ကော်သူးလေ – ၂၀၂၅ ဧပြီ (မော်ကွန်း)
၁၉၉၇၊ ထိုင်း-မြန်မာနယ်စပ် ကော်သူးလေဒေသတွေမှာ တိုက်ပွဲတွေပြင်းထန်နေချိန်။
မိုင်ရာချီခရီးကို ခြေလျင်ဖြတ်လျှောက်လာခဲ့ရလို့ ပင်ပန်းနွမ်းနယ်နေတဲ့လူအုပ်စုတစ်စုဟာ ထိုင်းနိုင်ငံထဲက ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂,၅၀၀ လောက်မြင့်တဲ့ တောအုပ်တစ်နေရာမှာ ဟိုတစ်စုဒီတစ်စု တဲငယ်တွေထိုးနေကြတယ်။
ဒီနေရာကို နို့ဖိုးရွာလို့ခေါ်ကြပြီး ချုံနွယ်မြက်ရိုင်းတွေနဲ့ပြည့်နေတဲ့ တောအုပ်တစ်ခုသာဖြစ်ပါတယ်။ ခပ်နွမ်းနွမ်းအဝတ်အစားတွေဝတ်ဆင်ထားကြတဲ့ ဒီလူအုပ်စုမှာ အားလုံးနီးပါးဟာ ကရင်လူမျိုးတွေပါ။
သစ်၊ ဝါးတွေ ခုတ်သူခုတ်၊ အနီးအနားကအသီးအရွက်တွေ ခူးသူခူး၊ ပါလာတဲ့ ရိက္ခာတွေကို ချက်သူချက်နဲ့ မီးခိုးတွေက တလူလူထွက်နေတယ်။
သိပ်မကြာခင်မှာပဲ သူတို့လို နောက်ထပ်မိသားစုတစ်စုရောက်ချလာပြီး လောလောဆယ်နေရမယ့် ကွက်လပ် တစ်ခုကို လိုက်ရှာနေသူတွေကတော့ စောဒေးဖိုး(လုံခြုံရေးအရအမည်လွှဲ)တို့ မိသားစု။
ထိုင်းအာဏာပိုင်တွေကတော့ ဒီတောချုံတွေမှာပဲ တခြားသူတွေလို ကိုယ့်နည်းကိုယ့်ဟန်နဲ့ အဆင်ပြေသလို သူတို့ကိုလည်း နေခိုင်းတယ်။
စောဒေးဖိုးတို့ဟာ နို့ဖိုးရွာနဲ့ မိုင် ၁၅၀ ကျော်ဝေးတဲ့ လှိုင်းဘွဲ့မြို့ကနေ တိုက်ပွဲတွေကြောင့်ပြေးလာလိုက်တာ လမ်းမှာ တစ်လလောက်ကြာတဲ့အပြင် အကြီးဆုံးသားတောင် နေမကောင်းဖြစ်ပြီး ဆုံးပါးသွားခဲ့ရတဲ့အထိပါပဲ။
“ဒီနေရာမှာ ကျွန်တော်တို့ အရင်ဆုံးရောက်ခဲ့တာပေ့ါ။ ခုတော့ နှစ် ၃၀ လောက်ကြာခဲ့ပြီ”လို့ စောဒေးဖိုးကပြောတယ်။

နို့ဖိုးဒုက္ခသည်စခန်းတွင်း နံနက်ခင်း မြင်ကွင်း (ဓါတ်ပုံ – မော်ကွန်း)
အခုတော့ မိုင်ထောင်နဲ့ချီကာဝေးကွာတဲ့ အမေရိကန်နိုင်ငံက ပုံမှန်ရွေးကောက်ပွဲတစ်ခုဟာ အသက် ၆၀ အရွယ်ရှိလာတဲ့ စောဒေးဖိုးတို့အပါအဝင် အဲဒီ့စခန်းမှာ နှစ်ပေါင်းများစွာအခြေချခိုလှုံနေတဲ့ မြန်မာဒုက္ခသည်တွေကို ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်စေလိမ့်မယ်လို့ စောဒေးဖိုးထင်မထားခဲ့မိပါဘူး။
အမေရိကန်ရွေးကောက်ပွဲအပြီး အသစ်တက်လာတဲ့ သမ္မတဒေါ်နယ်ထရမ့်ရဲ့ ပွဲဦးထွက်အမိန့်ကတော့ အမေရိကန်တိုက်ရိုက်ထောက်ပံ့မှုတွေထဲက ဒုက္ခသည်လက်ခံရေးမူဝါဒနဲ့ ဒုက္ခသည်စခန်းတွေက ကျန်းမာရေး ကူညီထောက်ပံ့မှုတွေကို ရပ်ဆိုင်းပစ်လိုက်တာပါ။
