ရင်ဆိုင်ရမည့် စိန်ခေါ်မှုများ
ဒီဇင်ဘာ- ၂၀၁၂ – ဇန်နဝါရီ-၂၀၁၃ ထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၃)မှ သုံးသပ်ချက် ဆောင်းပါးဖြစ်ပါသည်။
သန်းစိုးနိုင် ရေးသည်။
နှစ်ဆယ်ရာစု၏အဆုံး နိဂုံးပိုင်းနှစ် ကာလများတွင် နိုင်ငံတကာ နိုင်ငံရေး အခင်းအကျင်းကို ပြောင်းလဲစေသည့် သမိုင်းဝင်ဖြစ်ပေါ်တိုးပွားမှုကြီး သုံးရပ် ပေါ်ပေါက်ခဲ့သည်။ ၎င်းတို့မှာ . . .
(၁) ဆိုဗီယက်ကွန်မြူနစ်စနစ်ကြီးပြိုကွဲပျက်စီးသွားခြင်း
(၂) စစ်အေးခေတ်ကြီးတစ်ခေတ် အဆုံးသတ်သွားခြင်း
(၃) ဒီမိုကရေစီစနစ် တိုးပွား ပြန့်နှံ့လာခြင်းတို့ပင်ဖြစ်ကြသည်။
အဆိုပါ အပြန်အလှန် နီးကပ်ဆက် စပ်နေသည့် သမိုင်းဝင် ဖြစ်ပေါ်တိုးပွားမှု ကြီးသုံးရပ် ပေါ်ပေါက်လာခြင်းကြောင့် အစဉ်အလာ နိုင်ငံတကာဆက်ဆံရေး ပုံစံ ကောင်းများကို မှောက်လှန်ပြောင်းလဲ ပစ်လိုက်သကဲ့သို့ တိုင်းပြည်များ၏ ပြည် တွင်းနိုင်ငံရေး အခင်းအကျင်းများကို လည်း နက်ရှိုင်းစွာ လှည့်ပြောင်းစေခဲ့ သည်။ သို့ဖြင့် အစဉ်အလာ သမားရိုးကျ တည်ရှိနေခဲ့ကြသော ပြည်တွင်းရှိ နိုင်ငံရေးအုပ်စိုးမှုနှင့် စစ်တပ်တို့အကြားရှိ ဆက်ဆံရေးပြဿနာ အသစ်တဖန် ပြန် လည်အရေးပါလာတော့သည်။ တစ်နည်း ဆိုရလျှင် တိုင်းပြည်များတွင် ဒီမိုကရေစီ ဖြစ်ထွန်းတိုးပွားလာမှုကြောင့် အရပ်ဘက် စစ်ဘက်ဆက်ဆံရေး၌ အရေးကြီးသည့် ဆက်ဆံရေးဟန်သစ်၊ ပုံစံသစ်များ ဖြစ် ထွန်းလာခဲ့သည်။ ဤနိုင်ငံတကာတိမ်း ညွှတ်မှုအောက်တွင် မြန်မာနိုင်ငံ၌လည်း ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ၂ဝ၁ဝ ရွေးကောက်ပွဲနှင့်အတူ စစ်အာဏာပိုင် များ အရပ်ဝတ်လဲကာ နိုင်ငံတော်၏ အာ ဏာအဆောက်အအုံအသီးသီးတွင် ဝင် ရောက်နေရာယူလာခဲ့ကြခြင်းဖြစ်သည်။
ယခုအခါ ဖွံ့ ဖြိုးဆဲနိုင်ငံအများစု သည် လမ်းညွှန်ဒီမိုကရေစီ (Guided Democracy) ၊ အကန့်အသတ်ရှိသော (Limited Democracy) ၊ စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ (Disciplined Democracy) စသည့် အမည်အမျိုးမျိုး ဖြင့် ဒီမိုကရေစီနိုင်ငံသစ်များဆိုသည့် ခေါင်းစီးတံဆိပ်များအောက်တွင် ရောက် ရှိနေရာယူထားကြပြီ ဖြစ်သည်။ သို့သော် ထိရှလွယ်ပြီး ခိုင်မာမှုအားနည်းလှသော ဤဒီမိုကရေစီနိုင်ငံသစ် ဆိုသည်များတွင် အရပ်သားအုပ်ချုပ်ရေး၏ ထိရောက်မှန် ကန်စွာ ဆောင်ရွက်နိုင်ရေး၊ အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးကို အဓိက ဖိအားပေး ခြိမ်းခြောက်နိုင်သည့် အင်အားစုအဖြစ် စစ်တပ်သည် ဆက်လက်ရပ်တည်နေဆဲ ပင်ဖြစ်သည်။ တစ်ချိန်တည်းတွင် ဤတိုင်း ပြည်များ၌ စစ်တပ်တွင် အချိန်မရွေး အာဏာပြန်သိမ်းနိုင်သည့်အခွင့်အရေးများ တည်ရှိနေဆဲဖြစ်သဖြင့် နိုင်ငံရေး သမား များနှင့် ပြည်သူများအားလုံးပါ (U- Turn) ပြန်လှည့်သွားမည်ကို အစဉ်အမြဲ စိုးရိမ် သောကရောက်နေကြရ၏။
သို့ဖြင့်အရပ်ဘက်-စစ်ဘက် ဆက်ဆံ ရေးကို ဒီမိုကရေစီနိုင်ငံရေး ခေါင်းဆောင် များအနေဖြင့် အထူးသတိထား၍ သိမ်မွေ့ စွာကိုင်တွယ်နေရခြင်းဖြစ်ပါသည်။ ထို့ကြောင့် ပင် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည် ”မြန်မာပြည်မှာ ဒီမိုက ရေစီဆိုတာ တပ်မတော်ကပေးသလောက်ပဲ ရမှာပါ”ဟု ဝန်ခံပြောဆိုခဲ့ခြင်း ဖြစ်ပါလိမ့်မည်။
တိုးတက်နိုင်စရာ အလားအလာများ
မည်သို့ပင်ဆိုစေ ဖွံ့ ဖြိုးဆဲဒီမိုကရေစီ နိုင်ငံသစ်များအနေဖြင့် ယေဘုယျအား ဖြင့် ၎င်းတို့ရင်ဆိုင်နေရသည့် အခြားသော စိန်ခေါ်မှုများထက် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးပြဿနာကို ပိုမိုအလေးထား ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ကြသည်ဟုပင် ဆို ရပေလိမ့်မည်။ အဆိုပါနိုင်ငံများတွင် ယခင်က အာဏာပိုင်ဖြစ်နေခဲ့ကြသော အထက်တန်းစစ်အရာရှိကြီးများကို အရပ် သားအစိုးရက ၎င်းတို့လက်ခံနိုင်မည့် ပုံစံ တစ်မျိုးမျိုးဖြင့် အဆင့်မြင့် နိုင်ငံရေးရာထူး နေရာများမှ ဖယ်ရှားနိုင်စွမ်းရှိခဲ့ကြ၏။ စစ် တပ်မှ ချုပ်ကိုင်ထားသည့် ထောက်လှမ်း ရေးကဲ့သို့သော အထူးအဖွဲ့အစည်းအမျိုး မျိုးကို ပြုပြင်ပြောင်းလဲ ဖွဲ့စည်းနိုင်ခဲ့၏။ စစ်တပ်မှအီလစ်များ၏ နိုင်ငံရေးဆုံးဖြတ်ချက်တွင် ဝင်စွက်ဖက်နိုင်စွမ်းကိုလည်း အတိုင်းအတာတစ်ခုအထိ ကန့်သတ်ထား နိုင်ခဲ့၏။ တချို့သော နိုင်ငံများတွင် အရပ် သားဦးဆောင်သည့် ကာကွယ်ရေးဝန်ကြီး