ငလျင်ဘေးသင့်ဒေသက HIV ကူးစက်ခံထားရသူတွေ စစ်ဘေးဒဏ်ကြောင့် အသက်ရှင်ရပ်တည်‌ရေးပိုမိုခက်ခဲလာ

ငလျင်ဘေးသင့်ဒေသက HIV ကူးစက်ခံထားရသူတွေ စစ်ဘေးဒဏ်ကြောင့် အသက်ရှင်ရပ်တည်‌ရေးပိုမိုခက်ခဲလာ
May be an image of text that says "ငလျင်ဘေးသင့်ဒေသကာ HIV ကူးစက်ခံထားရသူတွေ စစ်ဘေးဒဏ်ကြောင့် အသက်ရှင်ရယ်တည်ရေးပိုမို့သာ ឌែល NEWS NEWSFEATURE FEATURE www.mawkun.com"
မန္တလေး-၂၀၂၅ ဒီဇင်ဘာ ၃၁ (မော်ကွန်း)
ပတ်ဝန်းကျင်မှာ သေနတ်သံ၊ ဗုံးသံတွေနဲ့ လေယာဉ်ဝဲပျံသံတွေဆူညံနေပေမယ့် အသက် ၃၅ နှစ်အရွယ် မမြကြေး(အမည်လွှဲ)တစ်ယောက် အိမ်ထဲမှာ ပုန်းမနေနိုင်ပါ။
ဒီလိုစွန့်စားထွက်ခွာလာရတာက သူ့ခန္ဓာကိုယ်အတွင်းမှာခိုအောင်းပြီး ခုခံအားတွေကိုတိုက်ဖျက်နေတဲ့ ဗိုင်းရပ်စ်ပိုးတွေကို ထိန်းဖို့ မဖြစ်မနေသောက်ရမယ့် Antiretroviral Therapy (ART) ဆေး အချိန်မီရဖို့ဖြစ်ပါတယ်။
သဘာဝငလျင်ဘေးအကြီးအကျယ်သင့်ထားပြီး ပြင်းထန်တဲ့စစ်ရေးပဋိပက္ခတွေကြုံနေရတာကြောင့် နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ သပိတ်ကျဉ်းမြို့နယ်က ကျေးရွာတစ်ရွာမှာနေထိုင်တဲ့သူ့အဖို့ ပုံမှန်ဆိုနေ့ဝက်ခရီးသာလှမ်းတဲ့ဆေးပေးခန်းကို ဘေးကင်း ကင်းရောက်ဖို့ ဧရာဝတီမြစ်ကိုလွန်းထိုး ကူးသန်းပြီး နှစ်ညအိပ်၊ သုံးရက်လောက် ကွေ့ဝိုက်ကာလာနေရပါတယ်။
“ဆေးလာထုတ်တယ်ဆိုရင် အနည်းဆုံး တစ်ပတ်လောက်ကြိုပြီး အခုက လာနေရတယ်” လို့ သူက ပြောပြတယ်။
ဒီလိုသက်စွန့်ဆံဖျားဆေးထုတ်နေရတဲ့ မမြကြေးတို့လို HIV ရှိနေသူတွေအဖို့ အာဏာသိမ်း စစ်ကော်မရှင်ရဲ့ ၂၀၂၅ ဩဂုတ်မှာ ပြောင်းလဲလိုက်တဲ့ ဆေးဝါးဗဟိုထိန်းချုပ်မှုပေါ်လစီအသစ်က တစ်ပူပေါ်နှစ်ပူဆင့်တဲ့အဖြစ်နဲ့ပါ ရင်ဆိုင်နေရပါပြီ။
ပြီးခဲ့တဲ့အရပ်သားအစိုးရတွေခေတ်ကတည်းက ရှိနေပြီးသား လူထုအခြေပြုဗိုင်းရပ်စ်ထိန်းချုပ်မှုအစီအစဉ်ကို စစ်ကော်မရှင်က ရုတ်တရက်ရပ်ပစ်ခဲ့ပြီး ကူညီလုပ်အားပေးနေတဲ့အဖွဲ့အစည်းတွေရဲ့ ကုသရေးနဲ့ဆေးဖြန့်ချိရေးဝန်ဆောင်မှုတွေကို ပိတ်ခိုင်း ခဲ့တာပါ။
ပြီးတော့ HIV ကူးစက်ခံထားရသူတွေဟာ ကျန်းမာရေးဝန်ကြီးဌာနကဖွင့်လှစ်ထားတဲ့ ဆေးပေးခန်းတွေမှာသာ ဆေးထုတ်ယူ ရမယ်လို့ ကန့်သတ်ခဲ့ပါတယ်။
