Illustration – MAUNG NOE
NCA မှာ ပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိ တဲ့ ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဟာ နိုဝင်ဘာ ၈ ရက် က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး အပါ အဝင် အစိုးရထံ အဆိုပြုချက် ကိုးချက် ထုတ် ပြန်ခဲ့ပါတယ်။ ဒီလို အဆိုပြုချက်ထုတ်ပြန်တဲ့ UNFC အဖွဲ့ဝင် ကိုးဖွဲ့ထဲမှာ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့/တပ်မတော်(KIO/KIA)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ မွန် ပြည်သစ်ပါတီ (NMSP)၊ ရခိုင်အမျိုးသား ကောင်စီ (ANC)၊ ရှမ်းပြည်တိုးတက်ရေးပါ တီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မ တော် (PSLF/TNLA)၊ မြန်မာအမျိုးသား ဒီမို ကရေစီ မဟာမိတ်တပ်မတော် (MNDAA)၊ ဝ အမျိုးသားအစည်းအရုံး (WNO)နဲ့ လားဟူဒီမို ကရက်တစ်အစည်းအရုံး (LDU) တို့ ပါဝင်ခဲ့ကြ ပါတယ်။ ဒီ UNFC အဖွဲ့ဝင်တွေက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအပါအဝင် အာမခံချက် ရှိပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်ကို အားလုံးပါဝင်တက်လှမ်းနိုင်ရေး အတွက် အဆိုပြုချက်တွေကို ထုတ်ပြန်လိုက် တာဖြစ်တယ်။ UNFC အဖွဲ့ဝင်တွေအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ရေး၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်များ၊ ပြန် လည်သုံးသပ် ဆွေးနွေးအတည်ပြုရာမှာ ပါဝင် ခွင့်ရရေး၊ ၂၁ ရာစု ပင်လုံညီလာခံတွေမှာ ဆက် လက်ပါဝင်ခွင့်ရရေးတို့အတွက် ဒီအဆိုပြု ချက်တွေ တင်ပြတာဖြစ်တယ်လို့ ဆိုပါတယ်။ UNFC ရဲ့ အဆိုပြုချက်တွေကတော့…
(၁) တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်းကို အစိုးရနှင့် တပ် မတော်တို့က ဤသဘောတူချက်ရရှိပြီး ၂၄ နာရီအတွင်း ထုတ်ပြန်ကြေညာပြီးနောက် UNFC အဖွဲ့က ၄၈ နာရီ အတွင်း အဖွဲ့အသီးသီးက ထုတ်ပြန်ကြေညာရန်။
(၂) လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံ တဲ့ ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ၊ အာမ ခံချက်အပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်သွားရန်။
(၃) နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ အဆင့်ဆင့်မှာ အစိုးရ၊ လွှတ် တော်နှင့် တပ်မတော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း(အားလုံး)ရဲ့ ကိုယ်စားလှယ်များ၊ တရားဝင်နိုင်ငံရေးပါတီများရဲ့ ကိုယ်စားလှယ်များ ပါဝင်ခွင့် ရရေး၊ အခြား ပါဝင်သင့် ပါဝင်ထိုက်သူများကို ၎င်းတို့နှင့် စပ် ဆိုင်တဲ့ ကဏ္ဍတွေမှာ ပါဝင်ခွင့်ပြုရန်။
