တန့်ဆည် – ၂၀၂၁ ဒီဇင်ဘာ ၁၄ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရပြီး ဒုရဲအုပ်တစ်ဦး အပါအဝင် သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေ ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
မနေ့ ညနေ ၆း၄၅ ခန့်က တန့်ဆည်မြို့နယ်၊ရွာသာယာရွာကနေ ပြန်လာတဲ့ အိမ်စီးကားတစ်စီးနဲ့ ဆိုင်ကယ်ငါးစီးကို မှန်ကြိုင်၊မှန်ရင်းမူးဘောင်အနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး စစ်ကောင်စီရဲနှစ်ဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရရှိကြောင်း ဒေသခံတွေက ပြောပါတယ်။
“ပေါက်ကွဲပြီးတော့ သေနတ်တွေရမ်းပစ်တာ တော်တော်ကို ဆူညံသွားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုမှာ ပြည်သူ့ရဲဘော်များအထိအခိုက်မရှိဘူးလို့ တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့-TPCက သတင်းထုတ်ပြန်ပါတယ်။
ညပိုင်း ၉:၀၀ နာရီဝန်းကျင်မှာလည်း တန့်ဆည်မြို့တွင်း အ.ထ.က ကျောင်းနားမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ချောင်းဆုံရွာက စစ်ခေါင်းဆောင်မိသားစုပိုင် မိုင်တဲတာဝါတိုင်လည်း ဖျက်ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အပါအဝင် အနီးနားက ရေဦး၊ ဒီပဲယင်းမြို့နယ်တွေမှာလည်း စစ်ကောင်စီတပ်နဲ့ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ မကြာခဏ တိုက်ပွဲဖြစ်ပွားနေပါတယ်။
#Dailynews