အကျိုးဆက်ကတော့ ဆေးဝါးပြတ်တောက်မှုနဲ့ ဆေးဝါးဖြန့်ချိထုတ်ပေးမှုအပိုင်းတွေမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူတွေ အပေါ် ကျန်းမာရေးဆိုင်ရာစိန်ခေါ်မှုတွေရှိလာတာပဲလို့ HIV နဲ့ ရှင်သန်နေကြသူတွေကို ကူညီပေးနေသူတချို့ကပြောပါတယ်။
“အခုဆေးသောက်နေရတဲ့ လူတွေကျတော့ လမ်းခရီးအခြေအနေ၊ ငလျင်ဘေးအခြေအနေ၊ နိုင်ငံရေးအခြေအနေနဲ့ ဒီပြောင်းလဲသွားတဲ့ ဆေးထုတ်ယူတဲ့စနစ်ကြီးကြောင့် ဒုက္ခအများကြီးပိုရောက်မယ့်အခြေအနေကိုကြုံကြရပြီ” လို့ ဆေးဝါး ဖြန့်ဝေမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးခဲ့တဲ့ မန္တလေးအခြေစိုက်အဖွဲ့တစ်ဖွဲ့က မနှင်းဆီ(အမည်လွှဲ)က ပြောတယ်။
သူ့တို့အဖွဲ့ဟာ HIV ရှိသူတွေကို ဆယ်စုနှစ်နဲ့ချီပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနေတာပါ။ အဖွဲ့နာမည်နဲ့ သူ့နာမည်ကို ဖော်ပြခွင့်မပြုတာက သူတို့လိုအကူအညီပေးတဲ့အဖွဲ့တွေကို စစ်ကော်မရှင်က လုပ်ငန်းရပ်ဆိုင်းထားသလို ဝေဖန်ရုံနဲ့ အဖမ်းခံရမှာစိုးရိမ်တဲ့အတွက်ကြောင့်လို့ သူကဆိုတယ်။
အာဏာသိမ်းမှုကြောင့် ဆုတ်ယုတ်သွား
ကုလသမဂ္ဂအိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ပူးပေါင်းစီမံချက်(UNAIDS)ရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ အိပ်ချ်အိုင်ဗွီ (HIV) ပိုးရှိသူ သုံးသိန်းခန့်(၂၉၀,၀၀၀)ရှိပြီး အဲဒီထဲက ၇၅ ရာခိုင်နှုန်းခန့်သာ ART ဆေးကို ရရှိကြတယ်လို့ ဆိုပါတယ်။
၂၀၁၀ နောက်ပိုင်းကစပြီး နိုင်ငံရေးအပြောင်းအလဲတွေနဲ့အတူ ဒီကပ်ရောဂါတိုက်ဖျက်ရေးဟာ တိုးတက်လာခဲ့ပြီး ရပ်ရွာအခြေပြု ရောဂါရှာဖွေကုသမှုစနစ်ကြောင့် အောင်မြင်မှုတွေလည်း ပိုမိုရရှိခဲ့တယ်လို့ ကုလသမဂ္ဂအစီရင်ခံစာတွေနဲ့ HIV အရေး ကူညီပေးနေသူတချို့ကဆိုပါတယ်။
ဒါပေမဲ့ ၂၀၂၁ စစ်တပ် အာဏာသိမ်းမှုတစ်ကျော့ပြန်ကြုံရပြီးနောက် ဒီကဏ္ဍရဲ့တိုးတက်မှုတွေဟာ ဆုတ်ယုတ်လာတယ်လို့ အကူအညီပေးသူတချို့ကပြောပါတယ်။
