ရန်ကုန်- ၂၀၂၃၊ ဩဂုတ် ၉ (မော်ကွန်း)
ရက်ဆက်မိုးရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှူဖြစ်နေတဲ့မြောက်ဦးမြို့နယ်မှာ ပြီးခဲ့တဲ့နှစ်ရက်ကစပြီး စာသင်ကျောင်းတွေပိတ်ထားရတယ်လို့ မြောက်ဦးမြို့နယ်ကြက်ခြေနီအသင်းတာဝန်ခံကပြောပါတယ်။
“မြို့ပေါ်မှာတော့ အ.ထ.က ၁ တစ်ကျောင်းပိတ်ထားရတယ်။ ရွာတွေဘက်မှာတော့ အထက်တန်းကျာင်း၊မူလတန်းကျောင်း၊ အလယ်တန်းကျောင်းတွေအားလုံးပိတ်ထားလိုက်တယ်။ အခုချိန်ထိပြန်မဖွင့်သေးဘူး။” လို့ သူကပြောပါတယ်။
ရခိုင်ပြည်နယ်မှာမိုခါမုန်တိုင်းကြောင့်ပျက်စီးသွားတဲ့စာသင်ကျောင်းတွေမှာစာသင်နေရတဲ့မြောက်ဦးမြို့နယ်ကကျောင်းသားတွေဟာ မိုခါမုန်တိုင်းဖြစ်ပြီး သုံးလနီးပါးအကြာမှာ ရေကြီးမှုထပ်မံကြုံရတာကြောင့်တစ်ကျော့ပြန်ကျောင်းတွေပြန်ပိတ်ထားရပါတယ်။
မြောက်ဦးမြို့နယ်လို့ပဲရေဘေးကြုံနေရတဲ့မင်းပြားမြို့နယ်မှာလည်း ရေကြီးမှုကြောင့်စာသင်ကျောင်းတွေပိတ်ထားရတယ်လို့ မင်းပြားမြို့နယ်ကြက်ခြေနီအသင်းတာဝန်ခံကပြောပါတယ်။
“အခုချိန်ထိပေါ့လေ ရေတွေကြီးလို့ကျောင်းတွေပိတ်ထားရတာ မင်းပြားတစ်မြို့နယ်လုံးဆို စာသင်ကျောင်း ၂၀ ဝန်းကျင်လောက်ရှိတယ်။ အခုထိပြန်မဖွင့်သေးကြဘူး။” လို့သူကပြောပါတယ်။
ရခိုင်ပြည်နယ်တစ်ခုလုံးမှာ စာသင်ကျောင်း ၁,၅၃၈ ကျောင်းဟာ မိုခါမုန်တိုင်းကြောင့်ပျက်စီးသွားခဲ့ပြီး အဲ့ထဲက ၁,၁၇၄ ကျောင်းကပြန်လည်ပြင်ဆင်ပြီးသွားပေမယ့် မြို့နဲ့အလှမ်းဝေးတဲ့ရွာတွေမှာတော့အခုချိန်ပြန်လည်တည်ဆောက်ဖို့ခက်ခဲနေတယ်လို့ ရခိုင်ပြည်နယ်စစ်ကောင်စီပြောခွင့်ရ ဦးလှသိန်းကသူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်အတွင်းရေကြီးမှုကြောင့် မြောက်ဦးမြို့နယ်အပါအဝင် မင်းပြား၊ ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တော၊ တောင်ကုတ်မြို့နယ်တွေက လူဦးရေတစ်သောင်းကျော်ရေဘေးသင့်နေပြီး အရေးပေါ်စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေလိုအပ်နေတယ်လို့ဒေသအခြေစိုက်သတင်းဌာနတွေကရေးသားဖော်ပြထားပါတယ်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စ်ိုးရိမ်မြစ်ရေအမှတ်ကျော်လွန်နေတယ်လို့ထုတ်ပြန်ထားတဲ့ ကုလားတန်မြစ်နဲ့လေးမြို့မြစ်ကြားမှာရှိနေတဲ့ မြောက်ဦးမြို့နယ်မှာ ရေဘေးသင့်ဒေသခံ လေးထောင်ကျော်ကိုဘေးလွတ်ရာပြောင်းရွှေ့ထားရတယ်လို့မြောက်ဦးမြို့နယ်ကြက်ခြေနီအသင်းထံမှသိရပါတယ်။
မိုးဇလရဲ့ဒီနေ့ထုတ်ပြန်ချက်အရမြောက်ဦးမြို့နယ်ကိုဖြတ်သန်းစီးဆင်းတဲ့လေးမြို့မြစ်ဟာ လာမယ့် ၂၄ နာရီအတွင်းမှာ စိုးရိမ်ရေအမှတ်ကျော်လွန်ပြီး ထပ်တက်ဖို့ရှိတယ်လို့ထုတ်ပြန်ထားပါတယ်။
ပုံစာ- မြောက်ဦးမြို့နယ်၊ ဥက္ကံကျေးရွာကမိုခါမုန်တိုင်းကြောင့်ပျက်စီးသွားတဲ့စာသင်ကျောင်းမြင်ကွင်း
Photo – Ko Zaw
#Dailynews