ဌာနမျိုးပင် ထူထောင်နိုင်သည့် အနေအထားမျိုးရှိခဲ့ပေသည်။ တစ်ချိန်တည်းတွင် ဖွဲ့စည်းပုံသဘောအရ စစ်ဘက်အရာရှိများ ကို အရပ်ဘက်အရာရှိများ လက်အောက် တွင် အမှုထမ်းစေနိုင်သည်အထိ ပြုပြင် ပြောင်းလဲမှုများ လုပ်ပေးနိုင်ခဲ့ကြ၏။ ထို့ပြင် ယခင်က စစ်တပ်မှ တာဝန်ယူ ကွပ် ကဲခဲ့သော ပြည်တွင်းလုံခြုံရေးတာဝန်များ ကို ရဲ၊ ပုလိပ် စသည့် သီးခြားလုံခြုံရေးအဖွဲ့ အစည်းများကို လွှဲအပ်ပေးခဲ့ပြီး စစ်တပ် အနေဖြင့် နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံ ရေးတာဝန်များကိုသာ အာရုံစူးစိုက်ထမ်း ဆောင်စေခဲ့သည်။ နောက်ဆုံးအားဖြင့် စစ်တပ်၏ တိုက်ခိုက်ရေးစွမ်းရည်နှင့် စည်း လုံးညီညွတ်မှုကို ထိပါးကျဆင်းစေမည့် စီး ပွားရေးလုပ်ငန်းတွင် စစ်တပ်ပါဝင်ခဲ့သည့် အခန်းကဏ္ဍအားလုံးကို ရပ်ဆိုင်းစွန့်လွှတ် စေခဲ့ခြင်းပင် ဖြစ်သည်။
ထို့ပြင် စစ်ဘက်အရာရှိများအနေဖြင့် အာဏာရယူထားစဉ်က ရရှိထားသည့် အတွေ့အကြုံများအရ လူ့အဖွဲ့စည်း ပြဿ နာများကို ဖြေရှင်းရသည်မှာ စစ်တပ်အုပ် ချုပ်ရသည်နှင့်မတူဘဲ အလွန် ရှုပ်ထွေး သိမ်မွေ့လှသဖြင့် ကိုင်တွယ်ရမလွယ်ကူ ကြောင်း ကောင်းစွာသဘောပေါက်ခဲ့ကြ ပြီးဖြစ်၏။ အထူးသဖြင့် မြောက်မြားလှစွာ သော စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေး ပြဿ နာများကို စစ်အုပ်ချုပ်ရေး၏ အမိန့် ပေးစနစ်ဖြင့် အဖြေရှာမရနိုင်ကြောင်း နား လည်လက်ခံထားကြပြီးဖြစ်သည်။ လက်တွေ့နိုင်ငံရေးတောင်းဆိုချက်များကို ရင်ဆိုင်ဖြေရှင်းခြင်း၊ စီးပွားရေးကိစ္စတွင် ပါ ဝင် ပတ်သက်ခြင်းတို့သည် စစ်တပ်၏ စုစည်းညီညွတ်မှု၊ ထိရောက်စွာ စွမ်းဆောင် နိုင်မှုနှင့် စည်းကမ်းတင်းကျပ်မှု စသည့် ကိုယ်ပိုင်အရည်အသွေးများ လျော့ပါးကျ ဆင်းစေကြောင်း အသိအမှတ်ပြုလာခဲ့ကြ ရသည်။ တစ်ချိန်တည်းတွင် နိုင်ငံရေး သမားများအနေနှင့်လည်း စစ်တပ်ကို အရပ်သား နိုင်ငံရေးတိုက်ပွဲများအတွင်း ဆွဲသွင်းမိသဖြင့် ပေးဆပ်ရသည့်တန်ဖိုး မှာ များစွာကြီးမားလှကြောင်း ကောင်းစွာ သင်ခန်းစာ ရခဲ့ကြပြီးဖြစ်သည်။ မြန်မာ ပြည်အတွေ့အကြုံအရ ၁၉၅၇ ခုနှစ် ဖဆ ပလ အကွဲတွင် စစ်တပ်ကို ဆွဲသွင်းမိခဲ့သ ဖြင့် ၁၉၆၂ ခုနှစ်မှာ စစ်အာဏာသိမ်းမှုနှင့် ကြုံခဲ့ရသည့် ခါးသီးနာကျင်စရာ သင်ခန်း စာကို လေးနက်သင့်ပါသည်။
