ပရဟိတ နှလုံးသား

ပရဟိတ နှလုံးသား

Photo : Than Naing Oo

 ၂၀၁၅ ၊ ဖေဖော်ဝါရီလထုတ်၊မော်ကွန်းမဂ္ဂဇင်းအမှတ်(၂၀)မှပုံရိပ်လွှာဆောင်းပါးဖြစ်ပါသည်။

သန်းနိူင်ဦး ရေးသည်။

ကျွန်တော့်မိတ်ဆွေတွေထဲမှာ ပရဟိတလုပ်နေကြသူတွေ ရှိတယ်။ ဦးလေးဦးပိုက်ရက အဲဒီလိုလူတွေထဲက တစ်ယောက်ပါ။ ပရဟိတလုပ်နေကြသူအချို့ က အချိန်ကာလတစ်ခုအထိသာ လုပ်နိုင်ကြတယ်။ အကြောင်းအမျိုးမျိုးကြောင့် နောက်ဆုတ်သွား ကြရတဲ့သူတွေလည်း ရှိတယ်။ အဲဒီလိုလူတွေထဲမှာ ဦးပိုက်ရမပါဘူး။

ကျွန်တော် သူနဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်ဝန်းကျင်ကတည်းက ရင်းနှီးခဲ့တယ်။ သူလုပ်နေတဲ့ အခမဲ့ စာဖတ်ဝိုင်းအကြောင်း သတင်းရေးဖို့ အင်တာဗျူးရင်း ရင်းနှီးခင်မင်ခွင့်ရခဲ့တာဖြစ် တယ်။ သူလုပ်တဲ့ စာပျိုးခင်းစာဖတ်ဝိုင်းက လွန်ခဲ့တဲ့ ဆယ်နှစ် လောက်က လုပ်ခဲ့တာဖြစ်ပြီး အဲဒီအချိန်က အာဏာပိုင်တွေရဲ့ မျက်လုံးဒေါက်ထောက်ကြည့်ခြင်းကို ခံခဲ့ရတယ်။ အခုအချိန် အထိလည်း ဦးလေးဦးပိုက်ရ ပရဟိတအလုပ်တွေ လုပ်နေတုန်း ဖြစ်ပါတယ်။ သူလုပ်တဲ့ ပရဟိတလုပ်ငန်းတွေ စုံတယ်။ အခမဲ့ စာ ဖတ်ဝိုင်း၊ သီလရှင်ဆွမ်းကပ်၊ သွေးလှူ၊ ကုသိုလ်ဖြစ်ဆေးခန်း၊ နာ မကျန်းရန်ပုံငွေ စတာတွေဖြစ်တယ်။

ဦးလေးဦးပိုက်ရက ပရဟိတလုပ်ငန်းတွေမျိုးစုံအောင် လုပ်နေသူဖြစ်ပေမယ့် ချမ်းသာကြွယ်ဝသူတစ်ယောက် မဟုတ်ပါ ဘူး။ စက်ဘီးပြင်ဆိုင်ဖွင့်ထားတဲ့ သာမန်လက်လုပ်လက်စား အိမ် ထောင်ဦးစီးတစ်ယောက်မျှသာ ဖြစ်ပါတယ်။ သူ့မျက်နှာပေါ်မှာ ပူပင်သောကရောက်တာ ဘယ်တော့မှ မတွေ့ရဘူး။ အမြဲအေး ချမ်းတဲ့ အရိပ်အရောင်သာ သူ့မျက်နှာမှာ တွေ့ရတယ်။

ဘယ်လိုအကြောင်းတရားတွေက သူ့ကို အေးချမ်းစေ သလဲ၊ ပရဟိတလုပ်သူတွေအတွက် ဘယ်ဟာ အရေးကြီးဆုံးလဲ၊ ဘယ်အရာတွေက သူ့ကို ပရဟိတလုပ်ဖို့ စေ့ဆော်သလဲ ကျွန် တော်သိချင်တယ်။ သူ့အကြောင်းရေးဖို့ သူ့လုပ်ငန်းခွင်ရှိရာ မန္တလေးမြို့ ၁၆ လမ်း၊ ၈၂ လမ်းထောင့်ကို ကျွန်တော်သွားတယ်။ ကျွန်တော်ရောက်ချိန်မှာ စက်ဘီးပြင်ဆိုင်မှာ သူ ရှိမနေဘူး။ သူ့ သားက ဖုန်းဆက်ခေါ်တော့မှ စက်ဘီးတစ်စီးနဲ့ ရယ်ရယ်ပြုံးပြုံး ရောက်ချလာတယ်။သူ့စက်ဘီးဆိုင်ရှေ့က ခုံတန်းလျားပေါ်ထိုင်ပြီး သူနဲ့ ကျွန် တော် ထွေရာလေးပါး ပြောဖြစ်ကြတယ်။