“အရင်က သွေးစစ်လို့ ပိုးရှိသူဆိုရင် ကာယကံရှင်ဆန္ဒအရ ကြိုက်တဲ့နေရာမှာဆေးထုတ်လို့ရတယ်။ ကျွန်တော်တို့လို အဖွဲ့တွေကလည်း သူ့ရဲ့ ပုဂ္ဂလိကလုံခြုံရေးကအစလျှို့ဝှက်ပြီး ကုသရေးကိုစီမံပေးကြတယ်။ အဲဒီလိုဆိုတော့ ရောဂါရှာဖွေ ကုသရေးအပိုင်းမှာ တိုးတက်ထိရောက်လာတာပေါ့။ အခုက အဲဒီစနစ်ကိုဖျက်ပစ်လိုက်တဲ့ သဘောပါပဲ။ အားလုံး ဆေးရုံကို လာခိုင်းတာပေါ့။ ဒီကပ်ရောဂါ တိုက်ဖျက်ရေးအတွက် အရေးကြီးတဲ့အခြားကိစ္စတွေကို ဘာမှထည့်စဉ်းစားပုံမရဘူး” လို့ မနှင်းဆီက ပြောတယ်။
စစ်ကော်မရှင်ရဲ့ ပြောင်းလဲလိုက်တဲ့ဆေးဖြန့်ချိမှုဗဟိုချုပ်ကိုင်တဲ့စနစ်က ပုံမှန်ဆေးဝါးသောက်သုံးနေရသူတွေအပေါ် အပြင်း ထန်ဆုံးထိုးနှက်ချက်လို့ မနှင်းဆီကပြောတယ်။
“စိုးရိမ်စိတ်တွေကလည်း အထွတ်အထိပ်ကိုရောက်နေကြပြီ။ ဆေးက သောက်ပြီဆိုတာနဲ့ လုံးဝရပ်မရတော့ပါဘူး။ အချိန် တောင်လွဲလို့မရပါဘူးဆိုမှ ဆေးပြတ်သွားတာမျိုးဆိုရင်သွားပြီပေါ့” လို့ ကိုယ်တိုင်ဆေးသောက်နေရတဲ့ အသက် ၄၀ အရွယ် မနှင်းဆီက ပြောပါတယ်။
စစ်ကော်မရှင်ထိန်းချုပ်လိုက်တဲ့ဆေးဝါးဖြန့်ချိမှုစနစ်က ဒေသန္တရကျန်းမာရေးဆေးပေးခန်းတွေမှာ ဗိုင်းရပ်စ်ကူးစက် ခံထားရသူတွေကိုစုပြုံသွားစေပြီး ချောမွေ့အောင်မြင်နေပြီးသား လူထုအခြေပြုရောဂါထိန်းချုပ်ရေးစနစ်တစ်ခုကို ဟန်ချက်ပျက်စေတယ်လို့ အကူအညီပေးသူတချို့ကပြောပါတယ်။
စစ်တပ်အာဏာမသိမ်းခင် အရပ်သားအစိုးရတွေအုပ်ချုပ်ခဲ့တဲ့ ၂၀၂၁ မတိုင်မီ ဆယ်စုနှစ်တစ်ခုစာအတွင်းမှာ မြန်မာနိုင်ငံရဲ့ HIV/AIDS တိုက်ဖျက်ရေးဟာ အောင်မြင်မှုတွေရခဲ့ပြီး ဒေသတွင်းနိုင်ငံတွေထဲမှာ ရောဂါတိုက်ဖျက်ရေးတိုးတက်မှုရှိတဲ့နိုင်ငံ တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရတယ်လို့ ကူညီပေးသူတချို့ကပြောပါတယ်။
အဲဒီတုန်းကဆိုရင် ရပ်ရွာအခြေပြု ကူညီစောင့်ရှောက်သူတွေက ကျေးလက်ဒေသတွေအထိ ဆေးဝါးဖြန့်ဖြူးတာ၊ ပုဂ္ဂိုလ်ရေး အချက်အလက်လုံခြုံစွာ ထိန်းသိမ်းပေးတာတွေကြောင့် ဒီကပ်ရောဂါတိုက်ဖျက်ရေး တိုးတက်ကောင်းမွန်တဲ့ ကုသမှုတစ်ခုကို ဖန်တီးနိုင်ခဲ့ကြတယ်လို့ သူတို့က ရှင်းပြပါတယ်။
“အခုသူတို့(စစ်ကော်မရှင်) လုပ်ပုံက ဒီရောဂါတိုက်ဖျက်ရေးမှာ ခေတ်နောက်ပြန်ဆွဲလိုက်သလိုပဲပေါ့။ အရှိန်ရ အောင်မြင်နေတဲ့ စနစ်က ရုတ်တရက်ရပ်သွားတဲ့သဘောပဲ” လို့ အသက် ၆၀ အရွယ် ဆရာဝန်ဦးမြဒင်(အမည်လွှဲ)ကပြောတယ်။ ရန်ကုန်မှာ နေထိုင်နေဆဲသူက လုံခြုံရေးအရ အမည်မဖော်ပြဖို့ တောင်းဆိုပါတယ်။