ပြင်းထန်တဲ့ ထရမ့်ရဲ့အမိန့်
သမ္မတဒေါ်နယ်ထရမ့် တက်လာပြီးပြီးချင်း ဒုက္ခသည်လက်ခံမှုကိုရပ်ဆိုင်းထားဖို့နဲ့ အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) က ဒုက္ခသည်စခန်းတွေကို ပေးနေတဲ့ ကျန်းမာရေးရန်ပုံငွေအပါအဝင် ထောက်ပံ့ရေး တွေကို သုံးလဆိုင်းငံ့ဖို့ အမိန့်ထုတ်လိုက်ပါတယ်။
အခုတော့ အဲဒီသုံးသပ်ကာလကျော်လွန်တဲ့အခါ ဘယ်လိုအခြေအနေတွေဖြစ်လာမလဲဆိုတဲ့ အပေါ်မှာ ဒုက္ခသည် တွေဟာ ရင်တမမနဲ့ စောင့်စားနေကြရပါပြီ။
ထရမ့်သမ္မတအဖြစ် ကျမ်းသစ္စာမကျိန်ဆိုမီရက်ပိုင်းထိ နို့ဖိုးဒုက္ခသည်တွေထဲမှာ စီနီယာအလိုက် အမေရိကန်ပြည်ထောင်စုကိုပြောင်းရွှေ့ဖို့ လုပ်ဆောင်နေကြသလို တချို့ဆိုသွားဖို့ သေချာသလောက်ဖြစ်ပြီမို့ ရှိတဲ့ပစ္စည်းတွေကိုတောင် ရောင်းချထားလိုက်ကြပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက တစ်မိသားစုလုံး ဒီစခန်းကနေ တတိယနိုင်ငံကို အကုန်လုံးရောက်သွားပြီး တစ်ဦး တည်းကျန်ခဲ့တဲ့ အသက် ၃၀ အရွယ် မမိုးမိုး(လုံခြုံရေးအရအမည်လွှဲ)ကတော့ ရောက်နှင့်နေတဲ့ သူ့အမေ မကွယ်လွန်ခင် ရောက်ချင်သေးတယ်လို့ဆိုပါတယ်။
ဒုက္ခသည်တွေကိုခေါ်ယူချိန်မှာ ဦးစားပေးစာရင်းအရ ခေါ်ယူတာရှိသလို မိသားစုထဲမှာ နောက်တိုးစာရင်းရှိရင် အတူထွက်ခွာခွင့်မရကြတာမျိုးလည်းရှိပါတယ်။ မမိုးမိုးကတော့ စာရင်းပေးချိန် အနည်းငယ်နောက်ကျလို့ ကျန်နေခဲ့ရတာဖြစ်ပြီး အခုနှစ်ပိုင်းခေါ်ယူတဲ့ ဒုက္ခသည်တွေဟာ သူတို့လို အနည်းဆုံး လွန်ခဲ့တဲ့ ၁၅ နှစ်က စာရင်းဝင်ထားသူတွေဖြစ်တယ်လို့ သူကဆိုတယ်။
ခုလိုမရေမရာဖြစ်သွားတဲ့အခြေအနေကိုတော့ ကျန်းမာရေးမကောင်းတဲ့သူ့အမေမသိအောင် ဖုံးဖိထားရတယ် လို့ဆိုပါတယ်။
လာမယ့်နှစ် ဇန်နဝါရီမှာ အမေရိကကိုထွက်ရဖို့ သေချာသလောက်ဖြစ်နေပြီမို့ ၁၇ နှစ်လုံး ဒီစခန်းမှာ လုပ်ကိုင်စားသောက်ခဲ့တဲ့ မွေးမြူရေးလုပ်ငန်းကို ဆက်မလုပ်တော့ဘဲ သူဟာ ရပ်ပစ်ခဲ့ပါတယ်။
သူ့လိုပဲ အလုပ်ရပ်နားလိုက်သူတွေ၊ လျှော့ချလိုက်သူတွေ၊ အိမ်မပြင်တော့ဘဲ နေလိုက်ကြသူတွေဟာ မကြာခင် တတိယနိုင်ငံကို သွားရတော့မယ်အထင်နဲ့ ပျော်ရွှင်ခဲ့ကြတာလို့ဆိုပါတယ်။
ခုများတော့ “ဆာလောင်နေတဲ့အချိန် စားမယ့်ထမင်းလုတ်ကလေး အောက်ကိုပြုတ်ကျသွားသလို ခံစားရတယ်”လို့ မမိုးမိုးကပြောတယ်။
ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းများ