”ဦးလေးကို ဘယ်တုန်းက ဘယ်မှာ မွေးခဲ့တာလဲ””ကျွန်တော့်ဇာတိက မန္တလေး ၁၆ လမ်းဇာတိပါပဲ။ ကျွန် တော့်မိဘတွေက မောင်နှမငါးယောက်မွေးတယ်။ ကျွန်တော်က သားကြီး၊ ကျွန်တော့်အောက်မှာ နှမနှစ်ယောက်၊ ညီနှစ်ယောက် ရှိသေးတယ်။ ၁၃၁၅ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်နေ့မှာ ကျွန် တော့်ကို မွေးတယ်။ အခု အသက် ၆၁ နှစ်ရှိပြီ”ဦးပိုက်ရရဲ့ ငယ်ဘဝကို ကျွန်တော် ဆက်ပြီး မေးတယ်။

”လေးတန်းအောင်တော့ ကျောင်းထွက်ပြီး အဖေ့စက်ဘီး ပြင်ဆိုင်လိုက်တယ်။ အဲဒီမှာ စက်ဘီးလာပြင်တဲ့ တောင်ကြီးမြို့ မ စခန်းမှူး ဦးတင်အောင်နဲ့ တွေ့တာ။ သူက ကျောင်းထားပေးမယ် ဆိုတာနဲ့ တောင်ကြီးပါသွားတာ””အဲဒီ စခန်းမှူး ဦးတင်အောင်နဲ့က အရင်ကတည်းက ရင်း နှီးကြတာလား”ကျွန်တော့်မေးခွန်းကို ဦးပိုက်ရက တဟဲဟဲရယ်တယ်။ ပြီးမှ ကျွန်တော် သိချင်တာကို ပြောပြတယ်။”သူနဲ့က အဲဒီနေ့ စက်ဘီးလာပြင်မှ ပထမဆုံး တွေ့ဖူးတာ ပါ။ ကျောင်းထားပေးမယ်ဆိုတော့ အဖေကလည်း ထည့်လိုက် တာပဲ။ ကျွန်တော်ကလည်း လိုက်သွားတာပဲ”

ဦးပိုက်ရရဲ့ အဖြေပေါ်မှာ ကျွန်တော် ဘာမှတ်ချက်မှ မပေး ဘဲ ငြိမ်ပြီး နားထောင်နေလိုက်တယ်။”မန္တလေးကိုတော့ ဆယ်တန်းဖြေပြီးမှ ပြန်လာတော့ တယ်။ ကြားထဲမှာ အိမ်နဲ့ အဆက်အသွယ်တော့ ရတယ်။ ဒါပေမဲ့ မပြန်ဖြစ်ဘူး”ဦးပိုက်ရရဲ့ ငယ်ဘဝမှာ တခြားသူက စောင့်ရှောက်တာကို ခံခဲ့ရတယ်။ အခု ကိုယ်က စောင့်ရှောက်ရမယ့် အလှည့်မှာ တစ် လှည့်ပြန်ပြီး စောင့်ရှောက်တာပဲလို့ ကျွန်တော်အတွေးပွားမိတယ်။”ဆယ်တန်းဖြေပြီး မန္တလေးပြန်လာတော့ ဘာလုပ်သလဲ””ကုန်သွယ်ရေးမှာ လုပ်အားပေးဝင်လုပ်တယ်။ အဲဒီလို လုပ်နေရင်း အိမ်ထောင်ကျတော့တာပဲ။ အိမ်ထောင်ကျတဲ့နှစ်မှာ ကုန်သွယ်ရေးက ပိုလျှံဝန်ထမ်းတွေဖြုတ်တဲ့နှစ်နဲ့ တိုက်ဆိုင်နေ တယ်။ အဖေ့စက်ဘီးပြင်ဆိုင်မှာ ပြင်ရတော့တာပေါ့။ အိမ်ထောင်ကျရာက သားသမီးတွေ ပွားစီးလာတာ အခုဆို ကိုးယောက်ရှိနေပြီ”

”ဒါဆို ဦးပိုက်ရက လူချမ်းသာစာရင်းဝင်ပဲ”လို့ ကျွန်တော် အရွှန်းဖောက်လိုက်တယ်။ဦးပိုက်ရက ကျွန်တော်မှတ်ချက်ချတာကို တဟဲဟဲရယ်ပြီး တုံ့ပြန်တယ်။”ပရဟိတအလုပ်တွေ ဘယ်လိုလုပ်ဖြစ်တယ်ဆိုတာ ပြောပါဦး”