(၄) ၂၁ ရာစု ပင်လုံညီလာခံက ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်တွေ အပေါ် အခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် လိုအပ် တဲ့ဥပဒေများ ရေးဆွဲပြဋ္ဌာန်းရန်။
(၅) နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်အပါအဝင် နှစ်ဖက် လိုက်နာရမည့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်း ကမ်းများ၊ တပ်ပိုင်းဆိုင်ရာကျင့်ဝတ် (COC) များ၊ စောင့် ကြည့်ရေးလုပ်ငန်းလမ်းညွှန်များ (TOR)၊ တပ်နေရာချထား ရေးတို့ ကြိုတင်သဘောတူမှု ရယူရန်။
(၆) အစိုးရကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အများယုံကြည် လေးစားသော ပုဂ္ဂိုလ်များပါဝင်တဲ့ အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ စောင့်ကြည့်ရေးကော်မတီတစ်ရပ်ကို နှစ်ဖက် သဘောတူလက်ခံနိုင်တဲ့ နိုင်ငံတကာ အစိုးရကိုယ်စားလှယ် များ ပါဝင်တဲ့ ကြီးကြပ်စောင့်ကြည့်ရေးအဖွဲ့နှင့်အတူ ဖွဲ့စည်း သွားရန်။
(၇) NCA သဘောတူညီချက်ပါ လိုက်နာရမည့် တာဝန်များ၊ စည်းကမ်းချက်များနှင့် စပ်လျဉ်းပြီး မပြေလည်မှုပေါ်ပေါက် လျှင် ပြည်တွင်းနှင့် နိုင်ငံတကာမှ နှစ်ဖက်သဘောတူသော ဥပဒေပညာရှင်များနှင့် တရားသူကြီးများပါဝင်တဲ့ လွတ်လပ် သည့် ဖျန်ဖြေရေးကော်မရှင်၏ ဆုံးဖြတ်မှုခံယူရန်။
(၈) အပစ်ရပ်ဒေသအတွင်း ဒေသခံပြည်သူလူထုအပေါ် အကျိုး သက်ရောက်မှုကြီးမားတဲ့ စီမံကိန်းများ ဖော်ဆောင်ရန်ရှိပါက သဘာဝသယံဇာတများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး အဖွဲ့ (Extracting Industries Transparency Initiative-EITI) ရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ဒေသခံပြည်သူလူ ထုနှင့် ညှိနှိုင်းဆောင်ရွက်ရေး၊ နိုင်ငံတကာ လူသားချင်းစာနာ မှုအကူအညီများကို ဤသဘောတူညီချက်အရ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ညှိနှိုင်းဆောင် ရွက်ရန်။
(၉) အထက်ပါတောင်းဆိုချက်များကို နှစ်ဖက်ညှိနှိုင်း ဆွေးနွေး သဘောတူညီမှု ရရှိပြီးသည်နှင့် တစ်ပြိုင်နက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက် မှတ်ရေးထိုးရန် အဆိုပြုထားပါတယ်။
ငြိမ်းချမ်းရေးလွန်သော် စစ်
