မိတ္ထီလာ – ၂၀၂၁ အောက်တိုဘာ ၂၅ (မော်ကွန်း)
မန္တလေးတိုင်း မိတ္ထီလာမြို့မှာ တပ်မတော်ထောက်ခံပွဲပြုလုပ်ပြီးချိန် ရဲစခန်းရှေ့ရပ်ထားတဲ့ ကင်းလှည့်စစ်ကားပေါ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။
ဒီပေါက်ကွဲမှုဟာ မိတ္ထီလာစျေး အနောက်ဘက် အမှတ် (၂) ရဲစခန်းရှေ့က စစ်ကားပေါ်မှာ ဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီရဲတစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
ဒါအပြင် ရဲတပ်ရင်း (၃၅) က ရဲသုံးဦးနဲ့ စစ်သား တစ်ဦး ပြင်းထန်တဲ့ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဆိုပါတယ်။
သေနတ်နှစ်လက်နဲ့ ရဲဦးထုပ်နှစ်လုံး လမ်းပေါ် ကျနေပြီး စစ်တပ်က လမ်းပိတ်လိုက်ကာ သေနတ်ဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း၊ ဗုံးတွေလည်းဆက်တိုက်ဖောက်ခွဲခဲ့အတွက် ဆိုင်တွေလည်း အမြန်ပိတ်သိမ်းခဲ့ရကြောင်း ဒေသခံများက ပြောပါတယ်။
“အခင်းဖြစ်တဲ့နေရာတဝိုက်အကုန်ပိတ်ထားတယ်။ ဘေးလမ်းကြားတွေကအစ အကုန်ပိတ်ထားတယ်။ ထွက်လို့မရဘူး”လို့ မိတ္ထီလာဒေသခံတစ်ဦးက ပြောပါတယ်။
ဒီကနေ့မှာ တပ်မတော်ထောက်ခံပွဲတွေကို မန္တလေး၊ ပြင်ဦးလွင်၊ မတ္တရာနဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွေမှာ လူအင်အားအနည်းငယ်နဲ့ ပြုလုပ်နေကြပါတယ်။
ဓါတ်ပုံ- Supplied
#Dailynews