”ပထမတော့ ဘာသာရေးအလုပ်တွေ လုပ်တာပေါ့။ ဇကာတောင်တို့၊ စိန်ခနောက်၊ မြခနောက်တောင်တို့မှာ ကျွန်တော်တို့ တည်ထားတဲ့ ဘုရားတွေ ရှိတယ်။ စဉ့်ကိုင်ဘက်က ပေါ်တော်မူ ဘုရားချုံစရှင်းတာ ကျွန်တော်တို့ပေါ့။ ဘုန်းကြီးကျောင်းက ကုဋီ (အိမ်သာ)တွေ လိုက်ဆေးတာ မဆေးဖူးတဲ့ ကျောင်း မရှိ သလောက်ပဲ။ အခုတော့ ကုဋီဆေးတာ ကျွန်တော့်သားတွေ လိုက်လုပ်နေကြတယ်။ ရပ်ကွက်ထဲ လမ်းခင်းနေရင်လည်း ကျွန် တော်စီးလာတဲ့ စက်ဘီးရပ်ပြီး ဝင်ကူတာပဲ”

ဦးပိုက်ရက သူလုပ်တဲ့ ပရဟိတအလုပ်တွေ စီကာပတ်ကုံး ပြောပြနေပေမယ့် သူ့အသွင်က ဂုဏ်ယူတဲ့ ဟန်မရှိဘူး။ ပြောရိုး ပြောစဉ် ပေါ့ပေါ့ပါးပါး အေးအေးသက်သာ ပြောပြနေတာပါ။

”စာပျိုးခင်း အခမဲ့ စာဖတ်ဝိုင်းလုပ်တယ်။ ကုသိုလ်တော် ဘုရားက ဘဘဦးအောင်သူတို့နဲ့ တွဲပြီး ကွယ်လွန်ပြီးသူတွေ အတွက် ရည်စူူးပြီး အကျွတ်အလွတ်ပွဲတွေ လုပ်တယ်။ ၁၆ လမ်း က သစ်လွင်ဓမ္မာရုံမှာ သီလရှင်ဆွမ်းကပ်တယ်။ မေတ္တာဖြူအဖွဲ့က တစ်လတစ်ကြိမ် အလှူငွေကောက်ခံပြီး ဆေးကုသပေးတယ်။ အမှောင်ခွင်းမယ့် အလင်းတန်းအဖွဲ့မှာလည်း ပါတယ်။ အဲဒီအဖွဲ့ က ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်သူတွေကို ငွေကြေး ထောက်ပံ့တယ်။ နှလုံးလှပင်လယ်ကုသိုလ်ဖြစ်ဆေးခန်းအတွက် လစဉ်လှူတယ်”

ကျွန်တော်က သူပြောတာတွေကို လိုက်မှတ်နေမိတယ်။ ပရဟိတလုပ်နေတဲ့ ဦးပိုက်ရရဲ့ လုပ်ငန်းတွေအပေါ်လည်း သာဓု ခေါ်မိတယ်။

”သွေးဆိုရင် မိသားစုလိုက် လှူကြတာပဲ။ ကျွန်တော်တို့ မိသားစုမှာ မရှိတဲ့ သွေး တခြားသူဆီက ရှာပေးတယ်။ ဆေးရုံမှာ တက်ရောက်ကုသနေတဲ့ ရဟန်းသံဃာတော်တွေအတွက် ဆွမ်း၊ ကွမ်းလိုအပ်ရင် ချိုင့်ထဲ ဆွမ်းတွေထည့်ပြီး သွားကပ်တယ်။ ၁၉၉၃ ခုနှစ်မှာ မျက်ကြည်လွှာနဲ့ ခန္ဓာကိုယ် လှူခဲ့တယ်။ အဲဒီ တုန်းက မန္တလေးမှာ မျက်စိဘဏ်တောင် မဖွင့်ရသေးဘူး။ ကျွန် တော်လှူတဲ့ အမှတ်စဉ်က ၇၃”

ဒီလိုအများအကျိုးဆောင်ရွက်တဲ့ ပရဟိတသမားတစ် ယောက် အရေးတော်ပုံကာလမှာ ဘယ်အခန်းကဏ္ဍက ပါခဲ့သလဲ ကျွန်တော်သိချင်မိတယ်။ အဲဒီအတွက် မေးခွန်းထုတ်တယ်။

”အရေးတော်ပုံကာလမှာ ကိုယ်တတ်နိုင်သလောက် ပါခဲ့ တာပဲ။ မန္တလေးနဲ့ မိတ္ထီလာ ရထားနဲ့ သွားလိုက်၊ ကားနဲ့ ပြန်လာ လိုက် လုပ်ခဲ့ရတာပေါ့”

အရေးတော်ပုံကာလ စွန့်စားခန်းတချို့ ကျွန်တော့်ကို ပြောပြတယ်။

ကျွန်တော်တို့ စကားကောင်းနေတုန်း နွားဘေးမဲ့ပွဲတော် အတွက် အလှူခံလာတော့ ဦးပိုက်ရက သူ့အိတ်ကပ်ထဲက ပိုက် ဆံထုတ်ပြီး လှူတယ်။”စာပျိုးခင်း အခမဲ့ စာဖတ်ဝိုင်း လုပ်ဖြစ်ပုံ ပြောပါဦး”

