ်မြေထဲမှာလည်း တိုးဝင်လာတဲ့ တပ်မတော်စစ်ကြောင်းတွေနဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ပွဲတွေအတွင်း မှာ နှစ်ဖက်စစ်သည် တွေ ရာချီပြီး ကျဆုံးဒဏ်ရာရခဲ့ကြသလို ကချင်၊ ပလောင်၊ ရှမ်းတိုင်းရင်းသားတွေ ထောင်နဲ့ချီပြီး စစ် ပြေးဒုက္ခသည်ဘဝ ကျရောက်ခဲ့ကြပါတယ်။
ဒီလို တပ်မတော်ရဲ့ ထိုးဖောက်စစ်ဆင်မှုကြီး စတင်ပြီး သုံး လနီးပါးအကြာမှာတော့ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး ခရိုင်မြို့ကြီးဖြစ်တဲ့ မူဆယ်နယ်ထဲက နေရာအနှံ့အပြားမှာ သေ နတ်သံတွေ လျှံထွက်လာခဲ့ပြန်ပါတယ်။ ကချင် (KIA)၊ တအာန်း ပလောင် (TNLA)အဖွဲ့၊ ကိုးကန့် (MNDAA) အဖွဲ့နဲ့ ရခိုင် (AA) အဖွဲ့ လေးဖွဲ့ ပူးပေါင်းထားတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့က မူဆယ်ဒေသကို ဖြန့်ခွဲတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ မြောက် ပိုင်းမဟာမိတ်အဖွဲ့ နယ်မြေတွေထဲကို တပ်မတော်က အပြင်း အထန် စစ်ဆင်တိုက်ခိုက်နေတာကို မြန်မာပြည်တွင်းကရော နိုင်ငံတကာကပါ မသိခဲ့၊ မကြားခဲ့ကြဘူး။ တပ်မတော်ရဲ့ လက် ယှက်ထိုး စစ်ဆင်ရေးတွေကြားမှာ တိုင်းရင်းသားတွေ ဘဝ ပျက်၊ ရွာပျက် ထွက်ပြေးနေကြရသလို မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ တွေရဲ့ လှုပ်ရှားစစ်ခွင်ကလည်း ကျဉ်းမြောင်းကျပ်တည်းလာခဲ့ တယ်။ ဒါကြောင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဟာ တပ်မတော်ရဲ့ ထိုးစစ်ခွင်ထဲက ခုန်ထွက်ပြီး မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ ပတ်ဝန်းကျင်လုံခြုံရေးစခန်းတွေကို တစ်ချိန်တည်း၊ တစ်ပြိုင် တည်း ဖြန့်ခွဲတိုက်ခိုက်ခဲ့ကြတယ်။ ဒီလိုတိုက်ခိုက်တဲ့အတွက် မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ကြီး ပိတ်ဆို့ပြတ်တောက်သွားခဲ့တယ်။ ဒီတိုက်ပွဲစဉ်တွေ အတွင်း မှာ လုံခြုံရေးအဖွဲ့ဝင်တွေသာမက သာမန်အရပ်သား ပြည်သူ တချို့ပါ ကျဆုံးဒဏ်ရာရမှုတွေ ရှိခဲ့တယ်။ ထောင်ချီတဲ့ မူဆယ် နယ်သူနယ်သားတွေ တရုတ်ထဲကို ထွက်ပြေးခိုလှုံခဲ့ကြသလို တရုတ်ပြည်သူတချို့လည်း ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့တယ်။ ဒီ အခါ စစ်ပွဲတွေ အလျင်အမြန် ရပ်ကြဖို့ တရုတ်ပြည်ဘက်က တောင်းဆိုမှုတွေ ရှိလာခဲ့ပါတယ်။
ပုံစံခွက် ငြိမ်းချမ်းရေး
ဒီဇင်ဘာအတွင်းမှာ ဝအဖွဲ့ (UWSA) က နှစ်ဖက်စစ် ရပ်စဲပြီး နိုင်ငံရေးအရ ညှိနှိုင်းဖြေရှင်းကြဖို့နဲ့ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပမယ်ဆိုရင် ၎င်းတို့အဖွဲ့အနေနဲ့ လိုအပ်သလို ပါဝင်ကူညီ ဆောင်ရွက်သွားမယ့်အကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့တယ်။ တစ်ချိန်တည်းမှာ တရုတ်ပြည်ကလည်း မြောက်ပိုင်းမဟာမိတ် အဖွဲ့နဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ပေးခဲ့တယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးကော်မရှင်က