၁၉၉၇ ဝန်းကျင်ဟာ မြန်မာစစ်တပ်နဲ့ ကေအဲန်ယူတပ်ဖွဲ့တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေချိန်ဖြစ်ပြီး ကေအဲန်ယူစစ်သားဟောင်းတွေရဲ့ ပြောပြချက်အရ အဲဒီကာလဟာ စစ်အာဏာရှင်နဲ့ လူမျိုးစုလက်နက်ကိုင် အဖွဲ့တွေအားလုံးနီးပါး အပစ်ရပ်၊ ငြိမ်းချမ်းရေးယူထားချိန်ဖြစ်လို့ ကော်သူးလေဟာ ဖိနှိပ်မှုအခံရဆုံးအချိန်ဖြစ် ပါတယ်။
အဲဒီအချိန်က လူသူမနေ တိတ်ဆိတ်ခြောက်ကပ်တဲ့ ဒီတောအုပ်မှာ စောဒေးဖိုးတို့အပါအဝင် စစ်ဘေးရှောင်လာတဲ့ ဒုက္ခသည် ၁၀၀ ဝန်းကျင်လောက်ပဲရှိပါတယ်။
“အားလုံးက စစ်ကြောင့်ပြေးလာတဲ့သူတွေချည်းပဲ”လို့ စောဒေးဖိုးကပြောတယ်။
နို့ဖိုးဒုက္ခသည်စခန်းဆိုတာ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ အုန်းဖြန်မြို့နယ်ထဲမှာရှိပြီး ကေအဲန်ယူ တပ်မဟာ-၆ ကျိုက်ဒုံမြို့နယ်၊ ပိုင်ခလိုင်နယ်စပ်နဲ့ အနီးဆုံးဖြစ်ပါတယ်။
မဲဆောက်မြို့နဲ့ မိုင် ၁၄၀ လောက်ဝေးပြီး နို့ဖိုးဒုက္ခသည်စခန်းကနေ မဲဆောက်ကို ကားနဲ့သွားမယ်ဆိုရင် နေ့တစ်ဝက်ကျော်ကြာမြင့်ပါတယ်။

နို့ဖိုးဒုက္ခသည်စခန်း လူနေရပ်ကွက်တစ်နေရာ (ဓါတ်ပုံ – မော်ကွန်း)
အခုဆိုရင် နို့ဖိုးဒုက္ခသည်စခန်းမှာ ဒုက္ခသည်ပေါင်း ၈,၀၀၀ ဝန်းကျင်လောက်ဟာ လူသားချင်းစာနာထောက် ထားတဲ့အနေနဲ့ ခိုလှုံခွင့်ပေးမယ့် တတိယနိုင်ငံတွေဆီသွားရောက်ဖို့ တန်းစီစောင့်ဆိုင်းနေကြပါတယ်။
မြန်မာနိုင်ငံကဒုက္ခသည်တွေကို လက်ခံကြတဲ့နိုင်ငံတွေထဲမှာ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ နော်ဝေ၊ ဂျာမနီ၊ နယ်သာလန်၊ ဆွီဒင်၊ ဩစတြေးလျ၊ နယူးဇီလန်နဲ့ ဗြိတိန်နိုင်ငံတို့ ပါဝင်ပါတယ်။
ဒီနိုင်ငံတွေကို တတိယနိုင်ငံလို့ခေါ်ဆိုကာ အဲဒီနိုင်ငံတွေဆီမရောက်ခင် နေထိုင်ရတဲ့ ဒုက္ခသည်စခန်းရှိရာနိုင်ငံကို ဒုတိယနိုင်ငံလို့ ခေါ်ကြပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာ ဒုက္ခသည်စခန်းပေါင်း ကိုးခုရှိပါတယ်။ ထမ်းဟင်၊ တုံယမ်း၊ နို့ဖိုး၊ အုန်းဖြန်၊ မယ်လ၊ မယ်ရာမို၊ မယ်လအူးတို့က ကရင်ဒုက္ခသည်စခန်းတွေနဲ့ မယ်ဟောင်ဆောင်နဲ့ မယ်စရီယန်တို့မှာရှိတဲ့ ကရင်နီဒုက္ခသည်စခန်းတွေပါ။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)ရဲ့ ၂၀၂၃ အစီရင်ခံစာအရ ဒီစခန်းကိုးခုမှာ ဒုက္ခသည်ပေါင်း ၉၁,၀၀၀ နီးပါးရှိခဲ့ပြီး ၂၀၂၄ မှာတော့ ၈၁,၀၀၀ ကျော်လောက်ပဲ ကျန်တော့တာတွေ့ရကာ တစ်နှစ်အတွင်း ၁၀,၀၀၀ ဝန်းကျင်လောက်လျော့ကျသွားပါတယ်။
ဒီစာရင်းဟာ စခန်းမှာစာရင်းဝင်ထားသူတွေသာဖြစ်ပြီး နောက်တိုးမိသားစုဝင်တွေ၊ နွေဦးတော်လှန်ရေးမှာ ရောက်လာသူလူသစ်တွေပါရင် ပိုများမယ်လို့ စခန်းအုပ်ချုပ်သူတွေက ဆိုပါတယ်။
ဒီစခန်းတွေမှာ အရေးပေါ်ထောက်ပံ့ကူညီမှု၊ ဒုက္ခသည်အချက်အလက်၊ မှတ်ပုံတင်အပိုင်းတွေကို ဆောင်ရွက် နေတဲ့ UNHCR၊ ကျန်းမာရေးနဲ့ ရေရရှိရေးအပိုင်းကို အဓိကလုပ်ဆောင်နေတဲ့ အမေရိကန် (USAID) အောက်က နိုင်ငံတကာကူညီကယ်ဆယ်ရေးကော်မတီ (International Rescue Committee – IRC)၊ တတိယနိုင်ငံမှာ နေရာချထားရေး၊ ရွှေ့ပြောင်းလာသူတွေကို အထောက်အပံ့တွေပေးနေတဲ့ IOM (International Organization of Migration) အဖွဲ့တွေရှိပါတယ်။
ကရင်ဒုက္ခသည်ကော်မတီ(Karen Refugee Committee – KRC)ဟာလည်း ဒုက္ခသည်စခန်းတွေရဲ့ စားနပ်ရိက္ခာ၊ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေးစတဲ့ကိစ္စတွေမှာ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့အတူ စီမံခန့်ခွဲအပိုင်းကို လုပ်ကိုင်နေတာပါ။
နောက်ထပ်အရေးပါတဲ့ The Border Consortium – TBC ဆိုတဲ့ အဖွဲ့အစည်းကတော့ စားနပ်ရိက္ခာ ထောက်ပံ့ရေး ဆောင်ရွက်နေပါတယ်။
ဒုက္ခသည်တွေဟာ ဒီစခန်းတွေမှာ နေသမျှကာလပတ်လုံး တခြားနေရာကို သွားလာခွင့်မရကြပါဘူး။ စခန်းအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးရဲ့အဆိုအရ ဒုက္ခသည်တွေဟာ အနီးအနားက အုန်းဖြန်မြို့လောက်ကလွဲရင် ဘယ်မှမရောက်ဖူးကြပါဘူး။
မွေးလာတဲ့ကလေးတွေဟာ ဒီစခန်းမှာကျောင်းတက်၊ အပြင်မထွက်ရတော့ ဒေသန္တရဗဟုသုတတွေ အားနည်း၊ နောက်ဆုံး စခန်းထဲကလူနဲ့ပဲ အရွယ်မတိုင်ခင် အိမ်ထောင်ကျတာများတယ်လို့ စခန်းနေထိုင်သူတွေက ဆိုကြတယ်။
နို့ဖိုးနဲ့သိပ်မဝေးတဲ့ အုန်းဖြန်မြို့ဆီ တခါတလေဆေးကုရင်း ဒါမှမဟုတ် နှစ်သစ်ကူးပွဲတွေ သွားလာခွင့်ရတဲ့အခါ 7/11 လို မီနီမတ်၊ ဈေးဆိုင်တွေက မုန့်တွေကို ဝယ်စားရတာကို ပျော်နေကြတာလို့ စခန်းအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
“ဒါ သူတို့အတွက် မြင်ဖူးသမျှ အကောင်းဆုံးအခွင့်အရေးပဲ။ မဲဆောက်တောင် မရောက်ဖူးကြဘူး”လို့ သူကပြော ပါတယ်။
ဒုက္ခသည်စခန်းက ကျန်းမာရေးပြဿနာ
