ရန်ကုန်- ၂၀၂၃၊ ဩဂုတ် ၂၅ (မော်ကွန်း)
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ကိုမနေ့မွန်းလွှဲပိုင်းလောက်ကစစ်ကောင်စီလေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်လို့ပြည်သူတစ်ဦးသေဆုံးသွားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) က ပြီးခဲ့တဲ့နာရီပိုင်းကထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်က ကျောက်ကြီးမြို့နယ်၊ သဲတောမူသဲတောခွါးကျေးရွာကိုလေကြောင်းဖြင့်နှစ်ကြိမ်၊ ဗုံးခြောက်လုံးကြဲချခဲ့တာကြောင့် အသက် ၂၈ နှစ်အရွယ် စောဘဘယ်စယ်ဖိုး သေဆုံးသွားခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့မှ အသက် ၂၃ နှစ်အရွယ်ရဲဘော်မေတ္တာလည်းထိခိုက်ဒဏ်ရာရသွားတယ်လို့ KNU က ထုတ်ပြန်ပါတယ်။
ဩဂုတ်လ ၂၀ ကလည်းစစ်ကောင်စီတပ် ခမရ-၃၆၄ ကကျောက်ကြီးမြို့နယ်ကို ညအချိန်မှာ ၁၀၅ မမ နဲ့ ၁၅၅ မ လက်နက်ကြီးအလုံး ၁၅ လုံးပစ်ခတ်ခဲ့ကာ နေအိမ်တစ်လုံးနဲ့ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ကျောင်းထိမှန်ခဲ့တယ်လို့ဖော်ပြပါတယ်။
ကျောက်ကြီးမြို့နယ်ဟာ စစ်ဒဏ်သာမက ယခုလ ၁၅ က မိုးအဆက်မပြတ်ရွာတာ၊ မြစ်ရေတက်မှုကြောင့်ဒေသခံ ၂,၀၀၀ ခန့်ရေဘေးကြုံခဲ့ရပါတယ်။
စစ်ကောင်စီကလေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်နေတဲ့ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီကဒေသခံတွေကိုဖမ်းဆီးနှိပ်စက်တာ၊ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခံရတာ၊ နေအိမ်မီးရှို့မှုတွေကြောင့်ဒေသခံ ရှစ်ထောင်နီးပါးဟာစစ်ဘေးရှောင်နေရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ပုံစာ- ကျောက်ကြီးမြို့နယ်မှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်ပျက်စီးမှုမြင်ကွင်း။
ဓာတ်ပုံ- Karen National Union
#Dailynews