HIV ဗိုင်းရပ်စ်တိုက်ဖျက်ရေးကဏ္ဏမှာ အဓိကကူးစက်ခံရသူအုပ်စုတွေလို့သတ်မှတ်ထားတဲ့ လိင်လုပ်သား၊ လိင်တူဆက်ဆံသူနဲ့ မူးယစ်ဆေးဝါးသုံးသူတွေကြား ရောဂါထိန်းချုပ်နိုင်ရေး ဆယ်စုနှစ် နှစ်ခုစာလောက် သူကပါဝင်ဆောင်ရွက်နေသူပါ။
“အဲဒီတော့ ဒီဆေးတွေကို မရအောင်၊ အဆင်ပြေပြေဖြစ်မနေအောင် အခုလိုကန့်သတ်လိုက်တယ်ဆိုတဲ့ပြဿနာက ရောဂါ ထိန်းချုပ်မှုကို ပိုဆိုးလာစေမယ့်ကိစ္စပဲ။ ဒါက ကူးစက်မှုအပိုင်းမှာ သွားပြီးအကျိုးသက်ရောက်မှုရှိစေမှာ” လို့ ဦးမြဒင်က ပြောပါတယ်။
“စနစ်က ဖရိုဖရဲ ဖြစ်နေတဲ့ အခြေအနေ၊ တိုင်းပြည်က ယိုးယွင်းနေတဲ့ကာလမှာ ဒီဂယက်တွေက လူထုကျန်းမာရေး အတွက်ပါ အန္တရာယ်မြင့်မားနေတယ်” လို့ သူကသတိပေးပြီး အခုလိုလည်း ဆက်ပြောပါတယ်။
“လူထုကျန်းမာရေးလို့ပြောတဲ့အခါ ဒီကူးစက်မှုတွေက အဆင့်အတန်းမခွဲခြားဘူး။ အရပ်သား၊ စစ်သား၊ ဆင်းရဲ၊ ချမ်းသာကို ခွဲခြားနေမှာ မဟုတ်ဘူး။ ကူးစက်နေမှာ”
UNAIDS ရဲ့ ၂၀၂၄ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ HIV ဗိုင်းရပ်စ်ပိုးနဲ့ရှင်သန်နေထိုင်နေသူ သုံးသိန်းခန့် (၂၉၀,၀၀၀) ရှိပြီး ရောဂါကူးစက်ခံရသူ တစ်နှစ်ကို လူတစ်သောင်းကျော်(၁၁,၀၀၀) ရှိတယ်လို့ဖော်ပြတယ်။
ဒါအပြင် HIV ဗိုင်းရပ်စ်ရဲ့ နောက်ဆက်တွဲဖြစ်တဲ့ ခုခံအားကျဆင်းမှုရောဂါ (AIDS) နဲ့ဆက်စပ်ပြီး တစ်နှစ်ကို လူပေါင်း ၆,၀၀၀ နဲ့ ၈,၀၀၀ ကြား သေဆုံး နေရတယ်လို့ ဖော်ပြတယ်။ ဒီသေဆုံးနှုန်းက ၂၀၁၀ အရှေ့ပိုင်းတုန်းကထက်စာရင် ၅၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားတာလည်း ဖြစ်ပါတယ်။
ပြီးတော့ မြန်မာနိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာအတိုင်းအတာအရ ရောဂါဝန်ထုပ်ဝန်ပိုးမြင့်မားတဲ့နိုင်ငံတစ်ခုအဖြစ် တည်ရှိနေပြီး အာရှ-ပစိဖိတ်ဒေသတွင်းနိုင်ငံတွေထဲမှာ အိန္ဒိယ၊ တရုတ်၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတို့နောက်မှာ ကူးစက်မှုအမြင့်ဆုံးနိုင်ငံလို့ အစီရင်ခံစာကဖော်ပြပါတယ်။