သမ္မတထရမ့် ရပ်ဆိုင်းလိုက်တဲ့အထဲမှာ ဒုက္ခသည်စခန်းတွေမှာပေးနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း ပါပါတယ်။
လူဦးရေထောင်နဲ့ချီတဲ့ ဒီလိုစခန်းတွေမှာ နေ့စဉ်ကျန်းမာရေးကိစ္စအဝဝကို နိုင်ငံတကာကထောက်ပံ့တဲ့ ရန်ပုံငွေနဲ့ ဖြေရှင်းပြီး ဆေးကုသနေရသလို ကြီးမားတဲ့ကျန်းမာရေးကိစ္စတွေဆိုရင် အုန်းဖြန်မှာရှိတဲ့ ဆေးရုံကိုလွှဲပြီး ကုသကြရတာပါ။
“ပြီးတဲ့နှစ်ကဆို ဝမ်းလျှောတယ်၊ ကလေးတွေချောင်း ဆိုးတယ်၊ လည်ချောင်းနာတာတွေ အဲ့ရောဂါတွေ တော်တော်များများဖြစ်တယ်။ တချို့ဆိုရင် လေထိတာလည်းရှိ တယ်။ သွေးချို၊ ဆီးချို ပြီးတော့ သွေးတိုးတွေပေါ့နော်။ အဲ့လူတွေကျတော့ တော်တော်အခက်ခဲရှိတယ်”လို့ စောဒေးဖိုးက ပြောပြတယ်။
အခုလို ဖြတ်တောက်လိုက်တဲ့အခါမှာတော့ စိတ်မကောင်းဖြစ်ရုံကလွဲလို့ ရင်ဆိုင်ဖြတ်သန်းရမှာပဲလို့ သူကဆို တယ်။

နို့ဖိုးဒုက္ခသည်စခန်း US FUND ဂိုထောင်နှင့် Shelter (ဓါတ်ပုံ – မော်ကွန်း)
လက်ရှိမှာ ထိုင်းကျန်းမာရေးဌာနက ဒုက္ခသည်စခန်းတွေအတွက် ဆေးကုသမှုတွေပေးနိုင်ဖို့ စီစဉ်နေတယ်လို့ စခန်းအုပ်ချုပ်သူတွေက ဆိုပါတယ်။
ဒုက္ခသည်စခန်းကလူတွေကတော့ လတ်တလောဆိုင်းငံ့ကာလမှာ ထိုင်းအစိုးရအနေနဲ့ အခုလို ကျန်းမာရေး အစောင့်အရှောက်ပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၀ ရက်မှာတော့ ထရမ့် သုံးလဆိုင်းငံ့ထားတဲ့ ကျန်းမာရေးကူညီစောင့်ရှောက်မှုတွေ ဒီဒုက္ခသည်စခန်း တွေမှာ ယာယီပြန်လည်ဝင်ရောက်လာကာ လည်ပတ်နေပြီလို့ နို့ဖိုးဒုက္ခသည်စခန်း အုပ်ချုပ်သူတစ်ဦးက ပြောပါတယ်။
“ယာယီပါပဲ၊ ဆိုင်းငံ့သုံးလကျော်ရင် သူတို့ဆုံးဖြတ်တဲ့အတိုင်းပါပဲ၊ အခုက ယာယီပြန်ပေးတာပေါ့”လို့ သူကပြော ပါတယ်။
ဒုက္ခတွေ ဝေနေတဲ့စခန်း
လူဦးရေထောင်ချီတဲ့ ဒီဒုက္ခသည်စခန်းမှာ ရပ်ကွက်ပေါင်း ၁၇ ခုရှိပြီး လူနေအိမ်တွေဟာလည်း ကျပ်သိပ်နေ ပါတယ်။ ထိုင်းအစိုးရက လျှပ်စစ်မီးမပေးတာကြောင့် ရေအားလျှပ်စစ်နဲ့ ဆိုလာတွေကို တစ်နိုင်တစ်ပိုင်အသုံးပြု ကြပါတယ်။
စခန်းတွင်း လမ်းတွေကလည်း ကျဉ်းမြောင်းပြီး ကျောက်ခဲတုံးတွေနဲ့ လမ်းကြမ်းပါတယ်။
တဲအိမ်တွေကပ်နေတာကြောင့် နွေရာသီမှာ မီးလောင်လွယ်ပြီး ကြီးကြီးမားမား မီးလောင်ခဲ့ဖူးတာတွေ ရှိသလို မိုးတွင်းမှာလည်း ရပ်ကွက်တချို့ဆို ပုတ်အဲ့နံစော်နေတဲ့ ရွှံ့နွံဗွက်တွေနဲ့ နေထိုင်ရပါတယ်။
