ရန်ကုန် – ၂၀၂၅ ဇူလိုင် ၁၇ (မော်ကွန်း)
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်အထက်ပိုင်းကို ဒီနေ့မနက်ပိုင်းက ဆန်တက်လာတဲ့ စစ်ကောင်စီ ရေတပ်သင်္ဘောအုပ်စုဟာ မြစ်အနောက်ခြမ်း၊ ဝက်လက်နယ်၊ ရှိန်းမကားရွာအနီးမှာ ကျောက်ချရပ်တန့်နေကြတယ်လို့ ဝက်လက် သတင်းအချက်အလက်ကွန်ယက်(Wetlet Information Network)က ဒီနေ့ ညနေပိုင်းမှာ သတိပေးပါတယ်။
အဲဒီ သင်္ဘောအုပ်စုမှာ တိုက်ခိုက်ရေးယာဉ်ငါးစီးနဲ့ ရိက္ခာတင်ယာဉ်ခုနစ်စီးပါဝင်တယ်လို့ ဝက်လက်အဖွဲ့က အသိပေးသလို ရေပြင်ကင်းထောက်အဖွဲ့တွေကတော့ တန်ချိန် ၁,၅၀၀ လောက်တင်နိုင်တဲ့ ရိက္ခာတင်ယာဉ်တွေအပါအဝင် ကမ်းထိုးတိုက်ခိုက်ရေးယာဉ်တွေအပါအဝင် ၂၇ စီး လောက်ပါတယ်လို့ ပြောကြပါတယ်။
စစ်ကောင်စီရေတပ်သင်္ဘောအုပ်စု ဆန်တက်လာရာ ဧရာဝတီမြစ်ရဲ့အနောက်ဘက်ခြမ်းကျေးလက်ဒေသတွေဟာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဧရိယာတွေအများစုဖြစ်ပြီး တိုက်ပွဲတွေ ဖြစ်လာနိုင်တဲ့အတွက် မြစ်ကြောင်း တစ်လျှောက်က ကျေးရွာတွေကို သတိထားကြဖို့ တော်လှန်ရေးအင်အားစုတွေက အသိပေးထားပါတယ်။
စစ်ကောင်စီရေတပ်ဟာ ဒီလိုမြစ်ကြောင်းအတွင်း ဝင်ရောက်ချီတက်တဲ့အခါမှာ မြစ်အနီးဝန်းကျင်က ရွာတွေကို ရမ်းသမ်းပစ်ခတ်တာတွေ လုပ်တဲ့အတွက် ဒေသခံအရပ်သားတွေ မကြာခဏသေဆုံးမှုတွေရှိတယ်လို့ ဒေသတွင်း စစ်ရှောင်ကူညီပေးသူတချို့ ပြောပါတယ်။
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေး အထက်ဘက်က မတ္တရာမြို့နယ်ကို စစ်ကောင်စီဟာ လေကြောင်းက ဗုံးကြဲ၊ လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်လို့ ဒေသခံ တချို့ က ပြောပါတယ်။
“ ဒီမနက်အစောပိုင်းမှာ မတ္တရာအရှေ့ခြမ်းဘက် Y-12 တွေနဲ့ ဗုံး ၁၀ လုံးကျော်လောက် ကြဲသွားတယ်။ ပြီးတော့ နည်းနည်းခြားပြီး လက်နက်ကြီးတွေဆက်ပစ်တယ်” လို့ အဲဒီက ဒေသခံတစ်ဦးက ပြောပါတယ်။
ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းက မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျဉ်းနယ်တွေကို လက်ရှိမှာ တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားသလို မြစ်အနောက်ဘက်ခြမ်း ဝက်လက်နဲ့ ထီးချိုင့် နယ်တွေကိုလည်း တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားတာပါ။
ဧရာဝတီမြစ်အတိုင်း သင်္ဘောနဲ့သွားနိုင်တဲ့ မြောက်ဘက်အစွန်ဆုံးမြို့ဖြစ်တဲ့ ဗန်းမော်မြို့ကို ကချင်တပ်နဲ့မဟာမိတ်တွေက လပေါင်းများစွာ ပိတ်ဆို့တိုက်ခိုက်နေပြီး အဲဒီမြို့က သူ့တပ်သားတွေအတွက် စစ်ကောင်စီဟာ လေကြောင်း ထောက်ပို့ လမ်းကြောင်းတစ်ခုသာ အားကိုးနေရာကနေ မိုးကာလရေများလာတဲ့မြစ်ကြောင်းကို အသုံးချပြီး ရေကြောင်းကနေ ပံ့ပိုးဖို့ ကြိုးစားလာတာပါ။
ပြီးခဲ့တဲ့လတုန်းကလည်း ကုန်းလမ်းကြောင်းတွေ မစိုးမိုးနိုင်တော့တဲ့ စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းထဲက သူ့တပ်ဖွဲ့ တွေဆီ ရိက္ခာနဲ့ လက်နက်တွေထောက်ပံ့နိုင်ဖို့ ရေများလာတဲ့ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်ကာ ထောက်ပံ့ပို့ဆောင်ရေးတွေ လုပ်ခဲ့တယ်လို့ စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။
ပုံစာ – ဧရာဝတီမြစ်အတွင်းသွားနေတဲ့ စစ်ကောင်စီ သင်္ဘောအုပ်စု
ဓါတ်ပုံ – Wetlet Information Network