နောက်ဆုံးအားဖြင့် အရပ်ဘက်-စစ် ဘက် ဆက်ဆံရေး ကောင်းအောင် ကြိုး ပမ်းတည်ဆောက်နိုင်လျှင် အဆိုပါပြုပြင် ပြောင်းလဲရေးမှ တိုင်းပြည်အတွက် ကျယ် ပြန့်စွာ အကျိုးရလဒ်များ ထွက်ပေါ်လာနိုင် စရာ ရှိပါသည်။ အနိမ့်ဆုံးအားဖြင့် နိုင်ငံ တော်ဘဏ္ဍာကို အများဆုံး ဝါးမျိုနေသည့် စစ်အသုံးစရိတ်များကို လျှော့ချပစ်နိုင်၏။ လူ့ စွမ်းအားအရင်းအမြစ်များ အဟောသိ ကံဖြစ်နေခြင်းကို ရှောင်ရှား လျော့ပါးစေ နိုင်၏။ အရွယ်မရောက်သည့် ကလေးများ အဓမ္မစစ်ထဲ ဆွဲသွင်းခြင်းကဲ့သို့သော လူ့ အခွင့်အရေးပြဿ နာများကို တစ်စုံတစ် ရာ ဖြေရှင်းပေးနိုင်မည်ဖြစ်၏။ ထို့ပြင် စစ် တပ်မှ တာဝန်ယူဦးစီးနေသည့် စီးပွားရေး လုပ်ငန်း ကုမ္ပဏီကြီးများ၊ စက်မှုလုပ်ငန်း ကြီးများကို အရပ်ဘက်သို့ ပြန်လည်လွှဲ ပြောင်းပေးခြင်းဖြင့် စစ်တပ်သည် ပြည်သူ လူထု၏ ”နှင်းဆီခိုင်”ဖြစ်လာနိုင်သကဲ့သို့ လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွက် အကျိုးပြုမည့် ကောင်းမှုများ တိုးပွားလာ နိုင်ပေသည်။ ဤနည်းဖြင့် စစ်တပ်အုပ်စိုး မှုသမိုင်းစဉ်တစ်လျှောက်ရှိ အရပ်ဘက်နှင့် စစ်ဘက်အကြားမှ အာဃာတများ၊ ပြည် သူလူထုနှင့် စစ်တပ်အကြား ဖွဲ့တည်နေခဲ့ သည့် အမုန်းတရားများ လွင့်ပါးပျောက် ကွယ်သွားစေနိုင်ပါသည်။
မည်သို့ပင်ဆိုစေ ဖွံ့ ဖြိုးဆဲနိုင်ငံများရှိ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးတွင် အမှန်ပင် စိန်ခေါ်မှုများစွာတို့ ဆက်လက် တည်ရှိနေဆဲဖြစ်သည်ကိုလည်း အသိ အမှတ် ပြုကြရပေလိမ့်မည်။ ခြုံပြောရ လျှင် ၎င်းတို့မှာ ဖြစ်လာနိုင်စရာရှိသည့် အာဏာသိမ်းရေး အလားအလာများ လျှော့ချရေး၊ အာဏာရယူထားစဉ်က ထူထောင်ထားခဲ့သည့် စစ်တပ်၏ နိုင်ငံ ရေး သြဇာအရှိန်အဝါ အကြွင်းအကျန် များ ဖယ်ရှားရေး၊ စစ်တပ်နှင့် လူ့အဖွဲ့ အစည်းတို့ ကင်းကွာကာ အထီးကျန်ဖြစ် နေသော အနေအထားကို ပြန်လည်ပေါင်း စပ်ပေးရေး၊ စစ်တပ်၏ အခန်းကဏ္ဍသစ်နှင့် တာဝန်သစ်တို့ကို ရှင်းလင်းစွာ ပြဋ္ဌာန်းမြှင့်တင်ပေးရေးတို့ပင် ဖြစ်ပေ လိမ့်မည်။