UNFC က ၂၁ ရာစုပင်လုံညီလာခံမှာ တင်ပြခဲ့တာ အခြေ ခံမူ ရှစ်ချက်သာ ပါဝင်ခဲ့တာပါ။ ညီလာခံလွန်ကာလ ခုတစ်ကြိမ် တင်ပြချက်မှာတော့ ကိုးချက်ဖြစ်လာခဲ့ပါတယ်။ တိုးချဲ့ထည့်သွင်း လိုက်တဲ့ နောက်ဆုံးတစ်ချက်ကတော့ သူတို့မူလတင်ပြခဲ့တဲ့ အခြေခံမူရှစ်ချက်ကို ညှိနှိုင်းဆွေးနွေး အကောင်အထည်ဖော်ပြီး ရင် NCA ကို လက်မှတ်ထိုးမယ်ဆိုတဲ့ သဘောထားကို ဖော်ပြ လိုက်တာပါပဲ။ ဒီလို NCA လက်မှတ်ထိုးရေးကိစ္စကို Agenda ရဲ့ နောက်ဆုံး နေရာပို့လိုက်ခြင်းက အစိုးရနဲ့ တပ်မတော်တို့ ချမှတ် ထားတဲ့ လုပ်ငန်းစဉ်မူဝါဒတွေကို ပြောင်းပြန်လှန်ပစ်လိုက်တဲ့ သဘောပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ ငြိမ်းချမ်း ရေးကော်မရှင်နဲ့ တပ်မတော်တို့ရဲ့ သဘောထားကတော့ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အရင်ဆုံးNCA စာချုပ် ကို လက်မှတ်ရေးထိုးစေချင်တယ်။ NCA လက်မှတ်ထိုးပြီးတဲ့ အဖွဲ့တွေနဲ့သာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်း ပရေး၊ နိုင်ငံရေးမူဘောင်တွေ ညှိနှိုင်းရေးဆွဲရေး စတဲ့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွေ ဆက်လက် အကောင်အထည်ဖော်သွားဖို့ ဆုံးဖြတ်ထားခဲ့ကြတယ်။
ဒီဆုံးဖြတ်ချက်ကြောင့်ပဲ ၂၁ ရာစု ပင်လုံညီလာခံလွန်ကာ လမှာ NCA လက်မှတ် မရေးထိုးရသေးတဲ့ UNFC အဖွဲ့ဝင် ကိုး ဖွဲ့အနေနဲ့ ရှေ့ဆက်ရမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့်ဆင့်မှာ ပါဝင်ခွင့်မရတော့ပါဘူး။ NCA လက်မှတ်မထိုးရသေးတဲ့ UNFC အဖွဲ့ဝင်တွေနဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့အကြား ဆက်သွယ်ညှိ နှိုင်းစရာဆိုလို့လည်း DPN (ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ ) ဆိုတဲ့ ကြိုးလေးတစ်ချောင်းသာ တဲတဲလေး ကျန်ပါတော့တယ်။ ညီလာခံအလွန်ကာလ စကတည်းက တပ်မ တော်ဘက်မှ မြန်မာပြည်အနှံ့မြောက်ပိုင်းတစ်ခုလုံးမှာ ကြည်း၊ လေ ပူးပေါင်းထိုးစစ်တွေ အဆက်မပြတ်ဆင်နွှဲနေလေတော့ (Delegation For Political Negotiation- DPN) ဆိုတဲ့ ကြိုးလေးတောင် ပြတ်လုနီးပါး ဖြစ်နေပါပြီ။ ဒီကြိုးလေးသာ ပြတ်သွားခဲ့ရင် ငြိမ်းချမ်းရေးအသံတွေပျောက်ပြီး စစ်စည်တိုက် မောင်းသံတွေသာ ညံလာပါလိမ့်မယ်။
