မိုးညှင်း-၂၀၂၃ ဒီဇင်ဘာ ၆ (မော်ကွန်း)
ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ ထန်းတစ်ပင်ကျေးရွာအနီး တက္ကသိုလ်ကျောင်းလမ်းမှာ ဒီနေ့မနက် ၉ နာရီဝန်းကျင်က ကလေးငယ်သုံးဦးနဲ့ မိခင်ဖြစ်သူတို့လမ်းသွားနေစဉ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ကလေးငယ်တစ်ဦးသေဆုံးကာ ကျန်သုံးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့တဲ့ မေတ္တာလေညင်း လူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“ ကျွန်တော်တို့အသင်းက သွားကောက်တာတော့ ၉း၀၀ နာရီသွားကောက်တာ။ သူတို့က တောသွားတာလား၊ ဘာသွားတာလဲမသိဘူး။ သူတို့သွားနေတဲ့အချိန် လမ်းပေါ်မှာဖြစ်ခဲ့တာ။ ကလေးတွေအပေါ်တည့်တည့်ကျတာ။ တစ်ယောက်ကတော့ ဆုံးသွားလို့ မိုးညှင်းရင်ခွဲရုံမှာပို့ထားတယ်” လို့ သူကပြောပါတယ်။
သေဆုံးသွားတဲ့ ကလေးငယ်ဟာ အသက် ၁၁ နှစ်ဝန်းကျင်အရွယ်ရှိပြီး ခုနစ်နှစ်အရွယ်ကလေးငယ်တစ်ဦးက ခြေထောက်ပြတ်ရှဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
မိခင်ဖြစ်သူနဲ့ ကလေးငယ်တစ်ဦးက လက်နက်ကြီးကျည်ဖောက်ဝင်ဒဏ်ရာရခဲ့ပြီး မြစ်ကြီးနားဆေးရုံကို ပို့ဆောင်ကုသနေတယ်လို့ အသင်းတာဝန်ရှိသူက ပြောပါတယ်။
လက်ရှိအချိန်အထိတော့ ဘယ်အဖွဲ့က ပစ်ခတ်ခဲ့တယ်ဆိုတာ မသိရသေးပါဘူး။
အခုလ ၄ ရက်ညပိုင်းက မိုးညှင်း-အင်းတော်ကြီး ကားလမ်းအနီးက ဘီလူးမြို့နားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကချင်လွတ်မြောက်ရေးတပ် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်က စစ်ကိုင်းတိုင်းအထက်ပိုင်းက ကောလင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက သိမ်းပိုက်ပြီးနောက် စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်အစပ်က မြို့တွေဖြစ်တဲ့ မိုးညှင်း၊ ဗန်းမောက်၊ ဝန်းသို၊ အင်းတော် စတဲ့မြို့တွေမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား စစ်ရေးတင်းမာနေပါတယ်။
ပုံစာ-လက်နက်ကြီးကျည်ထိမှန်ခဲ့တဲ့ သားအမိလေးဦး
ဓာတ်ပုံ-မေတ္တာလေညင်း လူမှုကူညီရေးအသင်း

