ရန်ကုန်-၂၀၂၅ ဇွန် ၂၅ (မော်ကွန်း)
တော်လှန်ရေးသမား၊ စာရေးဆရာတစ်ဦးဖြစ်တဲ့ ငြိမ်းအေးအိမ်(ခ) ဦးငြိမ်းအေးရဲ့ ဈာပနအခမ်းအနားကို ရန်ကုန်မြို့ က ရေဝေးသုသာန်မှာ ဒီနေ့မနက် ၁၀ နာရီမှာ ကျင်းပခဲ့ပါတယ်။
ဒီလ ၂၃ ရက်က ကွယ်လွန်ခဲ့တဲ့ အသက် ၆၉ နှစ်အရွယ်သူဟာ အစာပြွန်ကင်ဆာ ဝေဒနာကို ခံစားခဲ့ရပါတယ်။
ထားဝယ်ဇာတိဖွားသူဟာ ၁၉၇၆ မှာ ဖြစ်ပွားတဲ့ ‘ မှိုင်းရာပြည့်’ သပိတ်ကော်မတီကို ဦးဆောင်သူဖြစ်ပြီး အဲဒီတုန်းက အာဏာရှင်မဆလအစိုးရရဲ့ ပုဒ်မ ၅ (ည)နဲ့ ဖမ်းဆီးအကျဉ်းချတာ ခံခဲ့ရပါတယ်။
၁၉၈၅ မှာ ဗမာပြည်ကွန်မြူနစ်ပါတီ(CPB)ထံ တောခိုကာ အာဏာရှင်ဗိုလ်ချုပ်နေဝင်းအစိုးရကို တော်လှန်ခဲ့သူလည်း ဖြစ်ပါတယ်။
နောက်ပိုင်း ရန်ကုန်ကို ပြန်လည်ရောက်ရှိလာပြီး မော်ဒန်၊ ပို့စ်မော်ဒန် အနုပညာသည်တွေကြား ထင်ရှားခဲ့တဲ့ ‘သရဖူမဂ္ဂဇင်း’ ကို ၁၉၉၄-၉၅ မှာ စတင်ထုတ်ခဲ့သူဖြစ်ပါတယ်။
‘ ပွဲတော်ည မုဆိုးများ၊ ‘သိမ်းထုပ်ထားတဲ့ လွင်ပြင်ကျယ်’ ဝတ္ထုတိုစာအုပ်တွေကို ထုတ်ဝေခဲ့သလို ‘ မြစ်သစ်တစ်စင်း၊ ဝေးဝေးလရောင်၊စိမ်းလန်းသောမျှော်စင်’နဲ့ ‘အတွေးတိမ်တိုက်၊ သက္ကရာဇ်မြင်း၊ နေ့ဟောင်းမျှော်စင် ’ ဝတ္ထုတိုစာအုပ်တွေမှာ တခြားစာရေးဆရာတွေနဲ့အတူ ပါဝင်ခဲ့ပါတယ်။
‘အဝါရောင်ဆောင်းရက်များ၏ မိုးစက်ပုံပြင်’၊ ‘ဓါတ်ပုံတွေက ကပြတဲ့အော်ပရာ’၊ ‘ဝါကျများကို ဖွင့်ကြည့်ပါ’ နဲ့ ‘ညှို့ငင်တောင်’ စာအုပ်တွေကိုလည်း ထုတ်ဝေခဲ့ပါတယ်။
‘ညှို့ငင်တောင်’ စာအုပ်ဟာ သူတော်လှန်ရေးသမားဘဝ ကျင်လည်ဖြတ်သန်းခဲ့ရာဒေသဖြစ်တဲ့ မြန်မာပြည်အရှေ့မြောက်ဖျားက အီမောဘွမ်တောင်တန်းဒေသတွေ အကြောင်းပဲ ဖြစ်ပါတယ်။

ဓါတ်ပုံ – မော်ကွန်း

