ရေစကြို – ၂၀၂၃ မတ် ၂၁ (မော်ကွန်း)
မကွေးတိုင်းရေစကြိုမြို့နယ် မီးလောင်ကျွန်းရွာသစ် ပြည်သူတွေဆီကနေ ငွေကြေးနဲ့ လက်ဝတ်ရတနာတွေသိမ်းယူသွားပြီး တပ်စွဲတဲ့ ဘုန်းကြီးကျောင်းမှာ ဖဲရိုက်ခဲ့ကြတယ်လို့ ဒေသခံကမော်ကွန်းကိုပြောပါတယ်။
မီးလောင်ကျွန်းရွာသစ်မှာ အာဏာသိိမ်းစစ်တပ်ဟာ မတ််၁၉ ကနေ ဒီကနေ့ထိ တပ်စွဲခဲ့ပြီး အရပ်သားနှစ်ဦးကိုသတ်ခဲ့သလို မပြေးနိုင်ဘဲပိတ်မိနေတဲ့ပြည်သူတွေဆီက လက်ဝတ်ရတနာတွေနဲ့ ငွေတွေကို သိမ်းဆည်းခဲ့တာပါ။
” ကျွန်တော်တို့ရွာကိုလာရှောင်နေတဲ့စစ်ရှောင်ပေါ့၊ သူ့ဆီကပိုက်ဆံ ၇၁ သိန်း၊ တခြားပိတ်မိနေတဲ့ပြည်သူတွေဆီက လက်စွပ်တွေနားစွဲတွေအကုန်ချွတ်သွားတယ်၊ အိမ်တွေကနေလည်းရွှေတွေငွေတွေရှာပြီးယူသွားတယ်”လို့ ဒေသခံကဆိုပါတယ်။
ပြည်သူတွေဆီကယူလာတဲ့ပိုက်ဆံတွေနဲ့ဘုန်းကြီးကျောင်းထဲမှာ အာဏာသိမ်းအကြမ်းဖက်စစ်တပ်ရဲ့စစ်သားတွေ ဖဲရိုက်ခဲ့ကြတယ်လို့ ဒေသခံကပြောပါတယ်။
“ဘုန်းကြီးကျောင်းပေါ်မှာ ဘုန်းကြီးတွေလည်းစစ်ရှောင်ရတာဆိုတော့ သူတို့ကကျောင်းပေါ်မှာ ပြည်သူတွေဆီကယူလာတဲ့ပိုက်ဆံတွေနဲ့ဖဲတွေရိုက်ကြတယ်၊ရှုံးတဲ့စစ်သားတွေတောင် ဆယ်သိန်း၊ဆယ့်ငါးသိန်းအဲလိုကြေးတွေနဲ့ရိုက်ကြတယ်”လို့ ဒေသခံကပြောပါတယ်။
ကျေးရွာအတွင်းက နေအိမ်တွေရဲ့ထရံတွေရိုက်ဖျက်ပြီး နေအိမ်အတွင်းက ရွှေငွေတွေလည်းရှာယူသွားကာ ဆေးဆရာတစ်ဦးရဲ့နေအိမ်က ဆေးပစ္စည်းတွေကိုလည်းမီးရှို့ခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အင်အား ၁၀၀ ဝန်းကျင်နဲ့ မတ်လ ၁၉ရက်က မီးလောင်ကျွန်းရွာသစ်ထဲကို သေနတ်ပစ်ခတ်ဝင်ရောက်လာခဲ့တာဖြစ်ပြီးဒီနေ့မနက် ၃း၀၀ နာရီဝန်းကျင်မှာ ပန်းညိုရွာဘက်ကို ထွက်ခွာသွားကြပါတယ်။
#Dailynews

