ရန်ကုန် – ၂၀၂၅ မေ ၂၇ (မော်ကွန်း)
ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အားအလွန်ကောင်းလာတဲ့အတွက် နိုင်ငံတစ်ဝန်းမှာ မိုးဆက်လက်ကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
ဒီနေ့ မွန်းလွဲပိုင်းတိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်မှာဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မြောက်ဘက်ကို ဖြည်းညင်းစွာရွေ့လျားက ပိုမိုကောင်းလာပြီး ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အလွန်အားကောင်းနေတယ်လို့ ဆိုပါတယ်။
မနက်ဖြန် မနက်ပိုင်းထိ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း(အထက်)၊ ဧရာဝတီ၊ တနင်္သာရီတိုင်း၊ ကချင်၊ ကရင်၊ ချင်း၊ မွန်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မနေ့ကညပိုင်းကစပြီး ရန်ကုန်၊ ဧရာဝတီနဲ့ ပဲခူးတိုင်းတို့မှာ မိုးဆက်တိုက်ရွာသွန်းနေတယ်လို့ ၎င်းဒေသခံတချို့က ပြောပါတယ်။
ရန်ကုန်မြို့မှာဆိုရင် မနေ့ကညပိုင်းထဲက ဆက်တိုက်ရွာသွန်းတဲ့မိုးကြောင့် ငမိုးရိပ်ချောင်းနဲ့ အနီးတစ်ဝိုက်က မြောက်ဒဂုံနဲ့ အရှေ့ဒဂုံမြို့နယ်တွေက အနိမ့်ပိုင်းရပ်ကွက်တွေ ရေကြီးရေလျှံခဲ့ပါတယ်။
“တချို့ကားလမ်းတွေ ရေလျှံလို့ ကားအနိမ့်တွေဆိုရင် သွားလို့မရတော့ဘူး။ မနေ့ကတစ်ညလုံး၊ ဒီနေ့တစ်နေ့လုံးရွာနေတယ်” လို့ မြောက်ဒဂုံ ပင်လုံအိမ်ရာအနီးမှာ နေထိုင်သူတစ်ဦးကပြောပါတယ်။
လက်ရှိ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ လာမယ့်နှစ်ရက်အတွင်း ဆိုက်ကလုန်းမိုင်တိုင်း ဖြစ်လာနိုင်ချေရှိတဲ့အတွက် ကုန်းတွင်းပိုင်းကို ဝင်ရောက်လာမယ့်အခြေအနေကို စောင့်ကြည့်ဖို့ လိုအပ်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်ကလည်း ၎င်းရဲ့ လူမှုကွန်ရက်မှာ ခန့်မှန်းဖော်ပြထားပါတယ်။
ဒါ့အပြင် ၎င်းလေဖိအားနည်းရပ်ဝန်းကြောင့် မေလကုန်ပိုင်းထိ မိုးများနိုင်သေးတယ်လို့လည်း ခန့်မှန်းထားတာပါ။
လက်ရှိ ရာသီဥတုဖြစ်စဉ်ကြောင့် ရန်ကုန်၊ ပဲခူး၊ မကွေး၊ ဧရာဝတီတိုင်း၊ ကယား၊ ကရင်၊ ချင်း၊ မွန်နဲ့ ရခိုင်ပြည်နယ်တို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းနေပြီး ၎င်းမိုးတိမ်တောင်တွေ ရွေ့လျားတဲ့ နေရာတစ်လျှောက် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်တာအပါအဝင်၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေကျတာတွေ ဖြစ်ပေါ်နိုင်တယ်လို့လည်း စစ်ကောင်စီမိုးဇလက အသိပေးထားပါတယ်။
ဒါ့အပြင် မြန်မာ့ပင်လယ်ပြင်နဲ့ ကမ်းရိုးတန်းတစ်လျောက်မှာလည်း လှိုင်းကြီးနိုင်တဲ့အတွက် ကမ်းရိုးတမ်းတွေမှာ နေထိုင်သူတွေ သတိပြုဖို့လည်း အသိပေးထားပါသေးတယ်။
ဓါတ်ပုံ- မော်ကွန်း