”၂ဝဝ၆ ခုနှစ် အာဇာနည်နေ့မှာ စလုပ်ဖြစ်တယ်။ ကျွန်တော်က ဆိုင်းဘုတ်ကို အနီလုပ်ထားတော့ အဲဒီတုန်းက အာဏာပိုင်တွေက ဆိုင်းဘုတ်အရောင် ပြောင်းဖို့ လာပြောကြတယ်။ ကျွန်တော်ကတော့ မပြောင်းခဲ့ဘူး”

”မပြောင်းတော့ ဘာဆက်ဖြစ်လဲ”

”ဘာမှတော့ မဖြစ်ပါဘူး။ အာဏာပိုင်တွေရဲ့ စောင့်ကြည့် တာ ခံရတာပေါ့။ သတင်းပေးတွေကဆို ကျွန်တော့်စာဖတ်ဝိုင်း ခဏခဏလာကြတယ်။ ကျွန်တော့်မိတ်ဆွေတွေတောင် သူတို့ မကြာခဏလာတော့ သိပ်မလာတော့ဘူး”ဘာမှန်းမသိရတာတွေကို ကြောက်နေရတဲ့ ခေတ် ရွှေပြည် ကြီးမှာ အမှန်တကယ် ရှိခဲ့ဖူးတာ ကျွန်တော် အမှတ်ရမိတယ်။”သီလရှင်ဆွမ်းကပ် လုပ်ဖြစ်တာကရော”

”၂ဝဝ၉ ခုနှစ်လောက်မှာ စလုပ်ဖြစ်တယ်။ သီလရှင်သုံးပါး ကြွပ်ကြွပ်အိတ်တွေနဲ့ ထုတ်လာတဲ့ ထမင်းတွေ သွန်ပစ်တာတွေ့ တော့ သွားမေးတယ်။ ထမင်းတွေက ရာသီဥတုပူလို့ သိုးကုန်တာ။ ဒါနဲ့ အိမ်ကို ခေါ်လာပြီး ဆွမ်းကပ်လိုက်တယ်။ နောက်အပတ်တွေ မှာလည်း ဆွမ်းကပ်ရင်း တဖြည်းဖြည်းများလာတော့ ဘေးပတ် ဝန်းကျင်က ကူလာကြတယ်။ အိမ်မှာ ဆွမ်းကပ်ရာက နေရာပို ကျယ်ဝန်းတဲ့ သစ်လွင်ဓမ္မာရုံမှာ ပြောင်းပြီး သီလရှင်တွေကို ဆွမ်း  ကပ်တယ်။ အခုဆိုရင် ၃ဝ၁ ကြိမ် ကပ်ပြီးပြီ။ ရှေ့တစ်ပတ်ဆို ၃ဝ၂ ကြိမ် မြောက်ပေါ့။ ပင်တိုင်အလှူရှင်က ကျွန်တော်အပါအဝင် ငါး ယောက် က ပုံမှန်ရှိတယ်။ အလှူရှင်မရှိရင် စတီးလုပ်ငန်းရှင် ဂျင်းနားက ကျွေးတယ်။ သီလရှင် အပါး ၂၅ဝ ကနေ ၃ဝဝ ကြားရှိတယ်”

ဓမ္မစာပန်းခင်းဆိုပြီး ဦးပိုက်ရက မန္တလေးမြို့မှာရှိတဲ့ တန် ခိုးကြီးဘုရားတွေမှာ ဓမ္မစာအုပ်နဲ့ တိပ်ခွေတွေ၊ ဗီစီဒီတွေ အခမဲ့ ငှားရမ်းတာလည်း လုပ်တယ်။ အဲဒီအကြောင်း သူက ဆက်ရှင်း ပြတယ်။

”ဘုရားနီဘုရားမှာ စလုပ်တာ။ တစ်ပတ်ဖွင့်ခွင့်ရခဲ့တယ်။ နောက်တော့ လူမှုရေးအသင်း အမည်ခံထားတဲ့ အမျိုးသားနိုင်ငံ ရေးလုပ်တဲ့ အသင်းကြီးက တိုင်လို့ အပိတ်ခံရတယ်။ အပိတ်ခံရ တော့ ကုသိုလ်တော်ဘုရားမှာ ဂေါပကလုပ်နေတဲ့ ဘဘဦးအောင် သူ(သံမဏိမောင်မောင်)က သူ့ဆီ လာဖွင့်လို့ပြောတော့ အဲဒီမှာ သွားဖွင့်တယ်”

”အခုလက်ရှိရော ဖွင့်သေးလား””ဖွင့်တယ်။ ကုသိုလ်တော်နဲ့ အောင်တော်မူမှာ ဥပုသ်နေ့ တိုင်း ဖွင့်တယ်။ ရွှေကျီးမြင်ဘုရားမှာတော့ နေ့တိုင်းဖွင့်တယ်””အခမဲ့ငှားရမ်းတာဆိုတော့ အပျောက်အရှ မရှိဘူးလား”

