ဖယ်ခုံအင်းတဝိုက် တိုက်ပွဲတွေပြင်းထန်

ဖယ်ခုံအင်းတဝိုက် တိုက်ပွဲတွေပြင်းထန်

ရန်ကုန် – ၂၀၂၅ ဇွန် ၁၁ (မော်ကွန်း)

ရှမ်းတောင်ပိုင်းနဲ့ ကရင်နီအစပ်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ်ပစ်ခတ်နေပြီး ဒေသတွင်းစစ်ရေးတင်းမာနေတဲ့အတွက် စစ်ရေးသတိပေးချက်တွေ လိုက်နာဖို့ ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၁၀၀၆) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပအိုဝ်း ပြည်သူ့စစ် (PNA) တပ်တွေဟာ ဒီလဆန်းပိုင်းမှာ ဖယ်ခုံအင်းအရှေ့ခြမ်းက ဖယ်ခုံနဲ့ ညောင်ရွှေမြို့ ထိစပ်နေတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးလာပြီး ဒီဒေသအခြေစိုက် တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေတာပါ။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ တစ်ပတ်တာကာလအတွင်းမှာ နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့ပြီး စစ်ကောင်စီနဲ့ PNA ပြည်သူ့စစ်ဘက်က ငါးဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရသူတွေလည်းရှိတယ်လို့ ဖယ်ခုံ PDF က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် လက်ရှိမှာလည်း ဖယ်ခုံအင်းရဲ့အရှေ့ဘက်ကမ်းက ကုန်းသာရွာကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေပြီး ဒေသတွင်းတော်လှန်ရေးတပ်တွေဖြစ်တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နဲ့အတူ ဖယ်ခုံ PDF တပ်ရင်းတို့ကလည်း ၎င်းကျေးရွာအနီး စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတာကြောင့် ဖယ်ခုံမြို့နယ်တစ်ဝှမ်း စစ်ရေးအခြေအနေတွေ တင်းမာလာနိုင်တယ်လို့ ဖယ်ခုံ PDF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီလဆန်းပိုင်းမှာ ရှမ်းတောင်ပိုင်း ပင်လောင်းမြို့နယ် ပင်လောင်း-ဖယ်ခုံ လမ်းပိုင်းမှာရှိတဲ့ ဆောင်းပြောင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသတွင်းတော်လှန်ရေးတပ်တွေ စတင်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

၎င်းနောက် ဆောင်းပြောင်းရွာကို စစ်ကောင်စီတပ်တွေထိန်းချုပ်နိုင်ခဲ့ပြီး ဖယ်ခုံအင်းရဲ့အရှေ့ဘက်ကမ်းနဲ့ အနောက်ကမ်းကကျေးရွာတွေကို စစ်ကောင်စီတပ်ဟာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

ဒါ့အပြင် ၎င်းစစ်ကောင်စီစစ်ကြောင်းကြောင့် ဒေသခံ ၃,၀၀၀ ကျော် နေရပ်ခွန့်ခွာ တိမ်းရှောင်နေကြရပြီး ၎င်းလမ်းကြောင်းတစ်လျှောက်မှာ ပိတ်မိနေတဲ့ ဒေသခံတွေလည်း အများအပြားရှိတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတချို့က ပြောပါတယ်။

“အရင်ဆုံး ရွာတွေကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်တော့ ဒေသခံတွေအကုန် စိုးရိမ်ပြီး ပြောင်းရွှေ့နေကြတယ်။ မရှောင်ရသေးတဲ့ရွာတွေလည်းရှိသေးတယ်။ မိုးတွင်းဆိုတော့ သွားဖို့လာဖို့လည်း အခက်အခဲရှိတယ်” လို့ ၎င်းစစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့လပိုင်းကလည်း ဖယ်ခုံမြို့နယ်အနောက်ခြမ်းနဲ့ အရှေ့ခြမ်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ဒေသခံ ခြောက်ဦးသေဆုံးကာ ၃၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်း လူ့အခွင့်အရေးစောင့်ကြည့်လေ့လာနေတဲ့ Karenni Human Right Group ကထုတ်ပြန်ထားပါတယ်။

ဒီရက်ပိုင်းမှာ ရှမ်းတောင်ပိုင်းနဲ့ ကရင်နီဆက်စပ်နေတဲ့ မိုးဗြဲ၊ ဖယ်ခုံ အပါအဝင် ဘော်လခဲနဲ့ ဖားဆောင်းတို့မှာ တိုက်ပွဲတွေ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတာပါ။

ပုံစာ – ရှမ်းတောင်ပိုင်းနဲ့ ကရင်နီအစပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့

ဓါတ်ပုံ – PDF ရှမ်းတောင်စစ်ဒေသ ဗျူဟာ (၁၄)

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."