သံတွဲက စစ်ရှောင်တွေကို ဆန်အိတ် တစ်ထောင်ကျော် HCDO ထောက်ပံ့

သံတွဲက စစ်ရှောင်တွေကို ဆန်အိတ် တစ်ထောင်ကျော် HCDO ထောက်ပံ့

ရန်ကုန်-၂၀၂၅ စက်တင်ဘာ ၃ (မော်ကွန်း)

သံတွဲမြို့နယ်ထဲက စစ်ဘေးရှောင် ၇,၀၀၀ ကျော်ကို ဆန်အိတ် ၁,၀၀၀ ကျော် ထောက်ပံ့ထားတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ ချုပ်(ULA/AA) ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HCDO) က မနေ့ကညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်နဲ့ ဩဂုတ်လတွေအတွင်း ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ထဲက တိုက်နယ်ကိုးခုမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်တွေကို အရေးပေါ် စားနပ်ရိက္ခာအဖြစ် ဆန် ၁,၁၆၄ အိတ်ပေးအပ်ခဲ့ပြီး အိမ်ထောင်စု ၂,၁၈၈ က လူဦးရေ ၇,၀၄၉ ကို ပေးအပ်ခဲ့တာလို့ ဖော်ပြပါတယ်။

ဒါပေမဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းမြို့နယ်တွေက စစ်ဘေးရှောင်တွေဟာ လူသားချင်းစာနာမှုအကူအညီ ရရှိမှု အလွန်းနည်းပါးနေတယ်လို့ HCDO က သတိပေးတယ်။

ကမ္ဘာကျော် ငပလီကမ်းခြေရှိတဲ့ သံတွဲမြို့နယ်မှာ စစ်ဘေးရှောင် ၈,၀၀၀ ကျော် ရှိနေပြီး ဒီနှစ်အတွင်း အဲဒီဒေသမှာ လူသားချင်းစာနာမှုအကူအညီစီမံကိန်း သုံးခုသာဝင်ရောက်ခဲ့ပြီး တစ်ခုကရပ်သွားပြီလို့ ဖော်ပြပါတယ်။

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်ထဲက မြို့နယ်တွေကို စစ်ကော်မရှင်ဘက်က ဖြတ်လေးဖြတ် စစ်ဆင်ရေးနဲ့ ပြည်မဘက်က ဆေးဝါး၊ လူသုံးကုန်နဲ့ စားနပ်ရိက္ခာတွေ မတင်ပို့နိုင်အောင် ပိတ်ဆို့ထားတဲ့အတွက် အဲဒီဒေသကစစ်ဘေးရှောင်တွေဟာ ကုန်ပစ္စည်း၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်လပ်မှုတွေကို ကြုံနေရတာဖြစ်ပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ကတော့ ရခိုင်ဒေသမှာ စစ်ပွဲတွေနဲ့ ကုန်စည်လမ်းကြောင်း ဖြတ်တောက်ခံရမှုကြောင့် အငတ်ဘေးကြရောက်မယ့်အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ မကြသေးမီက သတိပေးထားပါတယ်။

ပုံစာ- ဒီနှစ် ဇန်နဝါရီတုန်းက စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးသွားရတဲ့ ရမ်းဗြဲမြို့နယ်၊ ကျော်နီမော်ရွာမှာ ရိက္ခာပေးဝေနေတဲ့မြင်ကွင်း။

ဓါတ်ပုံ- HCDO

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."