ရန်ကုန် – ၂၀၂၅ ဧပြီ ၉ (မော်ကွန်း)
အင်အားပြင်းငလျင်ကြောင့် အပျက်အစီးများခဲ့တဲ့ အင်းလေးဒေသမှာ ငလျင်ဒဏ်သင့်တာ ၁၂ ရက်ရှိလာပေမယ့် ဒီနေ့ထိ အကူအညီတွေမရောက်သေးတဲ့ရွာတွေ အများအပြားရှိနေသေးတယ်လို့ ဒေသခံတချို့နဲ့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတချို့က ပြောပါတယ်။
အင်းလေးဒေသငလျင်အတွက် အလှူရှင်တွေ အများအပြားလာရောက်နေပေမယ့် အင်းတောင်ပိုင်းက ကျေးရွာတချို့ဟာ လက်ရှိအချိန်ထိ အလှူရှင်တွေမရောက်သေးသလို သွားရောက်ဖို့ ခက်ခဲနေတဲ့ အခြေအနေတွေလည်းရှိတယ်လို့ အင်းလေးငလျင်ဘေးသင့်ဒေသခံတွေကို ကူညီတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ရောက်သွားတဲ့ရွာဆိုရင် အခုမှ အလှူရှင်ရောက်ဖူးတယ်။ လိုင်းပေါ်မှာ နာမည်ကြီးရွာတွေလောက်ပဲ စုသွားနေတာဖြစ်နေတယ်။ နာမည်မထွက်တဲ့ အလှူရှင်မရောက်သေးတဲ့ ရွာတွေလည်း အများကြီးရှိသေးတယ်” လို့ ၎င်းက ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်မှာရှိတဲ့ အင်းလေးကန်ဒေသမှာ ကျေးရွာ ၁၅ ရွာခန့်က အိမ်ခြေပေါင်း ၃,၀၀၀ နီးပါး ပျက်စီးခဲ့တယ်လို့ ဒေသခံပရဟိတအသင်းတချို့ရဲ့ ကောက်ယူထားတဲ့စာရင်းမှာ ဖော်ပြပါတယ်။
၎င်းပျက်စီးသွားတဲ့ နေအိမ်တွေအတွက် ပြန်လည်တည်ဆောက်ဖို့ ငွေကြေးအဓိကလိုအပ်နေပြီး သောက်သုံးရေ၊ ဆေးဝါး၊ စားသောက်ကုန်တွေလည်း အရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံ ပရဟိတသမားတစ်ဦးက ပြောပါတယ်။
“အလှူရှင်တွေတော့ တဖြည်းဖြည်းတော့ လာတော့ လာနေကြပါတယ်။ အဓိကတော့ ငွေကြေးပေါ့ သစ်ဝါးတွေ၊ အမိုးအကာတွေဝယ်ရမယ်။ အရင်လို ရှေးအိမ်ကြီးပြိုကျသွားတွေဆို ပြန်မဆောက်နိုင်ကြတော့ဘူး။ ရှိသလောက်လေးနဲ့ ပြန်ဆောက်ရမှာပေါ့” လို့ ၎င်းဒေသခံက ပြောပါတယ်။
ဒါ့အပြင် ရှမ်းတောင်ပိုင်းမှာ အိမ်အပျက်စီးတွေများတာကြောင့် သစ်၊ ဝါးအပါအဝင် ဆောက်လုပ်ရေးပစ္စည်းတွေ ဈေးနှုန်းမြင့်တက်ခဲ့ပြီး အင်းလေးဒေသခံအများစုဟာ ရေပေါ်က ကျွန်းမျောတွေပေါ်နဲ့ လှေတွေပေါ် နေထိုင်ကြရတာပါ။
“အင်းလေးမှာ တိုင်ဝါးတစ်လုံး အရင်က ရှစ်ထောင်လောက်တန်တာ အခု တစ်လုံး တစ်သောင်းကျော်သွားပြီ။ အင်းလေးကလူတွေက ကုန်းပေါ်ကလူတွေထက် ပိုခက်ခဲတယ်။ နေစရာကုန်းမြေလည်းမရှိတော့ ကျွန်းမျောတွေပေါ် တာလပတ်ခင်းပြီး နေရတာရှိတယ်။ လှေပေါ်မှာပဲ နေရတာလည်းရှိတယ်။ သက်ကြီးရွယ်အိုတွေ ကလေးတွေ အဆင်မပြေဘူး” လို့ အင်းသားဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် အင်းလေးရဲ့ ကျေးရွာအုပ်စုကြီးဖြစ်တဲ့ ကေလာကျေးရွာအုပ်စု ကျေးရွာတစ်ခုလုံးနီးပါးဖြစ်တဲ့ အိမ်ခြေ တစ်ထောင်ခန့် ပျက်စီးခဲ့ပြီး တခြာကျေးရွာတွေကလည်း အိမ်ခြေပေါင်းရာနဲ့ချီ ပျက်စီးဆုံးရှုံးခဲ့တာပါ။
ပြီးခဲ့တဲ့ ရာဂီမုန်တိုင်းဝင်ရောက်စဉ်ကာလတုန်းကလည်း အင်းလေးဒေသမှာ ရေကြီးနစ်မြုပ်မှုကြောင့် နေအိမ်အများအပြားပျက်စီးခဲ့ပြီး လက်ရှိမှာ ပြန်လည်ထူထောင်ရေးတွေ အပြီးမသတ်နိုင်သေးခင် နောက်ထပ်အဖြစ်ဆိုးထပ်မံကြုံတွေ့ရတာပါ။

ပုံစာ – ငလျင်ကြောင့် ပျက်စီးခဲ့တဲ့ အင်းလေးက ကျေးရွာတချို့ရဲ့မြင်ကွင်း
ဓါတ်ပုံ – Honey Htet