အိမ်တိုင်းနီးပါးဟာ ထရံကာ၊ ဖက်/သွပ်မိုး တဲသာသာတွေဖြစ်ပြီး ဈေးရောင်းတာ၊ ပြောင်းဖူးချိုးတာ၊ ပီလောပီနံ အငှားစိုက်တာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်တာ တွေ့ရပါတယ်။
ဒုက္ခသည်တွေဟာ အလုပ်အကိုင်အတိအကျမရှိသလို စခန်းတွင်းမှာ လုပ်ကိုင်လို့ရတာလောက်ကလွဲရင် ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်လုပ်ကိုင်ခွင့်မရှိပါဘူး။
စာရင်းဝင်ထားတဲ့ ဒုက္ခသည်တွေကို TBC က စားနပ်ရိက္ခာနဲ့လိုအပ်ချက်တွေအတွက် တစ်လကို တစ်ဦး ထိုင်းဘတ် ၄၀၀ ကျော်ထောက်ပံ့ပါတယ်။
အဲဒီပမာဏဟာ ငွေသားရတာမဟုတ်ဘဲ TBC က အသိအမှတ်ပြုထားတဲ့ စခန်းတွင်းက ဆိုင်တွေမှာ ကတ်နဲ့ ထုတ်ယူရတာဖြစ်ပါတယ်။
“Food Card လို့လည်းခေါ်တယ်။ မီးသွေးမပါရင် သူတို့သတ်မှတ်ထားတာက အမေရိကန် ၈ ဒေါ်လာနဲ့ညီမျှတဲ့ ဘတ် ၂၉၀ ဝန်းကျင်ပေ့ါ။ မီးသွေးပါရင်တော့ ၄၀၀ ကျော်မယ်”လို့ စခန်းအုပ်ချုပ် ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
ကြုံရာကျပန်းအလုပ်တွေသာ လုပ်ကိုင်ခွင့်ရကြတာမို့ တစ်ရက် သူတို့ဝင်ငွေဟာ ပျမ်းမျှ ထိုင်းဘတ် ၁၅၀ ကနေ ၂၀၀ ကြားရှိနိုင်တယ်လို့ သူကပြောပါတယ်။
ပညာရေးအပိုင်းမှာတော့ ဒုက္ခသည်စခန်းက ကျောင်းကိုတက်ရပေမယ့် မြန်မာနဲ့ထိုင်းဘက်မှာပါ တရားမဝင်လို့ ဘယ်ကောလိပ်၊ တက္ကသိုလ်မှ ဆက်တက်လို့မရပါဘူး။
ဒါကြောင့် တတိယနိုင်ငံကို ပိုပြီးမျှော်လင့်လာကြတာဟာ သူတို့ကလေးတွေရဲ့ ပညာရေး၊ ဘဝရှေ့ရေးတွေ ကြောင့်လို့ ဒုက္ခသည်တွေကပြောပါတယ်။
“အစိုးရတွေက အသိအမှတ်မပြုသလို ထိုင်းကလည်း အသိအမှတ်မပြုကြတော့ ကိုယ်သားသမီး ကလေးတွေ စာတတ်ဖို့ အဓိကကျတယ်လို့ ကျွန်တော်ယူဆတယ်။ ခုလောလောဆယ်တောင်မှ နိုင်ငံမဲ့လိုမျိုးဖြစ်နေပြီ”လို့ စောဒေးဖိုးက ပြောတယ်။
စောဒေးဖိုးလိုပဲ သားသမီးပညာရေးကြောင့် တတိယနိုင်ငံကိုထွက်ဖို့ ရောက်လာသူနောက်တစ်ဦးကတော့ အသက် ၃၆ နှစ်ဝန်းကျင်အရွယ် ကိုမင်းမင်း(လုံခြုံရေးအရမည်လွှဲ)ပါ။
ရန်ကုန်မြို့မှာ ၁၀နှစ်ကျော် အိုင်တီပညာရှင်တစ်ယောက်အဖြစ် အသက်မွေးခဲ့တဲ့ ကိုမင်းမင်းဟာ ခုတော့ ဒီစခန်းမှာ ဖုန်းပြင်လိုက်၊ လျှပ်စစ်ပစ္စည်းတွေပြင်လိုက်၊ ကလေးတွေကို ကွန်ပျုတာသင်ပေးလိုက်နဲ့ ဖြစ်သလို မိသားစုနဲ့နေထိုင်ပါတယ်။
