ရန်ကုန် – ၂၀၂၅ ဩဂုတ် ၁၉ (မော်ကွန်း)
ကချင်ပြည်နယ် ဗန်းမော်မြို့မှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဟာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာတချို့ကို စစ်ကြောင်းထိုးနေပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
KIA နဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေရဲ့ ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီတပ်ဟာ ဗန်းမော်ကို ဧရာဝတီမြစ်ကြောင်းကနေ အင်အားအလုံးအရင်းနဲ့ စစ်ကူတွေ၊ လက်နက်ခဲယမ်းတွေကို ပြီးခဲ့တဲ့လပိုင်းမှာ အားဖြည့်ပို့လွှတ်ခဲ့ပါတယ်။
၎င်းစစ်ကူသင်္ဘောအုပ်စုဟာ ဒီလ ၁ ရက်မှာ ဗန်းမော်ကိုရောက်ရှိခဲ့ပြီးနောက် တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ဗန်းမော်မြို့တွင်း နေရာတချို့ကို ပြန်လည်စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ နေ့တိုင်းနီးပါးဖြစ်နေတယ်လို့ ဗန်းမော်ဒေသခံ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
ဒီရက်ပိုင်းမှာဆိုရင်လည်း ဗန်းမော်မြို့ပေါ်က ဗန်းမော်လေဆိပ်၊ ဗန်းမော်တက္ကသိုလ်၊ စစ်ကောင်စီအမြှောက်တပ်ရင်း အမတ (၃၆၆) နေရာတွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်လို့ ဗန်းမော်ဒေသခံက ပြောပါတယ်။
“အရင် KIA သိမ်းထားတဲ့ အမြှောက်တပ်နဲ့ လေယာဉ်ကွင်းနားတွေမှာ တိုက်ပွဲတော်တော်ပြင်းထန်တယ်လို့ကြားတယ်။ အခုစစ်ကူရောက်ပြီးတည်းက ဆက်တိုက်ဖြစ်နေတယ် နေ့တိုင်းပဲလို့ပြောလို့ရတယ်” လို့ ဗန်းမော်ဒေသခံက ပြောပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ မဟာမိတ်တပ်တွေဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ဗန်းမော်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဗန်းမော်မြို့ မြောက်ပိုင်းက ဗန်းမော်တက္ကသိုလ်၊ ဗန်းမော်လေဆိပ်တို့အပါအဝင် အမှတ်(၃၆၆) အမြောက်တပ်ရင်း၊ ခလရ (၂၃၆) တပ်ရင်းတွေနဲ့ သံချပ်ကာတပ်ရင်း၊ တင့်ကားတပ်ရင်းတွေကို သိမ်းယူခဲ့ပါတယ်။
ဒီလဆန်းပိုင်းမှာတော့ စစ်ကောင်စီတပ်က ပြန်လည်စစ်ကြောင်းထိုးလာပြီး ဒီနေရာတွေထဲက အမှတ်(၃၆၆)တပ်ရင်းနဲ့ လေယာဉ်ကွင်းအနီးက နေရာတချို့ကို ပြန်လက်လွှတ်ထားရတယ်လို့ ဒေသတွင်း စစ်ရေးသတင်းတချို့မှာ ဖော်ပြပါတယ်။
မနေ့ကလည်း အမတ – ၃၆၆ တပ်ရင်းအနီးက နောင်ခိုရပ်ကွက်အတွင်း စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တချို့က ပြောပါတယ်။
“ဗန်းမော်၊ နောင်ခိုဘက်မှာ လှုပ်ရှားလာတဲ့ စကစ တပ်တွေ အတိုက်ခံရပြီး စကခ- ၂၁ တပ်ထဲကို ပြန်ဆုတ်ပြီးပြေးသွားတယ်။ အလောင်း၊ သုံ့ပန်းနဲ့ လက်နက်တချို့ရတယ်” လို့ ၎င်းစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဗန်းမော်မြို့ပေါ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေအိမ်အဆောက်အအုံအများအပြား ပျက်စီးသွားပြီး တစ်မြို့နီးပါးဟာ စစ်ဘေးရှောင်နေကြရပါတယ်။
ဧရာဝတီမြစ်အတိုင်း သင်္ဘောနဲ့သွားနိုင်တဲ့ မြောက်ဘက်အစွန်ဆုံးမြို့ဖြစ်တဲ့ ဗန်းမော်မြို့ကို ကချင်တပ်နဲ့မဟာမိတ်တွေက လပေါင်းများစွာ ပိတ်ဆို့တိုက်ခိုက်နေပြီး ရှစ်လကျော်ထိ ကြာမြင့်လာပြီဖြစ်ပါတယ်။
ပုံစာ – ဗန်းမော်မြို့အနီး စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရတဲ့မြင်ကွင်း
ဓါတ်ပုံ – The Kachin Net