ဒါကြောင့်လည်း အောက်တိုဘာလအတွင်းက ကျင်းပတဲ့ DPN အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ဥက္ကဋ္ဌ ခူးဦးရယ်က ”ညီလာခံကျင်းပချိန်က မိုးတလုံးလေတလုံး ကြီး ကြီးကျယ်ကျယ် ငြိမ်းချမ်းရေးစကားတွေ ပြောခဲ့ကြပြီး ညီလာခံ လည်း ပြီးရော တိုက်ပွဲသံတွေ ညံနေတာကတော့ ငြိမ်းချမ်း ရေးမျှော်လင့်ချက်တွေ မြင့်မားနေတဲ့ ပြည်သူတွေအတွက် အတော်စိတ်ပျက်စရာပါပဲ”လို့ ထုတ်ဖော်ပြောခဲ့ဖူးပါတယ်။KIA ဒုဥက္ကဋ္ဌ ၂ ဗိုလ်ချုပ်ဂွမ်မော်ကလည်း ”တောင်အာဖရိကကို ငြိမ်းချမ်းရေးလေ့လာရေးခရီးစဉ် သွားနေရပေမယ့် ကချင်ပြည် နယ်မှာ ဗုံး၊ အမြောက်သံတွေ ညံနေတော့ စိတ်မချမ်းမြေ့လှပါ ဘူး”လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ထဲမှာ ရေးပြခဲ့ပါတယ်။ ညီလာခံ လွန်ကာလ တပ်မတော်ရဲ့ စစ်ဆင်ရေးတွေဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တွေကို NCA လက်မှတ်ထိုးဖို့ စစ်ရေး ဖိအားပေးနေတာလို့ တိုင်းရင်း သား ခေါင်းဆောင်တွေက ရှုမြင် နေကြပါတယ်။
UNFC အဖွဲ့ခေါင်း ဆောင်တွေက ဒေါ်အောင် ဆန်းစုကြည် ခေါင်းဆောင် ကျင်းပတဲ့ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံ အပေါ် ယုံကြည်မျှော်လင့်နေဆဲ ဖြစ် ပါတယ်။ ဆက်လက်ဖော် ဆောင်မယ့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွေမှာ ဆက်လက်ပါဝင်လိုတဲ့ ဆန္ဒလည်း ရှိနေကြဆဲပါပဲ။ ဒါပေမဲ့ အစိုးရနဲ့ တပ်မတော်ရဲ့ သဘောထားအရ NCA လက်မှတ်မရေးထိုးတဲ့တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းမှန်သမျှ ရှေ့ဆက်ဆောင်ရွက်ရမယ့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွေမှာ ဆက်လက်ပါဝင်ခွင့် မရှိတော့ပါဘူး။ ဒီအဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေးခရီးမှာ NCA ဟာ အဓိက အတားအဆီးတစ်ရပ်လို ဖြစ်နေဟန်တူပါတယ်။ ဒါကြောင့်လည်း DPN မှာ ပါဝင်တဲ့ UNFC ခေါင်းဆောင်တွေက NCA အတား အဆီးကို ကျော်လွှားနိုင်မယ့် နည်းလမ်းတစ်ရပ်အဖြစ် သူတို့ရဲ့ အဆိုပြုချက်ဖြစ်တဲ့ အခြေခံမူရှစ်ချက်ကို ဖော်ဆောင်ပြီးရင် NCA လက်မှတ်ထိုးဖို့ သဘောတူတယ်လို့ တိုးချဲ့အဆိုပြုလိုက် ဟန်တူပါတယ်။ ဒီလိုနဲ့ NCA လက်မှတ်မထိုးရသေးတဲ့ UNFC အဖွဲ့ရဲ့ အဆိုပြုချက်အသစ်ဟာ ကိုးချက်ဖြစ်လာပုံရပါတယ်။
စစ်အလွန်ငြိမ်းချမ်းရေး
၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံ စတုတ္ထနေ့မှာ တပ်မ တော်ညီလာခံကိုယ်စားလှယ်က တပ်မတော်ရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ သဘောထားကို ရှင်းလင်းတင်ပြသွားခဲ့ပါတယ်။တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒခြောက်ရပ်ချ မှတ်ပြီး ‘ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ မည်သည့်ပြည်ပနိုင်ငံနှင့် အဖွဲ့အစည်းတွေရဲ့ ပါဝင်စွက်ဖက်မှုကိုမျှ လက်ခံမည်မဟုတ်။ တိုင်းရင်းသားလူမျိုးစုံပါဝင်တဲ့ တစ်ခုတည်းသော ပြည်ထောင်စု တပ်မတော် Standard Army ကိုတည်ဆောက်သွားမယ်။ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကို NCA စာချုပ်အခြေခံပြီး နိုင်ငံရေးနည်းလမ်းအရ ဆောင် ရွက်ကြရမှာဖြစ်တယ်။ NCA လမ်းပြမြေပုံအရ DDR (တပ် ဖျက်၊ လက်နက်စွန့်၊ ပြန်လည် ဖွဲ့စည်းရေး) လုပ် ငန်းစဉ်အတိုင်း လိုက်ပါဆောင်ရွက်ပြီးမှ SSR (လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်း လဲမှု) လုပ်ငန်းစဉ်ကို ဆက်လက် အကောင်အထည်ဖော်ရမှာ ဖြစ် တယ်။ ၂၁ ရာစု ပင်လုံညီလာခံ အပါအဝင် ငြိမ်းချမ်းရေးလုပ် ငန်းစဉ် အားလုံးဟာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေခံရမှာဖြစ်ပြီး ပြင် ဆင်လိုတဲ့ အချက်တွေကို ပုဒ်မ ၄၃၆ ပါ ပြဋ္ဌာန်းချက်များ အတိုင်းသာ ဆောင်ရွက်သွား ကြရမှာ ဖြစ်ပါတယ်။
ခြုံကြည့်ရင် တပ်မတော်ရဲ့ အခြေခံမူ ခြောက်ချက်နဲ့ တိုင်းရင်းသား လက်နက်ကိုင်များ ဖြစ်ကြတဲ့ UNFC အဖွဲ့ရဲ့ အဆိုပြုချက်ကိုးချက်တွေဟာ ဆုံမှတ်မရှိတဲ့ ပြဒါးတစ် လမ်း၊ သံတစ်လမ်း ဖြစ်နေကြရုံမက အမြင်တွေကလည်း ဝင်ရိုး စွန်းနှစ်ခုပမာ ကွာလှမ်းနေကြပါတယ်။ UNFC အဖွဲ့ရဲ့ ပထမဆုံး အဆိုပြုချက်ဖြစ်တဲ့ နှစ်ဖက်အပစ်အခတ်ရပ်စဲရေးကို မူအရ တပ်မတော်က ဘယ်တုန်းကမှ လက်ခံစဉ်းစားပေးတဲ့ သဘောမ ရှိခဲ့ပါဘူး။ ငြိမ်းချမ်းရေးညီလာခံပြီးတာနဲ့ ထိုးစစ်တွေ အဆက် မပြတ် ဆင်နွှဲလိုက်ခြင်းဖြင့် တပ်မတော်က နှစ်ဖက်စစ်ရပ်စဲရေး အပေါ် သူတို့သဘောထားကို ထုတ်ဖော်ပြသခဲ့ပြီးဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်ကလည်း ‘အားလုံးပါဝင်ရေးနှင့် နှစ်ဖက်စစ်ရပ်စဲရေး’ကို ကြိုးစားပေးဖို့ တိုက်တွန်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာTNLA (ပလောင်အဖွဲ့)၊ ကိုးကန့် အဖွဲ့ (MNDAA)၊ AA (ရခိုင်အဖွဲ့)တို့ ပါဝင်ရေးကိုတောင် ဒီ နေ့အထိ တပ်မတော်က လက်မခံ၊ ငြင်းဆန်နေဆဲဖြစ်ပါတယ်။
UNFC အဖွဲ့ရဲ့ အဆိုပြုချက်တွေထဲမှာ လွတ်လပ်မှု၊ တန်း တူညီမျှမှုနဲ့ တရားမျှတမှုကို အခြေခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန်ဆိုတဲ့ ဦးတည်ချက်တွေ ပါဝင်ခဲ့ ပေမယ့် တပ်မတော်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အခြေခံ မူ ခြောက်ချက်ထဲမှာတော့ ဒီသဘောထားတွေ ဘာမှ ပါဝင်ခြင်း မရှိခဲ့ပါဘူး။ ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံမှာ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင် အဖွင့်အမှာစကား