မြောက်ပိုင်း မဟာမိတ်အဖွဲ့ တစ်ဖွဲ့လုံးနဲ့ တွေ့ဆုံဖို့ သဘောထား မရှိဘဲ တစ်ဖွဲ့ ချင်းနဲ့သာ တွေ့ဆုံလိုတယ်ဆိုတဲ့ ဆန္ဒသဘောထားကြောင့် တွေ့ ဆုံဆွေးနွေးရေး အစီအစဉ် ပျက်သွားခဲ့ရတယ်။ ဒီဇင်ဘာလကုန် ပိုင်း ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့က ဒုဥက္ကဋ္ဌ ဦးသိန်းဇော်နဲ့ အတွင်းရေးမှူး ဦးခင်ဇော်ဦးတို့ ‘ဝ’ နဲ့ ‘မိုင်းလား’အဖွဲ့ကို သွား ရောက်ရာမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ တွေ့ဆုံဖို့ စီစဉ်ခဲ့ကြပေ မယ့် မဖြစ်မြောက်ခဲ့ပါဘူး။ ဇန်နဝါရီ ၂၁ ရက်ကတော့ ငြိမ်းချမ်း ရေးအကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက ငြိမ်းချမ်းရေးကော်မရှင် အနေနဲ့ လုပ်ငန်းတွေ မအားမလပ်ဖြစ်နေလို့ မြောက်ပိုင်းမဟာ မိတ်အဖွဲ့နဲ့ တွေ့ဆုံဖို့ မစီစဉ်နိုင်သေးပေမယ့် တပ်မတော်ရဲ့ ထိုးစစ် အစီအစဉ်ကတော့ ကချင်ပြည်နယ်ကနေ ရှမ်းပြည် (SSPP/SSA) နယ်မြေအထိ ကျယ်ပြန့်လာပါပြီ။
မြန်မာ့ငြိမ်းချမ်းရေးကော်မရှင်အနေနဲ့ မြောက်ပိုင်းမဟာ မိတ်အဖွဲ့နဲ့ တွေ့ဆုံနိုင်စွမ်း မရှိပေမယ့် တရုတ်ပြည်ကတော့ ဆက် သွယ်တွေ့ဆုံနေတာ အကြိမ်ကြိမ် ရှိနေပါပြီ။ ဇန်နဝါရီ ၁၉ ရက်က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးစင် တာမှာ တရုတ်နိုင်ငံခြားရေးဌာန အာရှရေးရာ အထူးကိုယ်စား လှယ် ဆွန်ကော့ရှန်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ ထပ်မံတွေ့ ဆုံခဲ့ကြပါတယ်။ မစ္စတာဆွန်ကော့ရှန်က ဇန်နဝါရီ ၁ဝ ရက်က နေပြည်တော် ဘုရင့်နောင်ရိပ်သာမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်နဲ့ တွေ့ဆုံခဲ့ကြောင်း၊ တအာန်းပလောင်အဖွဲ့၊ ကိုးကန့်အဖွဲ့နဲ့ ရခိုင်အဖွဲ့ (AA) တွေကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင် နိုင်ရေး အချက်အလက် ဖန်တီးပေးဖို့ စဉ်းစားနေကြောင်း၊ မြန် မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပြည်ပအင်အား စုတွေ ပါဝင်စရာမလိုကြောင်း ပြောပြတယ်လို့ ဆိုပါ တယ်။ မြောက်ပိုင်း မဟာမိတ်အဖွဲ့က ပြောရေးဆိုခွင့်ရှိသူရဲ့ အဆိုအရ တပ်ချုပ်ကြီးအနေနဲ့ မြန်မာ ပြည်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တရုတ်ပါဝင်နေမှုကို သိပ် သဘောကျပုံမရကြောင်း၊ တရုတ်ပြည်အနေနဲ့ မြောက်ပိုင်း အဖွဲ့အပေါ် ဖိအားပေး၊ တွန်းအားပေး၊ ဘက်လိုက်ခြင်း မရှိ ကြောင်း၊ အစိုးရနဲ့ တပ်မတော်ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ ဆွေးနွေး ရာမှာ ကတိမတည်မှုတွေ ရှိနေခဲ့တာကြောင့် ယုံကြည်ရတဲ့ ကြား လူ၊ ကြားအင်အားတစ်ရပ်ရှိစေလိုကြောင်း၊ တရုတ်ပြည်အနေနဲ့ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှု ရှိစေချင်ကြောင်း၊ အထူး သဖြင့် အခုလို တရုတ်နှစ်သစ်ကူးလို ကာလမျိုးမှာ တိုက်ပွဲများ မဖြစ်စေချင်ဘဲ အေးချမ်းတည်ငြိမ်မှု ရစေလိုတဲ့ ဆန္ဒရှိကြောင်း ဆွေးနွေးသွားတယ်လို့ ဆိုပါတယ်။