”ရှိတာပေါ့””ဘယ်လိုရပ်တည်သလဲ၊ စိတ်မပျက်ဘူးလား” ”စိတ်မပျက်ပါဘူး။ ကျွန်တော့်မနက်စာအတွက် သား သမီးတွေက တစ်ရက် ကျပ် ၅ဝဝ (ငါးရာ)ပေးတယ်။ ထပ်တရာ  စား၊ လက်ဖက်ရည်သောက်ဖို့ ပေးတာ။ သားသမီးတွေက ကုမ္ပဏီဝန်ထမ်းတွေဆိုတော့ သူတို့က ထောက်ပံ့တာလည်း ပါ တာပေါ့။ ကျွန်တော်ကိုယ်တိုင် ဆေးလိပ်မသောက်၊ ကွမ်းမစား တော့ အပိုပိုက်ဆံမကုန်ဘူး။ မနက်စာစားမယ့် ထပ်တရာ ကျွန် တော်မစားဘူး။ ထမင်းရည်သောက်တယ်။ တစ်လစုရင် ကျပ် ခြောက်ထောင်ရတယ်။ အဲဒီပိုက်ဆံနဲ့ စာအုပ်ဝယ်တာပဲ။ အခမဲ့ စာဖတ်ဝိုင်းမှာ ဗီနိုင်းနဲ့ ဆိုင်းဘုတ်ချိတ်ထားတယ်။ ‘တရား စာအုပ်၊ တရားခွေ လှူဒါန်းနိုင်ပါသည်။ အလှူငွေ လုံးဝလက်မခံပါ ””စာကြည့်တိုက်တွေမှာ စာအုပ်တွေ၊ စာစောင်တွေ လှူ ဖြစ်ပုံ ပြောပါဦး”

”ကျွန်တော်က ဂျာနယ်တွေ အလှူခံတယ်။ ပြီးရင် ပြန်လှူ တယ်။ ဆရာဦးဘုန်းမြင့်အောင်ရဲ့ ပြင်စာက စာကြည့်တိုက်ရယ်၊ ဧရာဝတီမြစ်အနောက်ဘက်ကမ်း မင်းကွန်းက ဝတ်မှုန်ကူးသူများ စာဖတ်သင်းရယ်မှာ လှူဖြစ်တယ်။ ကျောက်ဆည်နယ်ဘက်က စာကြည့်တိုက်လည်း ပို့ခ အကုန်ခံပြီး ကားပေါ်တင်ပေးလိုက်တာ ပဲ။ ပြင်စာက စာကြည့်တိုက် (ပြင်ဦးလွင် ၂၁ မိုင်ရဲ့ အထက်) ဆို ရင် စာအုပ်ထုတ် ဘီးပေါ်တင်ပြီး သွားလှူတာ။ မင်းကွန်းက ဝတ် မှုန်ကူးသူများ စာဖတ်သင်းဆိုလည်း စက်ဘီးနဲ့ သွားတာပဲ”

ဦးပိုက်ရရဲ့ ပြောစကားတွေကြောင့် ကျွန်တော့်မှာ အံ့သြ ဘနန်းဖြစ်ရတယ်။ သူပြောတဲ့နေရာတွေကို ကျွန်တော်သိတယ်။ စက်ဘီးနဲ့ လေး၊ ငါးနာရီ နင်းရတဲ့ ခရီးတွေ၊ တောင်တက်ခရီးပါ သလို သဲချောင်းနဲ့ ချောင်းခြောက်တွေ ဖြတ်ရတဲ့ ခရီးတွေလည်း  ပါတယ်။ တော်ရုံ လုံ့လဝီရိယနဲ့ အဲဒီလိုလုပ်နိုင်ဖို့ မလွယ်ဘူး။ ဦးပိုက်ရက သူပြောလက်စစကား ဆက်ပြောတယ်။

”ဂျာနယ်တွေလှူလာတာ နေရာပေါင်း တစ်ရာကျော်ပြီ။ စာကြည့်တိုက်လုပ်ဖို့၊ စာဖတ်သင်းလုပ်ဖို့ နေရာမရှိသေးတဲ့ နေ ရာတွေလည်း လှူတာပဲ။ လူများများစုနိုင်လောက်တဲ့ လက်ဖက် ရည်ဆိုင်တို့၊ ကားဂိတ်တို့ပေါ့”

တောင်သမန်အင်းထဲက ဦးပိန်တံတားကြီး ကြမ်းခင်းတွေ ချောင်နေတာ သံဝယ်ပြီး သွားရိုက်တာ ကျွန်တော်သိထားလို့ အဲဒီအကြောင်းမေးတယ်။

