ရန်ကုန်-၂၀၂၅ ဩဂုတ် ၂၁ (မော်ကွန်း)
ထားဝယ်ကနေ ထွက်လာတဲ့ အင်အား ၁၅၀ ခန့်ပါ စစ်ကား၁၀စီး စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက် တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေပြီး သုံးဦးအရှင်မိသလို စစ်ကားအားလုံးကို ဖျက်ဆီးပစ်လိုက်နိုင်တယ်လို့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA) က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
ထားဝယ်မြို့ရဲ့ အရှေ့ဘက်အခြမ်း၊ ထားဝယ်မြို့နယ်ထဲမှာပါဝင်တဲ့ သင်္ဃန်းတုံးနဲ့ ဝကုန်းရွာကြားက ဘဲ့မဲ့တပ်တောင်အနီး နဲ့ သင်္ဃန်းတုံး ရွာတွေမှာ ဒီလ ၁၈၊ ၁၉ ရက်တွေက ရက်ဆက်ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေ အခုလို သေခဲ့ ကြရတာ ဖြစ်ပါတယ်။
ဒီလ ၁၈ ရက်မှာ ထားဝယ်ကနေ ထွက်လာတဲ့ စစ်ကား ၁၀ စီးပါ စစ်ကြောင်းကို ဘဲ့မဲ့တပ်တောင်အနီးမှာ တော်လှန်ရေး တပ်တွေက တိုက်ခိုက်ရာ လေးဦးသေပြီး ၁၀ ဦးခန့် ဒဏ်ရာရခဲ့ကြတယ်လို့ DNLA က ထုတ်ပြန်ပါတယ်။
ရှေ့တိုးမရလို့ ပြန်ဆုတ်သွားတဲ့ အဲဒီစစ်ကြောင်းနဲ့ပဲ နောက်ရက်မှာ သင်္ဃန်းတုံးရွာအနီး ထပ်တိုက်ခိုက်ကြရာမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ခုနှစ်ဦးသေပြီး သုံးဦးကို အရှင်မိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဒီတိုက်ပွဲတွေအတွင်း DNLA တပ်ဖွဲ့ဝင် ရဲဘော်ရေလှိုင်း ကျဆုံးခဲ့ရတယ်လို့လည်း ထုတ်ပြန်ပါတယ်။ ထားဝယ်က ထွက်လာတဲ့ စစ်ကောင်စီစစ်ကား ၁၀ စီးလုံးကို ဖျက်ဆီးနိုင်ခဲ့သလို MA-1 အမျိုးအစားသေနတ် ငါးလက်၊ G-3 အမျိုးအစား သေနတ် တစ်လက်နဲ့ ဆက်စပ်ပစ္စည်းတွေကို တော်လှန်ရေးတပ်တွေဘက်က သိမ်းဆည်းနိုင်ခဲ့ပါတယ်။
ဒီတိုက်ပွဲကို DNLA ရဲ့ ဒူရကစစ်ကြောင်း၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(TPLF)၊ ကျားသစ်နက်၊ ဘီလုံးပျောက်ကြား တပ်ဖွဲ့၊ သံမဏိပျောက်ကြား(နဘယံ)၊ ဒေါနတပ်ခွဲ(၇)၊ ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်း-T5၊ ထားဝယ်အရှေ့တောတပ်ဖွဲ့(DEF) နဲ့ အရှေ့ပိုင်းကာကွယ်ရေးတပ်ဖွဲ့(EDF) တို့ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ DNLA က ထုတ်ပြန်ပါတယ်။
အထိနာသွားတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့မှာတော့ အဲဒီဒေသကို လေကြောင်းကနေ ဗုံးကြဲတာတွေ ပြုလုပ်နေတယ်လို့ မြေပြင်ရဲဘော်တစ်ဦးက မော်ကွန်းကို ပြောပါတယ်။

ပုံစာ- တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ထားဝယ်အရှေ့တောဒေသနဲ့ တိုက်ပွဲမှာ ဖမ်းမိတဲ့ သုံ့ပန်းတချို့နဲ့အတူတွေ့ရတဲ့ DNLA တပ်ဖွဲ့ဝင်တချို့။
ဓါတ်ပုံ- DNLA