မြောက်ပိုင်းအဖွဲ့အနေနဲ့ ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံအပြီးမှာ စစ်ပွဲတွေ ထပ်မံဖြစ်လာမှာကို မလိုလားဘူး။ တပ်မတော်က အကြီးအကျယ် ထိုးစစ်ဆင်လာတဲ့အပေါ်မှာ ပြန် လည် ခုခံတိုက်ခိုက်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီပြဿ နာကို စစ်ရေးနည်းနဲ့ ဖြေရှင်းလို့ မရနိုင်ဘူး။ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာမှ အဖြေထွက်နိုင်မယ်လို့ ၎င်းတို့ဘက်က ယုံကြည် ထားပါတယ်။ ငြိမ်းချမ်းရေးကော်မရှင်ဘက်ကလည်း ဒီသဘော ထားမျိုး ရှိလိမ့်မယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့ ခက်နေတာ သူတို့ က ဆွေးနွေးပွဲ ပုံစံကို အကြောင်းရှာပြီး ပြဿနာလုပ်နေလို့ ဆွေး နွေးဖို့ အခက်အခဲဖြစ်နေပုံရပါတယ်။ သူတို့ဘက်က ဖြစ်နိုင်ရင် မြောက်ပိုင်းမဟာမိတ်တစ်ဖွဲ့လုံးအနေနဲ့ မတွေ့ချင်ဘဲ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ အခြေအနေ မတူကြတဲ့အတွက် တစ်ဖွဲ့စီသာ ခွဲတွေ့ချင်တဲ့ သဘောရှိပုံ ရပါတယ်။ မြောက်ပိုင်းအဖွဲ့ကတော့တစ်ဖွဲ့စီ တွေ့ ဆုံပြီး တစ်ဖွဲ့ချင်း ခွဲထုတ်စည်းရုံးသွားတဲ့ အတွေ့အကြုံတွေ ရှိ တာကြောင့် အဖွဲ့လိုက်သာ တွေ့ဆုံလိုတဲ့ဆန္ဒ ရှိကြပါတယ်။ ဒီမှာလည်း ငြိမ်းချမ်းရေးကော်မရှင်က KIA အဖွဲ့အနေနဲ့ DPN မှာ ပါဝင်ထားပြီးဖြစ်လို့ ကျန်တဲ့သုံးဖွဲ့နဲ့ပဲ ဆွေးနွေးမယ်လို့ အဆိုပြုပြန်ပါတယ်။ ဒါ့အပြင် ဝအဖွဲ့ (UWSA) ပါဝင်မှာကိုလည်း လိုလားပုံမရပါဘူး။ မြောက်ပိုင်းအဖွဲ့အနေနဲ့ကတော့ တစ်ဖက်နဲ့ တစ်ဖက်ယုံကြည်မှု မရှိနိုင်ကြသေး ချိန်မှာ တရုတ်ပြည်တို့၊ ဝအဖွဲ့ တို့ကို ကြားလူ၊ သက်သေအဖြစ်ပါဝင်စေချင်တဲ့ သဘောရှိပါတယ်။ ဘာပဲဖြစ်ဖြစ် စစ်ပွဲတွေ ကြောင့် ပြည်သူတွေ ဒုက္ခမျိုးစုံ ကြုံနေရချိန်မှာ ဒီစစ်ပွဲတွေ အမြန် ဆုံးရပ်စဲနိုင်ဖို့ မဖြစ်မနေ အလျင်အမြန် တွေ့ဆုံဆွေးနွေး ဖြေရှင်း ကြဖို့ လိုနေပါပြီ။ ဆွေးနွေးပွဲပုံစံ ရှာဖွေနေရလို့ စစ်ပွဲတွေ ဆက် ဖြစ်နေရတယ်ဆိုတဲ့ အကြောင်းပြချက်က လုံးဝမဖြစ်သင့်တဲ့ အနေအထားပါ။
အမျိုးသားအဆင့် ဆွေးနွေးပွဲများ
အခုအခါ ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံ ဒုတိယ အကျော့ကျင်းပဖို့ အချိန်တစ်လနီးပါးသာ လိုပါတော့တယ်။ ဒါ ပေမဲ့ ညီလာခံအတွက် ဘာမှ လုံလောက်တဲ့ ပြင်ဆင်မှုတွေ မည် မည်ရရ လုပ်နိုင်ခွင့် မရခဲ့ကြပါဘူး။ ပြီးခဲ့တဲ့ ငါးလနီးပါးလုံး စစ်ပွဲ တွေ၊ သေကြေဒဏ်ရာရ၊ ဒုက္ခသည်တွေ ကိစ္စနဲ့ လုံးလည်ချာလ ပတ်ရမ်းနေကြရလို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ထိထိ ရောက်ရောက် မလုပ်နိုင်ခဲ့ကြပါဘူး။ DPN နဲ့UPDJC တို့လို အရေးပါတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အစည်းအဝေးတွေ ကိုလည်း ပုံမှန်ကျင်းပနိုင်စွမ်း မရှိတော့ပါဘူး။ ကျင်းပတဲ့ အစည်း အဝေးတွေမှာလည်း လူစုံတက်စုံ မပါဝင်နိုင်တော့ဘဲ အစိုးရ၊ တပ် မတော်၊ နိုင်ငံရေးပါတီနဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းတချို့နဲ့သာ မပြည့်မစုံ ကျင်းပခဲ့ ကြရတာပါ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အများစု မပါဝင်ဘဲ ပြည်တွင်းစစ်ရပ်စဲရေး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆက်လက်ဆောင်ရွက်ဖို့ဆိုတာလည်း နိုင်ငံရေးအရ အဓိပ္ပာယ် မရှှိလှပါဘူး။
တကယ်လို့သာ ပထမအကျော့ ၂၁ ရာစု ပင်လုံငြိမ်းချမ်း ရေးညီလာခံလွန်ကာလမှာ တိုင်းရင်းသားလက်နက်ကိုင် အင် အားစုနယ်မြေတွေကို တပ်မတော်က ထိုးစစ်မဆင်ခဲ့ရင် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် အတော်ပေါက်ရောက် ခရီးတွင်နေလောက်ပါပြီ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လမ်းပြမြေပုံရဲ့ ဒုတိယအဆင့်ဖြစ်တဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပနေနိုင်လောက်ပါပြီ။ ဒီအမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲတွေဟာ အစိုးရ၊ အရပ်ဘက်အဖွဲ့များ (CSO) ၊ လူမျိုး အလိုက် ပြည်သူလူထုအမြင်တွေ ပါဝင်မှာဖြစ်တဲ့အတွက် ပိုမို အခြေခံကျတဲ့ လူထုအမြင်တွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်မှာ ဖြစ်ပါတယ်။ ဆွေးနွေးမယ့် ဘာသာရပ်တွေအနေနဲ့လည်း နိုင်ငံ ရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စတဲ့ ခေါင်းစီးငါးမျိုးနဲ့ ဆွေးနွေးကြရမှာ ဖြစ်လို့ ပိုမိုအရေးပါ နက် ရှိုင်းကျယ်ဝန်းလှပါတယ်။ ဒီလို လူထုလက္ခဏာဆောင်တဲ့ အမြင် သဘောထားတွေကို အကြောင်းအရာအလိုက်၊ နယ်မြေအလိုက်၊ လူမျိုးအလိုက် သုံးမျိုးခွဲခြား ရယူသွားမှာ ဖြစ်ပါတယ်။ ဒီသဘော လက္ခဏာမျိုးတွေကို ဗိုလ်ချုပ်အောင်ဆန်း ဦးစီးကျင်းပခဲ့တဲ့ ၁၉၄၇ ပထမ ပင်လုံညီလာခံမှာတောင် ပုံဖော်ဆောင်ရွက်နိုင်ခွင့် မရှိခဲ့ကြပါဘူး။ ဆိုရရင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကျင်းပ တဲ့ ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံဟာ ပထမ ၂ဝ ရာစု ပင် လုံညီလာခံထက် သဘောလက္ခဏာ ပိုမိုနက်ရှိုင်းကျယ်ပြန့်လှပါတယ်။
ဆိုခဲ့သလိုပါပဲ၊ မြောက်ပိုင်းစစ်ပွဲတွေကြောင့် ၂၁ ရာစု ပင် လုံငြိမ်းချမ်းရေးညီလာခံအလွန်မှာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေကို ပီပီပြင်ပြင် မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပနိုင်စွမ်း မရှိခဲ့ကြပါဘူး။ ဇန်နဝါရီအလယ်ပိုင်းရောက်မှ လူမျိုးအလိုက် ဆွေးနွေးပွဲကို ကရင်ပြည်နယ်၊ ဘားအံမြို့မှာ KNU အဖွဲ့က ဦး ဆောင်ကျင်းပမှာ ဖြစ်ခဲ့ပြီး ဒေသအလိုက် ဆွေးနွေးပွဲတွေကို တနင်္သာရီတိုင်းဒေသကြီး အစိုးရက ထားဝယ်မှာ ဆက်လက် ကျင်းပပါလိမ့်မယ်။ အရပ်ဘက်အဖွဲ့အစည်းများရဲ့ အကြောင်း အရာအလိုက် ဆွေးနွေးပွဲတွေကိုတော့ နေပြည်တော်မှာ ကျင်းပ မှာ ဖြစ်ပါတယ်။