”ဦးပိန်တံတားနားမှာ တံဆိပ်ရိုက်လုပ်ငန်းလုပ်တဲ့ သူငယ် ချင်းရှိတယ်။ သူ့ဆီသွားလည်ရင်း တံတားကြမ်းခင်းတွေ ချောင် နေတာ သတိထားမိတယ်။ နောက်တစ်ပတ်လောက်အကြာ သွား တော့လည်း ချောင်နေတာပဲ။ ဒါနဲ့ နောက်တစ်ခေါက်သွားတော့ တူရယ်၊ လွှရယ်၊ နှစ်လက်မခွဲသံရယ်၊ သုံးလက်မသံရယ်၊ သုံး ပိဿာလောက်ဝယ်ပြီး သွားတယ်။ သံချက် ချောင်တဲ့နေရာတွေ မှာ သံရိုက်ခဲ့တယ်။ ကျွန်တော်ရိုက်နေတာမြင်တော့ ရွာထဲကလူ တွေက သစ်သားပြားတွေ လာပေးကြတယ်”

နေပူကျဲကျဲတောက်မှာ အမိုးအကာမရှိတဲ့ တံတားကြီးက တံတားကြမ်းခင်းတွေကို ချွေးသံတရွှဲရွှဲနဲ့ ရိုက်နှက်နေတဲ့ ဦးပိုက်ရ ရဲ့ ရုပ်ပုံကို ရုပ်ရှင်အနှေးပြကွက်လို မြင်ယောင်မိတယ်။ ဦးလေး ဦးပိုက်ရနေတဲ့ ၁၆ လမ်းနဲ့ ဦးပိန်တံတားက အနည်းငယ်လှမ်း တယ်။ (၈ မိုင်လောက် ဝေးတယ်) အဲဒီခရီးကို စက်ဘီးတစ်စီးနဲ့ သွားပြီး ဘာလုပ်အားခမှ မရတဲ့အပြင် သူ့အိတ်ထဲကတောင် သံ ဖိုး စိုက်ရသေးတယ်။ ဘယ်သူကမှ မခိုင်းရဘဲ၊ ဘာဂုဏ်ပြုလက် မှတ်မှ မရဘဲ နေပူကျဲတောက်မှာ လုပ်ဖို့ဆိုတာ တော်ရုံစေတနာ နဲ့ မဖြစ်နိုင်ဘူး။ သူ့ရဲ့ လူမသိ သူမသိ လုပ်ရပ်တွေအပေါ် မှတ်တမ်း တင်ဖြစ်ဖို့ ဒီတံတားကြီးကို ပြုပြင်တဲ့ လုပ်ရပ်က အဓိကကျတယ်။ ဦးပိုက်ရမှာ သားသမီးအရင်းအချာကိုးယောက်ရှိတဲ့အပြင် မွေး စားသားသုံးယောက်လည်း ရှိတယ်။ အဲဒီအကြောင်း ကျွန်တော် မေးတယ်။

”သုံးယောက်ထဲက အကြီးနှစ်ယောက်ကို အရင်မွေးစား တာ။ နာဂစ်ဖြစ်တော့ ရွှေဆံနွယ်ဆရာတော်နဲ့ အောက်ပြည် အောက်ရွာကို ကူညီဖို့ လိုက်သွားဖြစ်တယ်။ ဒုက္ခသည်တွေက ကားလမ်းနံဘေးမှာ တဲထိုးနေကြတာ။ ကျွန်တော်တို့က စားစရာ၊ သောက်စရာတွေ လှူတယ်။ အဲဒီကလေးနှစ်ယောက်က ကား နားမှာ ရစ်သီရစ်သီလုပ်နေတော့ သူတို့ဘယ်မှာနေတာလဲမေး တော့ နေစရာမရှိဘူးတဲ့။ မိဘတွေရောဆိုတော့ မသိဘူးတဲ့။ လိုက်မလားမေးတော့ လိုက်မယ်ဆိုတာနဲ့ ခေါ်ချလာလိုက်တာ။ ဒီ ရောက်တော့ ရပ်ကွက်ထဲက ကားဝပ်ရှော့နှစ်ခုမှာ ခွဲအပ်လိုက်တယ်”

”ညီအစ်ကိုရင်းနှစ်ယောက် ဘာကြောင့် ခွဲအပ်ရတာလဲ”

”အလုပ်တစ်ခုတည်း အပ်လိုက်ရင် တကယ်လို့ အဆင် မပြေရင် နှစ်ယောက်စလုံး ထွက်ရမှာလေ။ အခုလို ခွဲအပ်လိုက် တော့ တစ်ယောက်အဆင်မပြေလို့ ထွက်လာရင် တစ်ယောက် ကျန်သေးတာပေါ့။ အခုအထိတော့ နှစ်ယောက်စလုံး အဆင်ပြေ ပါတယ်။ ကလေးတွေက လိမ္မာကြပါတယ်။ ဝင်ငွေတွေ ရနေကြပြီ””နောက်အငယ်တစ်ယောက်က ဘယ်လိုဖြစ်ပြီး ရောက် လာတာလဲ””လွန်ခဲ့တဲ့ နှစ်နှစ်လောက်က မိတ်ဆွေတစ်ယောက်က အင်တာနက်ပေါ်တင်လိုက်တယ်။ သူ့မိဘရဲ့ မိတ်ဆွေတွေက တွေ့ သွားပြီး သူတို့မိဘတွေ တွေ့သွားတယ်”

ဦးပိုက်ရပြောနေတဲ့ ဖြစ်ရပ်က မြန်မာဗီဒီယိုဇာတ်လမ်းဆန် တယ်။ ဘာဖြစ်မှာပါလိမ့်လို့ ကျွန်တော်စဉ်းစားနေတုန်း သူက အဖြေပေးတယ်။”သားငယ်ကို လာထားသွားတာပေါ့ဗျာ။ ဟား ဟား ဟား။ ဒါတောင်နောက်ထပ်တစ်ယောက်ရှိသေးလို့ လာထားမယ်ပြော သေးတယ်။ အခုမှ တစ်တန်းကျောင်းသားရှိသေးတာ။ အဲဒီ ကလေးကတော့ ရွှေဘိုက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း မှာ ကျောင်းထားပေးထားတယ်။

”လေးတန်းလောက်အထိတော့ ကျောင်းထားလိုက်ပါလို့ ပြောထားရတယ်။ နောက်သုံးနှစ်နေရင် အဲဒီကလေးလည်း ကျွန် တော့်ဆီ ရောက်ဦးမှာပဲ။ အဲဒီတော့လည်း လေးယောက်ဖြစ်သွား တာပေါ့။ အခုလောလောဆယ် ညီအစ်ကိုရင်းသုံးယောက် မွေး စားထားတယ်။ သူတို့မိဘတွေ လာတုန်းက သူတို့ဝင်ငွေလေးတွေ စုထားတာ ကန်တော့လိုက်ကြတယ်”

ကျွန်တော်တို့ စကားကောင်းနေတုန်း ဦးပိုက်ရရဲ့ မိတ်ဆွေ ဦးလှသန်း စက်ဘီးတစ်စီးနဲ့ ရောက်ချလာတယ်။ ဦးလှသန်းကိုယ် တိုင်လည်း အိတ်ချ်အိုင်ဗွီရှိသူတွေကို ကူညီနေတဲ့ ပရဟိတသမား တစ်ယောက်ဖြစ်တယ်။ ဦးလှသန်းက ကျွန်တော်တို့နှစ်ယောက်ကို မျက်နှာချင်းဆိုင်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်ကို ခေါ်ပြီး ဧည့်ခံ တယ်။ လက်ဖက်ရည်ဆိုင်က အပြန် ကျွန်တော်တို့စကားဝိုင်းကို ဆက်တယ်။ဦးပိုက်ရက သူ့လက်ကိုင်ဖုန်းထဲက အမြွှာမိန်းကလေးနှစ် ယောက်ရဲ့ ဓာတ်ပုံတွေကို ပြတယ်။ မူကြိုသာသာအရွယ် ချစ်စဖွယ်ကလေးငယ်လေးတွေ ဖြစ်တယ်။

”သူတို့လေးတွေရဲ့ အဖေက ဆုံးသွားပြီ။ အမေက နောက် အိမ်ထောင်ပြုတော့မှာမို့ အဒေါ်က မွေးစားထားတယ်။ ငွေကြေး တတ်နိုင်သူက မွေးစားရင် ဆက်သွယ်ပေးဖို့ ကျွန်တော့်ကို မှာ ထားကြတယ်။ ငွေက အဓိကမကျဘူး၊ စိတ်ရင်းစေတနာက အဓိကကျတယ်လို့ ကျွန်တော်ပြောခဲ့တယ်။ စိတ်ဓာတ်ကောင်းသူ နဲ့ တွေ့ရင် သူတို့ဘဝလေးတွေ လုံခြုံသွားမှာ။ ကျွန်တော့်မိတ်ဆွေ တစ်ယောက်ဆီ မက်ဆေ့ချ်ပို့ထားတယ်။ အကြောင်းမပြန်သေးဘူး”(နောက်ဆက်တွဲသိရတာကတော့ အာရှအလင်းရောင် ပရဟိတဆရာတော်က ညီအစ်မနှစ်ယောက်စလုံးကို မွေးစား လိုက်ပြီလို့ သိရပါတယ်။)ဧရာဝတီတိုင်းဘက်က ကိုရင်လေးကို ကျောင်းထားပေးတဲ့ အကြောင်း သူက ဆက်ပြောတယ်။