မြေပြင်ကူညီနေသူတွေကတော့ ဒီကိန်းဂဏန်းဟာ အခုဆိုရင် ဒေသတွင်းကူးစက်မှုအမြင့်ဆုံးနိုင်ငံအဖြစ်တည်ရှိနေနိုင်ပြီး စစ်ကော်မရှင်အာဏာသိမ်းပြီးကတည်းက ဒီကဏ္ဏရဲ့တိုးတက်မှုက ပျက်သုဉ်းနေတာ၊ စစ်ပွဲတွေကြောင့် ဆေးဝါး လက်လှမ်းမီမှု ပြတ်တောက်တာတွေကြုံနေရတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်က ထုတ်ပြန်တဲ့ ၂၀၂၄ HIV/AIDS ဆိုင်ရာ အမျိုးသားမဟာဗျူဟာစီမံကိန်း အစီရင်ခံစာအရ စစ်တပ် အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ နောက်ပိုင်း ပဋိပက္ခတွေပြင်းထန်နေတဲ့ ကယား၊ ရခိုင်၊ ရှမ်း(မြောက်)နဲ့ မွန်ပြည်နယ်တို့မှာ ဒီကပ်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းတွေ နောက်ပြန်ဆုတ်နေကြပြီး ကချင်နဲ့စစ်ကိုင်းဒေသတွေမှာလည်း သိသာတဲ့ တိုးတက်မှု မရှိဘူးလို့ ဖော်ပြပါတယ်။
ပြင်ပလူမှုဝန်းကျင်မှာ ကူးစက်မှုပိုများလာ
မနှင်းဆီကတော့ သူတို့အတွေ့အကြုံအရ ရောဂါကူးစက်ခံနေရမှုဟာ ဦးစားပေးအုပ်စုတွေထဲမှာထက် ပြင်ပလူမှုဝန်းကျင်မှာ ပိုလို့တောင် များနေနိုင်တယ်လို့ ခန့်မှန်းပြောဆိုပါတယ်။
“ဘယ်သူတွေမှာ သွားရှိနေသလဲဆိုတော့ အိမ်ကမိန်းမတွေဆီမှာ ဒီရောဂါသွားရှိနေတာ။ ပြောချင်တာက အသိပညာ ပေးမယ်ဆိုရင် အကုန်လုံးကို တစ်ပြေးညီပေးရမှာ။ အခုဟာက မူးယစ်ဆေးသမားတွေ၊ လိင်တူဆက်ဆံသူတွေ၊ လိင်လုပ် သားတွေကိုပဲ ဒီရောဂါနဲ့ပတ်သက်ရင် ပြေးမြင်ကြ၊ ဗဟုသုတတွေ သွားပေးနေကြတော့ သူတို့ကကင်းလွတ်သူတွေဖြစ်လာ ကြပြီး ဒီဘက်ကအုပ်စုတွေမှာ လာဖြစ်နေကြတာ” လို့ မနှင်းဆီက ပြောတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့က ART ဆေးဖြန့်ဝေနေတဲ့ စစ်ကော်မရှင် ဒေသန္တရ ဆေးခန်းတချို့ကို မော်ကွန်းက ကွင်းဆင်းကြည့်တဲ့အခါ ဆေးလာထုတ်နေသူတွေထဲမှာ အိမ်ရှင်မတွေအပြင် ရဟန်းသံဃာတွေ၊ ကျောင်းဆရာမအထိ ဆေးထုတ်ဖို့တန်းစီနေတာမျိုး တွေ့ခဲ့ရပါတယ်။
“ကူးစက်မှုက လူတန်းစားအလွှာမရွေးပါဘူး။ ရှေ့နေတွေ၊ တရားသူကြီးတွေတောင် ပိုးကူးစက်ခံထားရသူတွေထဲမှာ ရှိပါ တယ်။ မြေပြင်မှာ ဆေးဖြန့်ဝေနေတော့ တွေ့မြင်နေရတာပါပဲ” လို့ မနှင်းဆီက ပြောပြတယ်။
ဦးမြဒင်ကလည်း နိုင်ငံတကာ ကျန်းမာရေးအစီရင်ခံစာတွေအရ အခုနောက်ပိုင်းသတ်မှတ်လာတဲ့ ဒီရောဂါကူးစက်ခံရမှု မြင့်မားတဲ့ အရေးကြီးအုပ်စုတစ်ခုက “ကူးစက်ခံထားရသူနဲ့ လိင်ဆက်ဆံတဲ့အဖော်ပဲ” လို့ ဆိုပါတယ်။