ဘားအံက ဖားစည်သံ
ဇန်နဝါရီ ၁၈ ရက်က ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ သီရိ ဘားအံဟိုတယ်၊ မင်္ဂလာဖားစည်ခန်းမမှာ ပြုလုပ်တဲ့ လူမျိုး အလိုက် (ကရင်) အမျိုးသားနိုင်ငံရေးအဆင့် ဆွေးနွေးပွဲကို ကရင်လက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများနဲ့ ကရင်အရပ် ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၅ဝဝ ကျော် တက်ရောက် ခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲမှာ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေး ဖိုးက ငြိမ်းချမ်းရေးအောင်မြင်ရေးအတွက် အစိုးရနဲ့ တပ်မတော် အား စစ်အင်အားသုံးစွဲတိုက်ခိုက်မှုများကို ချက်ချင်းရပ်ဆိုင်းပေး ရေးနဲ့ NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခြင်း မပြုရသေး သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး ပါဝင် လက်မှတ်ရေးထိုးနိုင်ရေးအတွက် အစိုးရနဲ့ တပ်မတော်တို့က မူ ဝါဒဆိုင်ရာ ဖြေလျှော့မှုတချို့ ပြုလုပ်ပေးရန် ကရင်တစ်မျိုးသား လုံးကိုယ်စား တိုက်တွန်းတောင်းဆိုကြောင်း ပြောကြားလိုက် ပါတယ်။
ကရင်အမျိုးသားများရဲ့ အမျိုးသားနိုင်ငံရေးညီလာခံက ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး ခေါင်းဆောင်တဲ့ ကရင်အမျိုးသားများရဲ့ တောင်းဆိုချက်ဟာ တစ်ပြည်လုံးရှိ အမျိုးသားအားလုံးရဲ့ ဆန္ဒနဲ့ အလွန်ကိုက်ညီ မင်္ဂလာရှိတဲ့ တောင်းဆိုချက်ဖြစ်ပါတယ်။ ငြိမ်း ချမ်းရေးကို စစ်ပွဲနဲ့ ထူထောင်လို့မရဘဲ နိုင်ငံရေးနည်းအရ ဖြေ ရှင်းရမယ်ဆိုတာကို မူအရသဘောတူရင် တစ်ပြည်လုံးရှိ စစ်ဆင် ရေးတွေ ရပ်စဲပြီး အပစ်အခတ်ရပ်စဲကြောင်း ကြေညာပေးရပါ လိမ့်မယ်။ NCA မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အားလုံး ပါဝင်လက်မှတ်ထိုးလာရေးအတွက် မူဝါဒဆိုင်ရာ ဖြေ လျှော့မှုတွေ လုပ်ပေးရမှာသာ ဖြစ်ပြီး စစ်ရေးအရ ဖိအားပေးမှု တွေအားလုံး ရုပ်သိမ်းပစ်ရမှာ ဖြစ်ပါတယ်။ စစ်ရေးအရ ဖိအား ပေးမှုတွေ ရှိနေသမျှ အပစ်အခတ်ရပ်စဲရေးအတွက် လက်မှတ်ထိုး ကြမှာ မဟုတ်သလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေလည်း အောင် မြင်နိုင်စရာ အကြောင်းမရှိပါဘူး။ စစ်ဖြစ်လိုက်၊ ငြိမ်းချမ်းရေး ဆွေးနွေးလိုက်၊ တစ်ခါ စစ်ပြန်ဖြစ်လိုက် ဆိုတဲ့ ‘စစ်-ငြိမ်း အဆိုး ကျော့သံသရာ’ လည်နေသမျှ ငြိမ်းချမ်းရေးမရနိုင်သလို တိုင်း ပြည်လည်း ဆင်းရဲဒုက္ခရောက်နေဦးမှာပါ။ ‘စစ်-ငြိမ်း အဆိုး ကျော့သံသရာ’ကို ဖြတ်တောက်ပစ်ကြပါ။ ။
၂၀၁၇-ဖေဖေါ်ဝါရီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၃)မှ သုံးသပ်ချက် ဖြစ်ပါသည်။
သန်းစိုးနိုင် ရေးသည်။