ပြောကြားရာမှာလည်း ‘ဖက်ဒရယ်’ဆိုတဲ့ စကားလုံးကို တစ်လုံးမှ ပြောကြားသွားခြင်း မရှိခဲ့ပါဘူး။ ညီလာခံမှာ တပ်မတော်ရဲ့ သဘောထားကို ရှင်းပြရာ မှာတော့ တပ်မတော်သားကိုယ်စားလှယ်က ၂ဝဝ၈ ဖွဲ့စည်းပုံဟာ ဖက်ဒရယ်ပြည်ထောင်စုရဲ့ အခြေခံသဘောလက္ခဏာတွေ ပါဝင် ပြီးဖြစ်တယ်လို့ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။ ဒါပေမဲ့ UNFC အဖွဲ့ ရဲ့ အဆိုပြုချက်တွေထဲမှာတော့ ၂၁ ရာစု ပင်လုံညီ လာခံက ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်တွေအပေါ် အခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် လိုအပ်တဲ့ ဥပဒေတွေ ရေးဆွဲ ပြဋ္ဌာန်းသွားမယ်လို့ ပါဝင်ပါတယ်။ ဒါပေမဲ့ တပ်မတော်ရဲ့ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အခြေခံမူတွေထဲမှာတော့ ၂ဝဝ၈ ဖွဲ့ စည်းပုံကို ပြင်ဆင်ချင်တယ်ဆိုရင်တော့ ပုဒ်မ ၄၃၆ ပါ ပြဋ္ဌာန်း ချက်တွေအရသာ ပြင်ဆင်ခွင့်ရှိမယ်လို့ ဆိုပါတယ်။ ပုဒ်မ ၄၃၆ ပါ ပြဋ္ဌာန်းချက်တွေအရဆိုရင်တော့ တပ်မတော်က သဘောမတူ၊ လက်မခံခဲ့ရင် ၂ဝဝ၈ ဖွဲ့စည်းပုံပါ အခြေခံမူတွေကို ဘယ်လိုမှ ပြင် ဆင်ခွင့်ရစရာ အကြောင်းမရှိပါဘူး။ ၂ဝဝ၈ ဖွဲ့စည်းပုံကို ကာကွယ် စောင့်ရှောက်ရေးဟာ တပ်မတော်ရဲ့ အရေးကြီးဆုံး တာဝန်ဖြစ် တယ်လို့လည်း တရားဝင်ကြေညာထားပြီး ဖြစ်ပါတယ်။ ဒါ ကြောင့် ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဘောင်အတွင်း မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲရေး မဆိုထားနဲ့၊ ၂ဝဝ၈ ဖွဲ့စည်းပုံပြင် ဆင်ရေးလုပ်ငန်းတောင် ဖြစ်နိုင်ခြေ နည်းပါးလှပါတယ်။ နိုင်ငံ ရေးမူဘောင်ဆွေးနွေးရာမှာ ဖွဲ့စည်းပုံပြဿ နာကို ဆွေးနွေးခွင့် သာရှိပြီး ပြင်ဆင်ခွင့်ရနိုင်ခြေ မရှိအောင် နည်းပါးလှပါတယ်။
ခြားနေသော ကမ်းပါး
တပ်မတော်နဲ့ UNFC အဖွဲ့တို့အကြား နက်ရှိုင်းမှုအကြီး မားဆုံး ခြားနားကွာဟချက်တွေက ကာကွယ်ရေးနဲ့ လုံခြုံရေး နယ်ပယ်တွေမှာ ရှိနေပါတယ်။ UNFC က လူမျိုးစုအလိုက် လုံခြုံ ရေးအင်အားစုတွေ အချိုးကျပါဝင်တဲ့ ဖက်ဒရယ်တပ်မတော်ကြီး ထူထောင်ဖို့ စိတ်ကူးနေချိန်မှာ တပ်မတော်ကတော့ တစ်ခုတည်း သော ခေတ်မီ၊ စံမီ ပြည်ထောင်စုတပ်မတော်ကြီး တည်ဆောက် ရေးသာ ဆုံးဖြတ်စီစဉ်နေပုံရပါတယ်။ NCA စာချုပ်ပါ လမ်းပြ မြေပုံအရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ DDR (လက်နက်စွန့်၊ တပ်ဖျက်၊ ပြုပြင်ပြောင်းလဲရေး) ဖြစ်စဉ် ဖြတ် သန်းပြီးမှ လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ ပါဝင်ရမှာ ဖြစ်ပါတယ်။ ဒီလို ကာကွယ်ရေးနဲ့ လုံခြုံရေးလုပ်ငန်း စဉ်တွေ အကောင်အထည်ဖော်ရာမှာ ဘယ်ပြည်ပအင်အားစုမှ ပါဝင်ခွင့်မရှိစေရဆိုတဲ့ တပ်မတော်ရဲ့ သဘောထားအောက်မှာ UNFC က အဆိုပြုထားတဲ့ နိုင်ငံတကာပုဂ္ဂိုလ်များ ပါဝင်တဲ့ စောင့်ကြည့်ရေးအဖွဲ့တွေ၊ ဖျန်ဖြေရေးအဖွဲ့ ဆိုတာတွေလည်း ဖြစ် လာနိုင်စရာ မရှိပါဘူး။ ချုပ်ပြောရရင် UNFC ရဲ့ အဆိုပြုချက် တွေနဲ့ တပ်မတော်ရဲ့ အခြေခံသဘောထားတွေကို စေ့စပ်ညှိနှိုင်း ပေးဖို့ဆိုတာ မိုးပေါ်က အပ်တစ်စင်းနဲ့ လူ့ပြည်က အပ်တစ်စင်းတို့ ဆုံမိအောင် ကြိုးစားရတာလောက် ခက်ခဲပါလိမ့်မယ်။
ဘယ်လိုပဲဖြစ်ဖြစ် နှစ်ပေါင်း ၇ဝ နီးပါး ဖြတ်သန်းခဲ့ရတဲ့ တိုင်းပြည်တစ်ပြည်ရဲ့ ပဋိပက္ခမျိုးစုံကို နေ့ချင်းညချင်းမပြောနဲ့၊ နှစ်လုံးပေါက်ထိုင်ဖြေရှင်းတောင် ပြေလည်နိုင်ဖွယ် မရှိပါဘူး။ ရေ ရှည်ပြိုကွဲလာတဲ့ ယုံကြည်မှုတွေကို စိတ်ရှည်လက်ရှည်အချိန်ယူ ပြန်လည်တည်ဆောက်ကြရမှာပါ။ ဒီလို ယုံကြည်မှုပြန်လည်တည် ဆောက်နိုင်ဖို့ အရေးကြီးဆုံးနဲ့ အခြေခံအကျဆုံး လိုအပ်ချက်နှစ် ရပ်ရှိပါတယ်။
(၁) ဘက်အသီးသီး စစ်ရပ်စဲရေး
(၂) ပြည်တွင်းစစ်ကို နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းရာမှာ အား လုံး (ခြွင်းချက်မရှိ) ပါဝင်ခွင့်ရရေးတို့ပဲ ဖြစ်ပါတယ်။ တစ်ချိန် တည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေထဲမှာ အားလုံးပါဝင်ပြီး ရှေ့ ဆက်ချီတက်နိုင်ရေးအတွက် အဟန့်အတားဖြစ်နေတဲ့ NCA ပြဿ နာကို ကျော်လွှားသွားနိုင်ရေးအတွက် အားလုံး ဝိုင်းဝန်း စဉ်းစားပေးကြရမယ့် အချိန်ဖြစ်ပါတယ်။ စိတ်စေတနာပါရင် နည်းနာဆိုတာ ရှိလာမှာပါပဲ။ မိမိတို့ ကိုင်စွဲထားတဲ့ မူတွေဆိုတာ ပြည်တွင်းစစ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးဆိုင်ရာ ပြည်သူတွေရဲ့ သောက၊ ဆန္ဒ၊ အကျိုးစီးပွားတွေလောက် အရေးကြီးမယ် မထင်ပါဘူး။ အတိတ်က ဒေါသတွေ၊ အမုန်း၊ အငြိုးအတေးတွေ ခဝါချပြီး ကျောက်ဖြစ်ရုပ်ကြွင်းကျနေတဲ့ သဘောထားမူဝါဒတွေကို ဖြေ လျှော့ပြီး ‘ရှဉ့်လည်း လျှောက်သာ၊ ပျားလည်းစွဲသာ’တဲ့ လမ်းကို ရှာဖွေရွေးချယ်ကြဖို့ အချိန်ကျရောက်နေပါပြီ။
စစ်နဲ့ ငြိမ်းချမ်းရေး ရွေးကြရပေတော့မယ်။ ။
၂၀၁၆-ဒီဇင်ဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၁) မှ သုံးသပ်ချက် ဆောင်းပါးဖြစ်ပါသည်။
သန်းစိုးနိုင် ရေးသည်။

