ကနီ -၂၀၂၃ ဩဂုတ် ၃ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရဲစခန်းမှာ ဒီနေ့မနက်ပိုင်းက စခန်းမှူးရဲ့မွေးနေ့ပွဲပြုလုပ်နေစဉ် ဒေသခံပြည်သူ့ကာကယ်ရေးအဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မွေးနေ့ရှင်စခန်းမှူးနဲ့ နယ်ထိန်းရဲတစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ ဗုံးကြဲတိုက်ခိုက်ရာမှာပါဝင်တဲ့ ကျောက်လုံးကြီးတပ်မဟာ KLG က တာဝန်ရှိသူက မော်ကွန်းကိုအတည်ပြုပါတယ်။
“ဗုံးသီးလေးလုံးချခဲ့တာ၊ ဒရုန်းနှစ်စီး နှစ်ခေါက်ပြန်ပြီးချခဲ့တာ။ စခန်းမှူးနဲ့ နယ်ထိန်းကတော့ ဗိုက်ပွင့်ပြီးသေသွားတယ်လို့ ကျွန်တော်တို့ သတင်းရတယ်။ မြို့နယ်မှူးနဲ့ ရဲမေနဲ့ ရဲမိသားစုဝင်တစ်ဦးကလည်း ထိခိုက်ဒဏ်ရာများတယ်ဗျ။ ဒုရဲအုပ် အောင်ကိုဦးရဲ့မိသားစုဝင်တစ်ဦးလည်း ထိခိုက်တယ်။ဒဏ်ရာပြင်းထန်တယ်” လို့ ၎င်းကပြောပါတယ်။
ဗိုက်ပွင့်သေဆုံးသူနှစ်ဦးဟာ စခန်းမှူးထွန်းမြင့်နဲ့ နယ်ထိန်းဆန်းဌေးတို့ဖြစ်တယ်လို့ KLG တပ်မဟာက တာဝန်ရှိသူက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုဖြစ်ပြီးချိန်မှာ စစ်ကောင်စီတပ်သားတွေနဲ့ရဲတွေဟာ ရဲစခန်းနဲ့ စခန်းနောက်က ဘုရားကုန်းပေါ်ကနေ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာမျိုးတွေရှိခဲ့ပေမယ့် အထိခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သူကပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁,၂၂,၂၃ နဲ့ KLG PDF ကျောက်လုံးကြီးတပ်မဟာတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပုံစာ-ယင်းမာပင်မြို့နယ် ပကဖအဖွဲ့တွေရဲ့ မောင်းသူမဲ့ဒရုန်းတွေနဲ့ ဗုံးသီးများ
ဓာတ်ပုံ-KLG PDF
#Dailynews