”သင်္ကြန်တွင်း ပြင်ဦးလွင်မှာ ဘုန်းကြီးဝတ်တော့ ကိုရင် လေးအဒေါ်တွေက ကျွန်တော်တို့နဲ့ ထည့်ပေးလိုက်တယ်။ ကျွန် တော်တို့က သင်္ကြန်အပြီးမှာ လူထွက်လိုက်ကြတယ်။ ကိုရင်လေး ကို လာမခေါ်ကြဘူး။ မနေနိုင်တာနဲ့ ကိုရင်လေးအဒေါ်ဆီက သူ တို့မိဘတွေရဲ့ ဖုန်းနံပါတ်တောင်းပြီး ဆက်တယ်။ လာမခေါ်ရင် လည်း ကျောင်းထွက်လက်မှတ်လာပေးပါဆိုတော့ ကျောင်းထွက် လက်မှတ် လာပေးသွားတယ်”ကျွန်တော် ဦးပိုက်ရပြောတာကို ငြိမ်ပြီး နားထောင်နေလိုက်တယ်။

”အဲဒီကိုရင်လေးက နှစ်တန်းရှိသေးတာ။ ကိုရင်လေးကို ကျောင်းဆက်နေမှာလား၊ အလုပ်လုပ်မှာလားမေးတော့ ကျောင်းဆက်နေမှာလို့ ဖြေတယ်။ ကျွန်တော်တို့ ဘုန်းကြီးဝတ် တဲ့ ပြင်ဦးလွင်ကျောင်းက ဘကကျောင်းမရှိတော့ ဘကကျောင်း ရှိတဲ့ မန္တလေးပြန်ခေါ်လာရတယ်။ လွန်ခဲ့တဲ့ သုံး၊ လေးလကပဲ မန္တလေးပြန်ခေါ်လာတာ””အခု ကိုရင်လေးကို ဘယ်မှာ သီတင်းသုံးခိုင်းထားသလဲ””ပုသိမ်ကြီးမြို့နယ်ထဲက သာခိုတောင် ဘကကျောင်းမှာ ရောက်နေပြီ။ အဲဒီမှာ ဘုန်းကြီးဝတ်နေတာ ဘယ်သူလဲဆိုတော့ ကျွန်တော်တို့နယ်မြေကို ကိုင်ရတဲ့ ထောက်လှမ်းရေးဟောင်းဖြစ် နေတယ်”(သာခိုတောင်က မန္တလေးမြို့အရှေ့ဘက် ၁ဝ မိုင်လောက် အကွာမှာ တည်ရှိတယ်)

”ထောက်လှမ်းရေးဟောင်းဘုန်းကြီးက ကျွန်တော့်ကို ပြောသေးတယ်။ ဦးပိုက်ရ၊ ကျွန်တော် ခင်ဗျားကို စစ်တုန်းက ရိုက်တာ၊ နှက်တာရှိခဲ့ရင် ခွင့်လွှတ်ပါတဲ့။ ထောက်လှမ်းရေးဘဝ တုန်းက အရက်သေစာသောက်စားတာရှိတော့ စစ်ရင်း၊ မေးရင်း လက်လွန်ခြေလွန်ရှိနိုင်တယ်တဲ့”

”ဦးပိုက်ရ ဘာကြောင့် အစစ်ခံရတာလဲ””နိုင်ငံရေးနဲ့ ဆက်နွှယ်တယ်ဆိုပြီး ထောက်လှမ်းရေးတွေ တန်ခိုးထွားစဉ်က အစစ်ခံခဲ့ရတာပေါ့။ တစ်နေကုန် ဘာမှ မစားရ၊ မသောက်ရဘဲ အစစ်ခံခဲ့ရတယ်။ ရိုက်တာ၊ နှက်တာ မရှိပါဘူးလို့ ဖြေခဲ့တယ်။ သူကိုယ်တိုင်ကလည်း ကျွန်တော့်ကို ပြောတယ်။ ပရဟိတလုပ်တာ အကောင်းဆုံးပဲတဲ့”ကျွန်တော် ဦးပိုက်ရရဲ့ စကားအပေါ် ဘာထင်မြင်ချက်မှ မပေးခဲ့ဘူး။ သက်ပြင်းတော့ ချမိတယ်။ နောက်ဆုံးမေးခွန်းမေး လိုက်တယ်။”ပရဟိတကို ဘယ်အချိန်အထိ လုပ်သွားမှာလဲ””သေတဲ့အထိ လုပ်သွားမယ်”

ဦးပိုက်ရရဲ့ အဖြေက တိုတိုတုတ်တုတ်ဖြစ်ပေမယ့် သူ့အဖြေ ပေါ်မှာ သံသယမဝင်မိပါဘူး။ အဲဒီလို သံသယမဝင်အောင်လည်း ဦးပိုက်ရက အလုပ်တွေနဲ့ သက်သေပြခဲ့ပြီးပါပြီ ။         ။

အမျိုးအစား - ပုံရိပ်လွှာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."