“ဆိုလိုတာက လိင်လုပ်သားကို လာပြီးလိင်ဆက်ဆံတယ်ပေါ့။ ပြီးရင် သူတို့နဲ့ ပုံမှန်လိင်ဆက်ဆံမှုရှိသူပေါ့။ ဒါက သာမန် ပြည်သူတွေထဲက လူတွေကို ကူးစက်တာပဲလေ။ အခုဆိုရင် ပိုဆိုးတယ်။ လိင်လုပ်သားဆိုတာက မိန်းကလေးချည်း မဟုတ် တော့ဘူး။ ယောက်ျားလေးတွေလည်း ရှိတယ်လေ။ သဘောက သူ့ဇနီးရှိမယ်၊ သူ့ယောက်ျားရှိမယ်။ ဒီဟာတွေက ပုံမှန် အရပ်သားတွေ။ သူတို့ကို ပြန်ကူးစက်မယ်” လို့ ဦးမြဒင်က ရှင်းပြတယ်။
စစ်ကော်မရှင်ရဲ့ ဗဟိုချုပ်ကိုင်တဲ့ ဆေးဝါးဖြန့်ချိမှုစနစ်က ဒီကပ်ရောဂါထိန်းချုပ်ရေး ကြုံနေရတဲ့ပြဿနာကို ရေနစ်သူ ဝါးကူထိုးမယ့်အဖြစ်လို့ အကူအညီပေးနေသူတချို့က ဝေဖန်ကြပါတယ်။
လူထုအခြေပြုစနစ်နဲ့ ကုသစောင့်ရှောက်မှုပေးနေတဲ့စနစ်ကို ဗဟိုချုပ်ကိုင်မှုပြန်လုပ်တာက ရောဂါတိုက်ဖျက်ရေးမှာ ဆေးဝါး ပြတ်လပ်တာ၊ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရတာအပြင် ဆေးသောက်နေသူတွေရဲ့ ပုဂ္ဂလိကလုံခြုံရေးလို ကိစ္စမျိုးတွေအထိ သက်ရောက်ထိခိုက်လာမှာလို့ သူတို့က ထောက်ပြတယ်။
စစ်ကော်မရှင် ပြောင်းလဲလိုက်တဲ့ ဆေးဖြန့်ချိမှုစနစ်သစ်က ဆေးသောက်နေသူတွေအတွက် မလိုအပ်ဘဲ အချိန်တွေကြန့်ကြာ၊ လူတွေစုပြုံစေပြီး အထူးသဖြင့် ရပ်ဝေးဒေသကဆေးလာထုတ်သူတွေအဖို့ ဝန်ထုပ်ဝန်ပိုးပိစေတယ်လို့ HIV ပိုးရှိသူတွေကို စေတနာ့ဝန်ထမ်းအဖြစ် ကူညီပေးဖူးတဲ့ ဒေါ်လှဆွေ(အမည်လွှဲ)က ပြောပြပါတယ်။
သူဆိုရင် မန္တလေး၊ ချမ်းမြသာစည်မြို့နယ်က အရပ်အခေါ် ဘုရားကြီးဆေးခန်းဆိုတဲ့ ART ဆေးဖြန့်ဝေရာ ဆေးခန်းမှာ ဆယ်စုနှစ် တစ်ခုနီးပါး လုပ်အားပေးလုပ်ခဲ့သူပါ။
“အခု သူတို့( စစ်ကော်မရှင်) ပြောင်းလဲလိုက်တော့ ကျွန်တော်တို့ ဘာမှ ကူညီလို့ မရတော့ဘူး။ လူနာတွေကတော့ အားကိုး တကြီးမေးရှာပါတယ်။ သူတို့ ဘယ်လိုလုပ်ရမလဲပေါ့။ ဒါပေမဲ့ ကျွန်တော်တို့လည်း ဆေးဝေနေတဲ့နေရာကိုသာညွှန်ပြနိုင်ပြီး အဲဒီမှာသာ ဆေးရအောင် ကြိုးစားဖို့ အကြံပေးရတော့တယ်” လို့ အသက် ၅၀ အရွယ် ဒေါ်လှဆွေကပြောပြတယ်။
“ဆေးထုတ်နေရသူတွေက ဘာပြောသလဲဆိုတော့ စောင့်ရတာလည်းကြာတယ်၊ ဆရာဝန်လည်း မကြည့်ပေးဘူး။ ဘယ်လို တွေ ဖြစ်ကုန်တာလဲမသိဘူးလို့ပြောကြတယ်” လို့ သူက မော်ကွန်းနဲ့တွေ့တော့ပြောပြတယ်။
ယခင်ကတော့ HIV ဗိုင်းရပ်စ်ကူးစက်ခံနေရသူတစ်ဦး ခုခံအားကျဆင်းပြီး အခြားရောဂါတွေဝင်ရောက်ကူးစက်ခံနေရတဲ့အခါ ဆရာဝန်တွေက အနီးကပ်ကုသမှုပေးတာတွေ ပြုလုပ်ပေးပါတယ်။
