ရန်ကုန် – ၂၀၂၅ စက်တင်ဘာ ၁၆ (မော်ကွန်း)
ရန်ကုန်မြို့တော်ခန်းမအရှေ့မှာ ဒီနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ရန်ကုန်မြို့တွင်းမှာ နေထိုင်သူတချို့က ပြောပါတယ်။
ဒီနေ့မနက် ၆ နာရီခန့်က မဟာဗန္ဓုလပန်းခြံအရှေ့ ဆူးလေဘုရားအနီး ဗုံးပေါက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုသေဆုံးမှုတွေတော့ မရှိခဲ့ဘူးလို့ ဆူးလေအနီး ဈေးရောင်းချတဲ့ဈေးသည်တစ်ဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲပြီးနောက်ပိုင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ ဆူးလေဘုရားအနီးနဲ့ မြို့တော်ခန်းမအရှေ့တွေမှာ စစ်ကားတွေနဲ့ လှည့်လည်ကင်းပတ်နေတာတာတွေ ပြုလုပ်နေတယ်လို့ ၎င်းဈေးသည်က ပြောပါတယ်။
“ထိခိုက်တာတော့ မကြားမိဘူး။ ဗုံးပေါက်တာ ဆူးလေဘုရားဘက် ပလက်ဖောင်းနားမှာထင်တယ်။ အဲဒီမှာ စစ်ကားတစ်စီးရပ်ထားတယ်။ စည်ပင်တွေလည်း မနက်တည်းက ဈေးသည်တွေကို အကုန်လိုက်ဖမ်းနေလို့ ဈေးမရောင်းရဘူး” လို့ ၎င်းက ပြောပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Freeland Attack Force က စစ်ကော်မရှင်အလိုကျ ပြုမူဆောင်ရွက်နေတဲ့ မြို့တော်ခန်းမကို ဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
“မစ်ရှင်ရဲဘော်များအနေဖြင့် ပစ်မှတ်မြို့နယ်မှ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ပြီး ရန်သူ့အခြေအနေ အသေးစိတ်အား မသိရှိရသေးပေ။ ဗုံးပေါက်ကွဲမှုအပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်” လို့ Freeland Attack Force ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ရန်ကုန်မြို့လယ်ခေါင်မှာတည်ရှိတဲ့ မြို့တော်ခန်းမဟာ အတားအဆီးတွေအကာအရံတွေနဲ့ လုံခြုံရေးအထူးတင်းကျပ်ထားတဲ့ နေရာတစ်ခုပါ။
Freeland Attack Force မြို့ပြပြောက်ကျားအဖွဲ့ဟာ ဇွန်လပိုင်းတုန်းကလည်း သာကေတမြို့နယ် ဥပဒေရုံးကို ဗုံးဖောက်တိုက်ခိုက်မှု နောက်ဆုံးပြုလုပ်ထားတဲ့ အဖွဲ့တစ်ခုပါ။
ရန်ကုန်မြို့မှာ ဒီနှစ်ဆန်းပိုင်းကစပြီး စစ်ကော်မရှင်တပ်က တင်းတင်းကျပ်ကျပ် စစ်ဆေးလာတာကြောင့် မြို့ပြပြောက်ကျားအဖွဲ့ဝင်တွေ ဖမ်းဆီးခံရတာတွေရှိလာပြီး မြို့ပေါ် ပြောက်ကျားတိုက်ခိုက်မှုတွေ မရှိသလောက် နည်းသွားရာကနေ အခုတစ်ခါပြန်လည်တိုက်ခိုက်လာတာပါ။
ပုံစာ – ရန်ကုန်မြို့တော်ခန်းမအရှေ့မြင်ကွင်း
ဓါတ်ပုံ – မော်ကွန်း

