နတ်တလင်း – ၂၀၂၂ ဇန်နဝါရီ ၂၈ (မော်ကွန်း)
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ အသံတိတ်သပိတ်ပြုလုပ်ပြီး ဆိုင်တွေမဖွင့်ရင်အရေးယူမယ်လို့ လိုက်အော်နေတဲ့ အာဏာသိမ်းစစ်တပ်သတင်းပေး အမျိုးသားတစ်ဦး ပစ်ခတ်သတ်ဖြတ်ခံလိုက်ရကြောင်း ဒေသခံက ပြောပါတယ်။
ဒီကနေ့ မနက် ၁၁:၀၀ နာရီဝန်းကျင်က နတ်တလင်းမြို့နယ်၊ တံခွန်တိုင်အနောက်စုရပ်မှာ ခုလို လော်စပီကာနဲ့ အော်နေတဲ့ ကျော်မင်းသူကို နတ်စစ်သည်အဖွဲ့က လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း၊ သုံးချက်မှန်ပြီး သေဆုံးနိုင်ကြောင်း ဒေသခံက ပြောပါတယ်။
ပြည်သူတွေကိုလော်နဲ့လိုက်အော်ပြီးခြိမ်းခြောက်နေလို့ အပြစ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းရဲ့သားဖြစ်သူဟာလည်း အာဏာသိမ်းစစ်တပ်က စစ်သားတစ်ဦးဖြစ်ကြောင်း နတ်တလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ နတ်စစ်သည်အဖွဲ့က ထုတ်ပြန်အသိပေးပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ ခွင့်ပြုချက်နဲ့ ကျင်းပနေတဲ့ လောင်းကစားပွဲတွေ၊ စစ်ကောင်စီကျင်းပတဲ့ ပွဲလမ်းသဘင်တွေကို ပြည်သူတွေအနေနဲ့ မသွားရောက်ဘဲ ရှောင်ရှားကြဖို့ နတ်စစ်သည်အဖွဲ့က သတိပေးထားပါသေးတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ဖေဖော်ဝါရီလတစ်ရက်နေ့ အသံတိတ်သပိတ်မပြုလုပ်အောင် မြို့ကြီးနဲ့နယ်တော်တော်များမှာ ဖိနှိပ်ဖမ်းဆီးမှုတွေ ပြုလုပ်နေပြီး ဆိုင်တွေဖွင့်ထားဖို့လည်း လက်မှတ်အတင်းအကျပ်ထိုးခိုင်းကာ ဖိအားပေးနေပါတယ်။
#Dailynews