ဒါအပြင် ဆေးသောက်နေရသူတစ်ဦးအတွက် သွေးစစ်ဆေးတာ၊ ကျောက်ကပ်စစ်ဆေးတာ၊ သောက်နေရတဲ့ ဆေးဝါးနဲ့တည့်၊ မတည့်စမ်းသပ်ပြီး ဆေးဝါးပြောင်းလဲပေးတာ၊ ကိုယ်အလေးချိန်တိုင်းပေးတာတွေကို အခမဲ့ ဂရုတစိုက် ပြုလုပ်ပေးကြပေမယ့် အခုတော့ စစ်ကော်မရှင်ဆေးခန်းတွေမှာ ဒါတွေမရှိတော့ဘူးလို့ မော်ကွန်းကမေးမြန်းခွင့်ရခဲ့တဲ့ ဆေးသောက်နေသူတွေက ပြောပြပါတယ်။
ဒေါ်လှဆွေကတော့ စစ်ကော်မရှင်ရဲ့စနစ်က ဆေးသောက်နေရသူတွေကို ဆေးထုတ်ပေးတာနဲ့ ကိုယ်အလေးချိန် တိုင်းပေး တာကလွဲရင် ယခင် အရပ်ဘက်အဖွဲ့အစည်းတွေဦးဆောင်တဲ့ ရပ်ရွာအခြေပြုဝန်ဆောင်မှုပေးခဲ့တဲ့စနစ်နဲ့ “ဆီနဲ့ရေလို့ ကွာတယ်” လို့ ပြောပါတယ်။
နောက်ပြန်လှည့်နေတဲ့ ကျန်းမာရေးဝန်ဆောင်မှုစနစ်
မန္တလေးက စက်ရုံကြီးတစ်ခုမှာ အထက်တန်းစာရေးအဖြစ်အလုပ်လုပ်နေတဲ့ အမရပူရမြို့နယ်မှာနေထိုင်သူ အသက် ၄၅ နှစ်အရွယ် ဒေါ်ကေသွယ်(အမည်လွှဲ)ဆိုရင် ဆေးသောက်သက်တမ်း ဆယ်စုနှစ်တစ်ခုခန့် ရှိလာပါပြီ။
ဒီကာလမှာ သူ့ရဲ့ ကိုယ်ခန္ဓာအတွင်းပိုင်းက နာကျင်မှုတွေ ဖြစ်လာတာကြောင့် ကျောက်ကပ်စစ်ဆေးမှုလုပ်ဖို့ သူဆေးထုတ်ရာ အန်ဂျီအိုဆေးခန်းက ချိန်းဆိုထားပေမယ့် ဒီဆေးခန်းတွေ ရုတ်တရက်ပိတ်ရတာနဲ့ ကြုံပြီး ဆေးစစ်မခံရသေးသူပါ။
“ဆရာဝန်က ပြောထားတယ်။ နောက်တစ်ခေါက် ဆေးထုတ်လာရင် ကျောက်ကပ်စစ်ပေးမယ်ပေါ့။ လိုအပ်ရင် ဆေးလည်း လဲ ပေးမယ်လို့ ပြောထားတာ။ အဲဒီရက်မတိုင်မီ အခုလိုအပြင်ဆေးခန်းတွေ အပိတ်ခံလိုက်ရတာပေါ့။ ကျွန်တော် သူတို့ (စစ်ကော် မရှင် ဒေသန္တရဆေးခန်း) ဆီမှာ ပထမဆုံးဆေးသွားထုတ်တော့ “ပေါင်ချိန်ပေးတာကလွဲရင် ဘာမှ မရှိဘူး။ လူတွေကလည်း များပြီး စုပြုံတိုးကြိတ်နေရတာ။ အဲဒီနေ့က အလုပ်ပါ ပျက်သွားတယ်” လို့ ဒေါ်ကေသွယ်က ပြောပြတယ်။
မန္တလေးမြို့မှာ သားမိနှစ်ဦးတည်း ရပ်တည်နေရသူအဖို့ ကျန်းမာရေး ထိခိုက်ပြီး မလုပ်မလုပ်နိုင်မှာကို စိုးရိမ်မိတယ်လို့ ဒေါ်ကေ သွယ်က ပြောပါတယ်။
အသက် ၅၂ နှစ်အရွယ် ဦးသက်ဦး (အမည်လွှဲ)ဆိုရင် ၂၀၀၆ ကတည်းက ART ဆေးသောက်နေခဲ့ရတာပါ။ အဲဒီတုန်းကဆိုရင် မန္တလေး မြို့တွင်းမှာ လူ ၅၀၀ စာသာ ဆေးဝါးဖြန့်ဝေနိုင်ပြီး တန်းစီစနစ်နဲ့သာ ဆေးရခဲ့တာလို့ဆိုတယ်။