နွေဦးတော်လှန်ရေးမှာ မိတ်ဆွေဖြစ်သူ အဖမ်းခံရလို့ မိသားစုနဲ့အတူ ဒုက္ခသည်စခန်းဆီ ပြေးခဲ့ရပြီး အသက် ခုနစ်နှစ်ဝန်းကျင် သမီးလေးတစ်ဦးလည်းပါလာခဲ့ပါတယ်။

နို့ဖိုးဒုက္ခသည်စခန်းရုံးရှေ့ နေရာ (ဓါတ်ပုံ – မော်ကွန်း)
အမြစ်တွယ်နေတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာ
ဘယ်နေ့များ တတိယနိုင်ငံဆီရောက်မလဲဆိုတဲ့ နှစ်ရှည်လများ မြိုသိပ်ထားမှုတွေအပြင် စီးပွားရေး မပြေလည်ကြ သူတွေ စုနေကြတဲ့ ဒီရပ်ကွက်တွေကို အုပ်ချုပ်ရတာ ပေါက်ကွဲခါနီးဗုံးနဲ့ တူကြောင်း စခန်းအုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦးက ပြောပြတယ်။
ဒုက္ခသည်စခန်းမှာ စခန်းကော်မတီဥက္ကဋ္ဌနဲ့အဖွဲ့ဝင်တွေကို မဲစနစ်နဲ့ရွေးချယ်ကြပြီး ထိုင်းအစိုးရက ခန့်ထားတဲ့ အုပ်ချုပ်ရေးအဖွဲ့အောက်မှာ ရွေးချယ်ခံစခန်းကော်မတီအဖွဲ့က အုပ်ချုပ်ရတာပါ။
စီးပွားရေးအဆင်မပြေတာ၊ လူမှုရေးပြဿနာတွေ၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးကအစ ခက်ခဲတဲ့ နေရာမှာ အမှုအခင်းတွေ ပေါင်းစုံ ကိုင်တွယ်ရတယ်လို့ စခန်းအုပ်ချုပ်ရေးအဖွဲ့ဝင်က ဆိုပါတယ်။
လူသစ် ကိုမင်းမင်းကတော့ သူဒီစခန်းကိုရောက်လာတဲ့ တစ်နှစ်လောက်အတွင်း အမေရိကန်ရွေးကောက်ပွဲ မတိုင်ခင်ထိ လူတွေဟာ ပျော်ရွှင်နေကြတာကို တွေ့ခဲ့ရတယ်လို့ပြောပြတယ်။
စခန်းတွင်းမှာပြုလုပ်တဲ့ ပွဲလမ်းသဘင်တွေမှာကအစ ပျော်ရွှင်နေခဲ့ကြပုံဟာ အဲဒီအချိန် သူတို့ရဲ့ မျှော်လင့်ချက် တွေ ရောင်နီသမ်းနေတာလို့ သူကဆိုတယ်။
ဒါပေမဲ့ ထရမ့်က အမိန့်ထုတ်လိုက်ချိန်မှာတော့ ချက်ချင်းပြောင်းလဲသွားတဲ့ ဒုက္ခသည်တွေရဲ့ ပြင်းထန်တဲ့ခံစားချက် တွေကို မြင်နေရတာ သူပါ စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။
“တချို့ကျတော့လည်း ပြောင်းလဲမှုဒဏ်ကိုမခံနိုင်ကြဘူး။ တချို့ဆိုစိတ်ဖောက်သွားနိုင်တယ်။ အဲလို မျိုးတွေတောင် ကျွန်တော်တို့တွေ့ရတယ်။ အရမ်းခံစားချက်တွေဖြစ်နေကြတဲ့ မိသားစုတွေကြည့်ပြီး တော့ တကယ်စိတ်မကောင်း ဖြစ်မိတယ်”လို့ ကိုမင်းမင်းကပြောပြတယ်။
တတိယနိုင်ငံရောက်ဖို့ ဆယ်စုနှစ်နဲ့ချီအောင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရတာတွေကြောင့် စိတ်ကျန်းမာရေး ကိစ္စတွေဟာ တဖြည်းဖြည်းအမြစ်ပွားလာတာလို့ သူကဆိုတယ်။
ပြန်လမ်းမရှိတဲ့ ဒုက္ခသည်တွေရဲ့ မျှော်လင့်ချက်