ဦးစွာအားဖြင့် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး ရှင်သန်တိုးတက်ရန်အတွက် ဒီမိုကရေစီအစိုးရတစ်ရပ်အနေဖြင့် စီးပွား ရေး အားကောင်းမောင်းသန် ဖွံ့ ဖြိုးတိုးတက်ရန် တာဝန်ယူ ကြိုးပမ်းရပေ လိမ့်မည်။ အကြောင်းမူ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုက ဖွံ့ ဖြိုးဆဲနိုင်ငံတစ်ခုတွင် စစ်အာဏာသိမ်းနိုင်သည့် အလားအလာ ကို လျှော့ချပေးနိုင်သောကြောင့် ဖြစ် သည်။ ပညာရှင်များ၏ လေ့လာမှုအရ တတိယလှိုင်း ဒီမိုကရေစီဖွံ့ ဖြိုးတိုးတက်မှု ကာလ သမိုင်းအတွင်းက ဖွံ့ ဖြိုးဆဲနိုင်ငံ များတွင် ပေါ်ပေါက်ခဲ့သည့် စစ်တပ်အာ ဏာသိမ်းမှုများမှာ ယေဘုယျအားဖြင့် အောင်မြင်မှု မရခဲ့ကြပေ။ နိုင်ဂျီးရီးယား၊ ဟေတီ၊ ဆူဒန်နိုင်ငံများတွင် အာဏာ သိမ်းမှုအောင်မြင်ခဲ့ခြင်းမှာ ယာယီမျှသာ ဖြစ်သော ခြွင်းချက်များသာ ဖြစ်ကြသည်။
လက်တွေ့အချက်အလက်များ၏ ညွှန်ပြချက်အရ အဆိုပါခြွင်းချက် ပြဿနာအများစု၏ အခြေခံအကြောင်းအချက် မှာလည်း စီးပွားရေးကျဆင်းမှုကြောင့် ဖြစ်သည်။ လေ့လာချက်များအရ လူတစ် ဦးချင်း၏ အမျိုးသားဝင်ငွေ ဒေါ်လာတစ် ထောင်အထက်ရှိသော တိုင်းပြည်များ တွင် ပေါ်ပေါက်ခဲ့သည့် အာဏာသိမ်းပွဲ အများစုမှာ မအောင်မြင်ခဲ့ကြပေ။ ဤ သည်ထက် အမျိုးသားဝင်ငွေ ဒေါ်လာ သုံး ထောင် အထက်ရှိသော နိုင်ငံများတွင်မူ စစ်အာဏာသိမ်းပွဲ ဖြစ်ရိုးထုံးစံ မရှိခဲ့ပေ။ မြန်မာနိုင်ငံကဲ့သို့ အမျိုးသားဝင်ငွေ ဒေါ်လာတစ်ထောင်အောက်ရောက်နေ သော ဖွံ့ ဖြိုးဆဲနိုင်ငံများတွင်သာ အာဏာ သိမ်းပွဲများ အောင်မြင်ခဲ့ကြခြင်းဖြစ်သည်။ ဆိုရလျှင် ဒီမိုကရေစီအစိုးရတစ်ရပ်အနေ နှင့် စီးပွားရေးဖွံ့ ဖြိုးတိုးတက်အောင် စွမ်း ဆောင်ရည်မရှိခဲ့လျှင် အာဏာသိမ်းခံရ မည့် အန္တရာယ်နှင့် ရင်ဆိုင်ရဖွယ်ရှိပေသည်။
မည်သို့ပင်ဖြစ်စေ အရပ်ဘက်-စစ် ဘက် အာဏာလွှဲပြောင်းမှုတို့သည် နိုင်ငံ တကာစွက်ဖက်မှုနှင့် တော်လှန်ရေး အောင်မြင်သည့် နည်းလမ်းမျိုးမှအပ လုံးဝဥဿ ုံ စင်းလုံးချောကား မဖြစ်နိုင် ပေ။ တချို့သော တိုင်းပြည်များတွင် တက် ရောက်လာသည့် အရပ်သားအစိုးရကို စစ်တပ်က ကန့်လန့်ကာနောက်ကွယ်မှ တစ်စုံတစ်ရာ ထိန်းချုပ်ကြိုးကိုင်မှုများ ရှိနေတတ်ပေသည်။ ထိုသို့သောတိုင်းပြည် များမှာ ဘရာဇီး၊ ချီလီ၊ နီကာရာဂွါ၊ တူရ ကီ၊ တောင်ကိုးရီးယားနှင့် မြန်မာတို့ကဲ့သို့ အနည်းနှင့် အများဆိုသလို စစ်တပ်မှ လိုလားသည့်ပုံစံဖြင့် ဆန္ဒအလျောက် အာဏာ လွှဲပြောင်းခဲ့သည့် နိုင်ငံများပင် ဖြစ်လေ့ရှိ ပေသည်။ မည်သို့ပင်ဆိုစေ အရပ်သား အစိုးရအနေဖြင့် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကို သိမ်မွေ့စွာ ထိန်းသိမ်းပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင် နိုင်လျှင် နိုင်ငံရေးနယ်တွင် စစ်တပ်၏သြဇာအရှိန်အဝါ တဖြည်းဖြည်းလျော့ပါးပြီး ပြန်လည်အာဏာ သိမ်းနိုင်သည့်အလား အလာလည်း နည်းပါးလာနိုင်ချေရှိပါ သည်။ တူရကီ၊ ဘရာဇီးနှင့် တောင်ကို ရီးယားတို့တွင် ဤနည်းဖြင့် အရပ်သား အစိုးရအနေအထား အား ကောင်းလာခဲ့ပြီး ဒီမိုကရေစီ အခြေခံများ ခိုင်မာတောင့်တင်း လာခဲ့ခြင်းဖြစ်ပါသည်။
ခြုံ၍ကြည့်မည်ဆိုလျှင် ဖွံ့ ဖြိုးဆဲနိုင်ငံ များ၏ ထိရှလွယ်သော၊ အားနည်းချည့်နဲ့ သော ဒီမိုကရေစီစံနစ် ရှင်သန်ဖွံ့ ဖြိုးစေ လိုလျှင် စီးပွားရေးဖွံ့ ဖြိုးပြီး အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး ပြေပြစ်ချောမွေ့နေ ရန် လိုအပ်ပါသည်။ အဆိုပါ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး အဆင်ပြေချောမွေ့ ရန်အတွက် အဓိက တောင်းဆိုချက် နှစ်ရပ်ရှိနိုင်ပါသည်။ ၎င်းတို့မှာ စစ်အာဏာ ပိုင်များ အတိတ်က ကျူးလွန်ခဲ့သည့် ပြစ်မှုများကို အကြောင်းပြု၍ နောက် ကြောင်းပြန် အရေးယူမှုမပြုရန် အာမခံ ချက်ပေးရေးနှင့် ၎င်းတို့၏ အကျိုးစီးပွား ပိုင်ဆိုင်မှုများ မထိပါးရေးပင် ဖြစ်ပါသည်။ သို့ဖြင့် ဒီမိုကရေစီ အဓွန့်ရှည် ရှင်သန်ဖွံ့ ဖြိုးရေး အတွက် စစ်အာဏာပိုင်များအပေါ် နောက်ကြောင်းပြန် အရေးယူခွင့်မရှိ သကဲ့သို့ အရပ်သားအစိုးရများအပေါ် စစ်အာဏာသိမ်း၍ နောက်ကြောင်းပြန် လှည့်ခွင့်လည်း မရှိထိုက်တော့ပါ။ ဤ သည်ပင် ဖွံ့ဖြိုးဆဲဒီမို ကရေစီနိုင်ငံသစ် များရှိ ”အရပ်ဘက်-စစ်ဘက်ဆက်ဆံ ရေး”ဆိုင်ရာ အာမခံချက်၏ အဓိကဆက် ထုံး ဖြစ်ပါလိမ့်မည်။ ။
Ref: Third Wave by Samuel Hugntinton