“အဲဒီတုန်းက အိမ်ထောင်စုသန်းခေါင်စာရင်းရှိမှ ဆေးထုတ်လို့ရတာမျိုးပါ။ ကျွန်တော်က လူ ၅၀၀ အတွင်းမှာ မပါသေးရင် စောင့်နေရတယ်။ အရှေ့က တစ်ယောက်သေမှ နောက်ကတစ်ယောက် ဆေးရတာမျိုးပေါ့။ အခုက အဲဒီလောက်မဆိုးသေး ပေမယ့် အခြေအနေတွေက အဲဒီကာလဆီပြန်ရောက်ဖို့ဖန်တီးနေတယ်” လို့ မန္တလေးမှာတွေ့တော့ ပြောပြတယ်။
ဆေးရဖို့ ဟန်ဆောင်လိမ်လည်လက်ထပ်ရတာ၊ တန်းစီဇယားမှာရှေ့ရောက်နေဖို့ ဆေးဝန်ထမ်းတွေကို လာဘ်ထိုး အသက်ကယ်ရတာတွေဟာ သူတို့ခေတ်မှာ မဆန်းဘူးလို့ ဦးသက်ဦးကဆိုတယ်။
မမြကြေးဆိုရင် သက်စွန့်ဆံဖျား ဆေးလာထုတ်ခဲ့ပေမယ့် သူပုံမှန်သောက်ရမယ့်ဆေးအတွက် လုံလောက်အောင် မရခဲ့ဖူးလို့ ဆိုပါတယ်။
“အခု ဒီတစ်ခါဆေးထုတ်တော့ ဆေးတစ်မျိုးကမရှိဘူး။ အဲဒီအတွက် တစ်ရက်ထပ်စောင့်ရတယ်။ ပြန်တန်းစီရတာပေါ့။ စရိတ်ထောင်းတာရော၊ အချိန်ကုန်တာရောပေါ့လေ။ ဒါပေမဲ့ အသက်နဲ့ဆိုင်တာဆိုတော့ ဆက်ပြီးသည်းခံရတယ်” လို့ မမြကြေးက ပြောပြတယ်။
သူက ငွေကြေးအတန်အသင့်အဆင်ပြေသူမို့ ဆေးထုတ်ဖို့ မန္တလေးအထိစွန့်စားလာနိုင်ခဲ့ပေမယ့် ငွေကြေး အဆင်မပြေတာကြောင့် ဆေးမထုတ်တော့ဘဲ ဒီအတိုင်းနေလိုက်ကြသူတွေလည်း သူ့ဝန်းကျင်မှာရှိတယ်လို့ မမြကြေးက ပြောပြတယ်။
ငလျင်လို သဘာဝဘေးအပြင် စစ်ဘေးတွေပါကြုံနေရတဲ့ သူတို့လိုဒေသခံတွေအဖို့ စစ်ကော်မရှင်အခုပြောင်းလဲလိုက်တဲ့ ဆေးဝါးထုတ်ယူမှုစနစ်ကအကြပ်ရိုက်စေပြီး အသက်ရှင်သန်ရေး ပိုမိုရုန်းကန်ရတော့မယ်လို့ သူကပြောပါတယ်။
“အရင်လိုပဲ ကျွန်တော်ကတော့ ဖြစ်စေချင်ပါတယ်။ အဲဒီတုန်းက အဆင်ပြေတယ်။ ဗော်လန်တီယာတွေနဲ့ ဘာနဲ့ပေါ့။ ဒီလိုမျိုး ကြီး ဆက်ပြီး သွားကြမယ်ဆိုရင် သိပ်ပြီး အဆင်ပြေမယ် မထင်ဘူး။ မြို့ပေါ်က လူတွေအတွက် အဆင်ပြေနိုင်ပေမယ့် နယ် ဘက်က လူတွေအတွက်တော့ လုံးဝ အဆင်မပြေနိုင်ပါဘူး” လို့ မမြကြေးက ပြောပြီး အခုလိုလည်း ဆိုတယ်။
“နယ်ဘက်က လူတွေအတွက်က အခုအတိုင်းဆိုရင် သေဖို့ရက်ကိုစောင့်နေရသလိုပဲပေါ့။ ဒီလိုမျိုးအတိုင်းကြီးသာ ဆက်သွား နေကြရမယ်ဆိုရင်လေ။ နေရပိုခက်ခဲသွားတာပေါ့။ ပိုက်ဆံရှိမှပဲ လူက အသက်ဆက်ရှင်သန်ရမလို ဖြစ်သွားတာပါပဲ”
အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."