ပြည်တွင်းစစ်ကြောင့်ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်တွေဟာ တကယ်လို့သာ အမေရိကန်က လက်မခံတော့ရင် ခုထိစစ်ပွဲတွေ ပြန်ဖြစ်နေတဲ့ သူတို့ဒေသတွေဆီ ပြန်သွားဖို့လည်းမဖြစ်နိုင်ပါဘူး။
ဒီဒုက္ခသည်စခန်းမှာပဲနေထိုင်ရမလား၊ အမေရိကမဟုတ်တဲ့ တခြားတတိယနိုင်ငံတွေကိုပဲ သွားရမလားဆိုတာ လည်း ခုချိန်ထိ သူတို့မစဉ်းစားတတ်ကြသေးပါဘူး။
ဘယ်လိုဆက်ဖြစ်မယ်ဆိုတာ မှန်းဆမရတဲ့အခြေအနေမှာ ဒုက္ခသည်တွေရဲ့ စိတ်အခြေအနေဟာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်နှစ်သိမ့်နေရတယ်လို့ စောဒေးဖိုးကပြောပါတယ်။
“ရက် ၉၀ (ဆိုင်းငံ့ကာလ)ပြီးရင် တစ်မျိုးတစ်ထွေများ ပြောင်းလဲလာမလား၊ မျှော်လင့်ချက်တွေတော့ ရှိတယ်လေ။ ကျွန်တော်တို့မှာလည်းရှိတယ်။ ဒါပေမဲ့လည်းဆုတောင်းရတာပေါ့” လို့ သူကပြောပါတယ်။
မမိုးမိုးကတော့ ဒီဆိုင်းငံ့ကာလကျော်လွန်တဲ့အခါ ဒုက္ခသည်တွေကို အမေရိကန်အစိုးရက အရေအတွက် လျှော့ချပြီးခေါ်ယူခဲ့ရင် အလျှော့ခံရတဲ့အထဲမှာ သူပါသွားမလားဆိုတာစိုးရိမ်ပါတယ်။
သူကိုယ်တိုင်ဘာလုပ်ရမှန်းမသိသလို တခြားသူတွေလည်း တမှိုင်မှိုင်ဖြစ်နေကြတယ်လို့ဆိုတယ်။
နောက်ထပ် သူစိုးရိမ်တာကတော့ ဆိုင်းငံ့ကာလကျော်လို့ သိပ်မထူးခြားရင် ဒီစခန်းထဲမှာ အချင်းချင်း စိတ်လိုက်မာန်ပါပြုမှုတွေ၊ သေကြောင်းကြံစည်မှုတွေ၊ ခိုက်ရန် ဖြစ်ပွားမှုတွေဖြစ်လာနိုင်တာကိုပါ။
စခန်းအုပ်ချုပ်သူတွေကတော့ စီးပွားရေး၊ လူမှုရေးမပြေလည်မှုတွေကြားမှာဖြစ်လာတဲ့ အမှုအခင်းတွေမှာ စခန်းတွင်း ညှိနှိုင်းအရေးယူရတာတွေရှိပေမယ့် ခိုးမှု၊ လူသတ်မှု၊ ခိုက်ရန်ဖြစ်ပွားပြီး လက်လွန်မှုတွေလို ရာဇဝတ်မှုတွေရှိလာရင်တော့ ထိုင်းဥပဒေအရပဲ ဆောင်ရွက်တယ်လို့ဆိုပါတယ်။
စောဒေးဖိုးကတော့ ဆယ်စုနှစ်သုံးစုလောက် စောင့်ဆိုင်းနေရသူတွေရှိတဲ့အတွက် မသေခင် ဒီလိုပိတ်လှောင်နေတဲ့ နေရာကလွတ်မြောက်ဖို့ လူသားချင်းစာနာမှုနဲ့ ကြည့်ရှုပေးစေချင်ကြောင်း သမ္မတထရမ့်ကို ပြောချင် တယ်လို့ဆိုပါတယ်။
သူတို့ကိုသာ ခေါ်ယူမယ်ဆိုရင် သူတို့လည်း အမေရိကန်နိုင်ငံကောင်းကျိုးအတွက် ဝိုင်းဝန်းပြီး လုပ်ကိုင် ပေးဖို့စိတ်ကူးရှိတယ်လို့ဆိုပါတယ်။
“ရောက်တဲ့နေရာမှာ ကောင်းအောင်နေသွားမယ်ကြိုးစားပြီးလုပ်သွားမယ့်သဘောပါပဲ။ အခုက ကျွန်တော်တို့တွေ နိုင်ငံမဲ့တွေဖြစ်နေတယ်”လို့ စောဒေးဖိုးကဆိုပါတယ်။

