ရန်ကုန် – ၂၀၂၅ ဩဂုတ် ၅ (မော်ကွန်း)
ပုလော-မြိတ်-ဘုတ်ပြင်း လမ်းပိုင်းတွေမှာ တိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့် ဒီလမ်းပိုင်းကို ပိတ်ထားရပြီး ဒေသတွင်းသွားလာမှုတွေ၊ ကုန်စည်စီးဆင်းမှုတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ၎င်းဒေသခံတချို့က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ပတ်ကျော်တည်းက ၎င်းလမ်းပိုင်းမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် လမ်းပိတ်ထားရတာဖြစ်ပြီး မြိတ်နဲ့ ပုလောဒေသခံတွေဟာ ရေလမ်းခရီးကနေ သွားလာနေရတာကြောင့် ခရီးစရိတ်တွေလည်း မြင့်တက်သွားတယ်လို့ မြိတ်ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် မြိတ်ကနေ ပုလောကို ရေလမ်းကနေ ပြေးဆွဲနေတဲ့ Speed Boat စီးနင်းခက တစ်ဦးကို ကျပ်တစ်သိန်းခွဲထိရှိနေပြီး စားသောက်ကုန်နဲ့ကုန်စိမ်းတွေ တင်ပို့ရာမှာလည်း သယ်ယူပို့ဆောင်ရေးစရိတ်တွေ မြင့်တက်သွားတယ်လို့ ၎င်းဒေသခံက ပြောပါတယ်။
“ကုန်ကားတွေရော၊ ခရီးသည်တင်ကားတွေရော အကုန်ရပ်ထားရတာ နှစ်ပတ်ရှိပြီ။ ပိတ်မိနေသလိုဖြစ်နေတယ်” လို့ မြိတ်ဒေသခံက ပြောပါတယ်။
လက်ရှိမှာတော့ အရေးပေါ်လူနာတွေ ပို့ဆောင်တာနဲ့ အရေးပေါ်သွားလာတာတွေရှိပေမယ့် စစ်ကောင်စီတပ်ရဲ့ ခွင့်ပြုချက်လိုတယ်လို့ ၎င်းဒေသခံတချို့က ပြောပါတယ်။
တနင်္သာရီတိုင်းထဲမှာ စစ်ကောင်စီကိုတိုက်ခိုက်နေတဲ့ တနင်္သာရီတိုင်း PDF တပ်ကလည်း အမှတ်(၈) ပြည်ထောင်စုလမ်းဖြစ်တဲ့ ပုလော-မြိတ်-ဘုတ်ပြင်းလမ်းပိုင်းက စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေကို အချိန်မရွေး တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် လမ်းပိုင်းမှာသွားလာနေတဲ့ဒေသခံတွေ သတိပြုဖို့ ဒီလဆန်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ ပုလောမြို့နဲ့ တနင်္သာရီမြို့တွေကို စစ်ကြောင်းထိုးဝင်ရောက်နေပြီး တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေလည်း နေရာအနှံ့ဖြစ်နေတယ်လို့ အသိပေးထားတာပါ။
ဒါ့အပြင် ဒီလမ်းပိုင်းမှာ သွားလာနေတဲ့ ကားတွေကိုပစ်ခတ်တာတွေ မကြာခဏဖြစ်နေတာကြောင့် ဒေသခံတွေက ကားလမ်းကိုအသုံးမပြုကြတော့ဘူးလို့ မြိတ်ဒေသခံတစ်ဦးက ပြောပါတယ်။
“PDF ကပဲ ကြေညာထားတာပါ။ ဒီလမ်းပိုင်းကို အသုံးမပြုဖို့ဆိုပြီး။ ကျွန်တော်တို့ ဒီတနင်္သာရီတိုင်းကို ဆက်သွယ်ထားတာ ဒီတစ်လမ်းပဲရှိတယ်လေ။ ကုန်းလမ်းပိတ်ရင် ရေလမ်းကသွားလို့ရတယ်ဆိုတာတော့မှန်တယ်။ အဲဒီလောက်တော့မလွယ်ဘူး။ ကုန်စည်တွေက ကားနဲ့ဆို တန်ချိန်အများကြီးတင်လို့ရပေမယ့် သင်္ဘောတွေက အဲဒီလောက်မလွယ်ဘူး။ ကုန်ကျစရိတ်ကလည်း လေးငါးဆမကဘူး” လို့ ၎င်းဒေသခံက ပြောပါတယ်။
ဒါ့အပြင် အခုလိုလမ်းပိတ်နေတဲ့အတွက် ဒေသတွင်း ဆန်အပါအဝင် စားသောက်ကုန်ဈေးတွေလည်း မြင့်တက်လာတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
မြိတ်-ပုလောလမ်းပိုင်းက ပလမြို့အနီးမှာ ပြီးခဲ့တဲ့လပိုင်းတွေကလည်း စစ်ကောင်စီတပ်နဲ့ ဒေသတွင်း PDF တပ်တွေ တိုက်ပွဲတွေ ပြင်းထန်နေပြီး လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတွေလည်း ဖြစ်နေတယ်လို့ ၎င်းဒေသခံတချို့က ပြောပါတယ်။
ပုံစာ – ဒီလမ်းပိုင်းမှာလှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့
ဓါတ်ပုံ – တနင်္သာရီတိုင်းစစ်ဌာန-ပြန်ကြားရေး

