ရန်ကုန် – ၂၀၂၅ စက်တင်ဘာ ၁၁ (မော်ကွန်း)
မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်က ငဖဲမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက်က စစ်ကြောင်းတွေပျက်တဲ့အထိ ထိခိုက်သေဆုံးမှုများပြားခဲ့တယ်လို့ အာရက္ခတပ်တော် (AA) ကသတင်းထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်သင်တန်းဆင်း တပ်သားသစ်တွေနဲ့ စုဖွဲ့ထားတဲ့ တပ်ရင်းတွေစုပေါင်းကာ ဒီလဆန်းပိုင်းမှာ ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ မကွေးတိုင်း၊ ဧရာဝတီတိုင်းတို့က ၎င်းတို့ စွန့်လွှတ်ထားခဲ့ရတဲ့ နယ်မြေတွေကို ထိုးစစ်ဆင်လာနေပြီး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ AA က ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ် အမ်း-မင်းဘူး ကားလမ်းအနီးက ငဖဲမြို့နယ် စွန်တက်ရွာအနီးကို အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်ခဲ့ပြီး အာရက္ခတပ်တော် (AA) ရဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုများခဲ့တယ်လို့ ဆိုပါတယ်။
ဒီလ ၇ ရက်နေ့မှာ ငဖဲမြို့နယ်၊ စွန်တက်ရွာအနီးကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းနှစ်ကြိမ်ထိုးလာပြီး AA တပ်ရဲ့ ခုခံစစ်နဲ့ တန်ပြန်ထိုးစစ်ကြောင့် အထိနာပြီး အထိအခိုက်အကျအဆုံးများစွာနဲ့ ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းနဲ့ AA တပ်တွေအကြား စွန်တက်ရွာအနီး ရှစ်နာရီနဲ့ သုံးနာရီကျော်ကြာတဲ့ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက်က အလောင်း ၆၀ ကျော်နဲ့ စစ်အသုံးပစ္စည်းတွေ လက်နက်ခဲယမ်းတွေကို AA တပ်တွေသိမ်းဆည်းရမိခဲ့တာပါ။
လက်ရှိမှာ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးနေတဲ့ ၎င်းစစ်ကြောင်းကို ဆက်လက်ပြီး လိုက်လံချေမှုန်းနေတယ်လို့ AA က ထုတ်ပြန်ထားတာပါ။
လက်ရှိ အာဏာသိမ်းစစ်တပ်က ထိုးစစ်နေတဲ့ ဒီစွန်တက်ရွာဆိုတာ ရခိုင်နဲ့ မကွေးတိုင်းဆက်သွယ်ထားတဲ့ အမ်း-မင်းဘူး ကားလမ်းကို ထိန်းချုပ်ဖို့ အရေးပါတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတာပါ။
ဒါ့အပြင် ငဖဲမြို့နယ်ထဲက အာဏာသိမ်းစစ်တပ်ရဲ့ အရေးပါတဲ့ နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးစခန်းကိုလည်း AA နဲ့ တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်ဆင်နေမှုကို ကာကွယ်ဖို့အတွက် အရေးပါတဲ့ နယ်မြေတစ်ခုလည်းဖြစ်နေတာပါ။
ဒီနတ်ရေကန် ဗျူဟာစခန်းကုန်းဟာ ပုသိမ်-မုံရွာကားလမ်းကိုလည်း ထိန်းချုပ်ဖို့ အရေးပါတဲ့ ဗျူဟာတစ်ခုဖြစ်ပြီး ဒီစခန်းကို အာဏာသိမ်းစစ်တပ် လက်လွှတ်လိုက်ရရင်တော့ မကွေးတိုင်း၊ ဧရာဝတီတိုင်းတွေကို AA တပ်တွေ ယခင်ကထက် ပိုမိုထိုးဖောက်ဝင်လာနိုင်တယ်လို့ စစ်ရေးလေ့လာသူတချို့က သုံးသပ်ပါတယ်။
ဒီဒေသမှာ AA တပ်တွေအပြင် မကွေးတိုင်းထဲက AA မဟာမိတ် တော်လှန်ရေးတချို့လည်း လှုပ်ရှားနေပြီး စစ်ကော်မရှင်ကို ပူးပေါင်းတိုက်ခိုက်နေကြတာပါ။
လက်ရှိမှာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် အတင်းအဓမ္မ စစ်သားစုဆောင်းခံရပြီး ရှေ့တန်းပို့ခံထားရဲ့ သင်တန်းဆင်း တပ်သားသစ်တွေအနေနဲ့ စောစီးစွာ အလံဖြူထောင် လက်နက်ချမယ်ဆိုရင်တော့ အသက်ချမ်းသာရမှာဖြစ်ပြီး AA တပ်ဖွဲ့ရှိရာ ဘယ်နေရာကိုမဆို အချိန်မရွေး လာရောက် လက်နက်ချအညံ့ခံနိုင်တယ်လို့လည်း AA က ထုတ်ပြန်ထားတာပါ။
လက်ရှိမှာ အာဏာသိမ်းစစ်တပ်ဟာ ဧရာဝတိုင်းနဲ့ ရခိုင်ရိုးမအစပ် ရေကြည်မြို့နယ်ထဲက စက်စက်ယိုကျေးရွာ၊ ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ် ငဖဲမြို့နယ်က ကျေးရွာတွေကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေပြီး AA တပ်တွေနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတယ်လို့ AA က ထုတ်ပြန်ထားတာပါ။

ပုံစာ – အာရက္ခတပ်တော်ကထုတ်ပြန်တဲ့ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ
ဓာတ်ပုံ – AA

