မအူပင် – ၂၀၂၂ ဇူလိုင် ၈ (မော်ကွန်း)
ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရဲဒုတပ်ကြပ်တစ်ယောက်ရဲ့နေအိမ် ဓါးပြတိုက်ခံရပြီး သုံးရက်ကြာတဲ့အထိ ရှာဖွေဖမ်းဆီးလို့မရသေးကြောင်း ဒေသခံတွေဆီကသိရပါတယ်။
အမှတ် ၇ ရပ်ကွက်မှာနေထိုင်တဲ့ ရဲဒုတပ်ကြပ် နောင်နောင်ထွန်း လှည့်ကင်းသွားနေတဲ့အချိန်မှာ သူ့နေအိမ်ကို အမျိုးသားလေးဦးရောက်လာပြီး ဓားပြတိုက်သွားတာလို့ မအူပင်မြို့ခံတစ်ဦးက ပြောပါတယ်။
” ညပိုင်းဖြစ်သွားတာ အဲ့ရဲက အပြင်သွားနေတာ တိုက်ပြီးတော့ နာရီဝက်လောက်ကြာမှ အဲ့အိမ်ရှေ့မှာ ရဲကားတွေရော စစ်ကားတွေရော ရောက်လာတာ သတင်းဖုံးထားတယ် အခိုးခံရတယ်ဆိုပြီး ရပ်ကွက်ထဲသတင်းလွှင့်ထားတယ်”လို့ မြို့ခံကပြောပါတယ်။
ရဲဒုတပ်ကြပ် နောင်နောင်ထွန်း အိမ်ကနေ ရွှေထည်ပစ္စည်းနဲ့ အခြားတန်ဖိုးရှိတဲ့ပစ္စည်း သိန်း ၅၀ ကျော်ဖိုပါသွားတယ်လို့ သူကဆိုပါတယ်။
ဓားပြတိုက်ခံရပြီး နာရီဝက် အကြာမှာ စစ်ကောင်စီတပ်သားတွေက မြို့ဝင်ထွက်လမ်းတွေနဲ့ လူစည်းကားတဲ့နေရာတွေမှာ ပိတ်ဆို့စစ်ဆေးတာတွေပြုလုပ်ခဲ့ပေမယ့် တရားခံတွေကို ဖမ်းမိတာမျိုးမရှိသေးဘူးလို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းဘက်က စုံစမ်းသိရှိရပါတယ်။
#Dailynews

