လူနဲ့ဆင် ပဋိပက္ခ ဘယ်လို အဆုံးသတ်မလဲ

လူနဲ့ဆင် ပဋိပက္ခ ဘယ်လို အဆုံးသတ်မလဲ

ကောက်ညှင်းထုပ်ထုပ်ရာမှာ အသုံးပြုတဲ့ စလူ ဖက်ခူးဖို့ တောထဲသွားတုန်းက သုံး၊ လေးရက် နေရင် ပြန်လာခဲ့မယ်ဆိုပြီး ကိုလှိုင်ဌေးအိမ်က ထွက်သွားခဲ့တာ။ ကျောင်းကန် ဘုရား သွားပြီး တရားအားထုတ်ရန်ပင် မိခင် ဒေါ်ပုထွေးကို ကန်တော့ရင်း မှာသွားခဲ့သေးတယ်။

ဒါပေမဲ့ ကိုလှိုင်ဌေး ပြန်မလာနိုင် တော့ပါဘူး။ အကြောင်းကတော့ ကုန်းနေ သတ္တဝါတွေထဲမှာ အကြီးဆုံးလို့ သတ် မှတ်ထားကြပြီး အရေခွံထူတဲ့ မီးခိုးရောင် တိရစ္ဆာန်ကြီးတစ်ကောင်က တောထဲမှာ သူ့ကို နင်းသတ်ပစ်လိုက်လို့ပဲဖြစ်ပါတယ်။

လိမ္မာရေးခြားရှိတဲ့သားဖြစ်သူ ဆင်နင်းခံရပြီးသေခဲ့ရတဲ့အဖြစ်ကို သိလိုက်ရတဲ့အချိန်မှာ ဒေါ်ပုထွေးဟာ အရူး တစ်ပိုင်းဖြစ်ရတဲ့အထိ ပူဆွေးဝမ်းနည်းခဲ့ ရပါတယ်။

”ရင်ထဲမှာ ကမ္ဘာမီးလောင်နေ သလိုပဲ။ ဘာမှမမြင်ရတော့ဘူး”လို့ အသက် ၆၆ နှစ်အရွယ် ဒေါ်ပုထွေးက ကျလာတဲ့ မျက်ရည်တွေကို လက်ဖမိုးနဲ့ သုတ်ခါပစ်ရင်း လွန်ခဲ့တဲ့နှစ်နှစ်လောက် က အဖြစ်အပျက်ကို ပြန်ပြောပြတယ်။

ဒေါ်ပုထွေးတို့ သနပ်ချောင်းရွာဟာ ရန်ကုန်တိုင်းဒေသကြီးရဲ့ မြောက်ဘက် အကျဆုံးမြို့နယ်ဖြစ်တဲ့ တိုက်ကြီးမြို့ နယ် အတွင်းမှာရှိပြီးတော့ ရန်ကုန်ကနေ ကား နဲ့သွားရင် နှစ်နာရီကျော်လောက် သွားရုံ နဲ့ရောက်နိုင်တဲ့အကွာအဝေးမှာ ရှိတာပါ။

ရန်ကုန်နဲ့ မိုင် ၅ဝ ဝန်းကျင်လောက် ပဲဝေးတဲ့ ဒီဘက်ဒေသက ကျေးရွာတချို့ မှာ ညဘက်ဆိုရင် ဒေသခံတွေဟာ စိတ်ချ လက်ချ မအိပ်စက်ရတာ ဆယ်စုနှစ်တစ်ခု ကျော်ပါပြီ။

နေ့လယ်နေ့ခင်းမှာ စားဝတ်နေရေး အတွက် ရုန်းကန်နေရသလို ညဘက် ရောက်ရင်လည်း သူတို့ရဲ့ အသက် အန္တရာယ်အတွက် ကြောင့်ကြနေကြရပါ တယ်။ အချို့ ရွာသားတွေဆိုရင် ညဘက် အိမ်ထဲမှာ မအိပ်ရဲလို့ လင့်စင်တွေပေါ်မှာ တက်အိပ်ရတဲ့ အထိ စိုးရိမ်နေကြပါတယ်။ ဒီဘက်မှာ လင့်စင်တွေကို သစ်ပင်တွေပေါ် မှာ တည်ဆောက်ထားပြီး အတက်အဆင်း လုပ်ဖို့ လှေကားတွေ တပ်ထားကြတယ်။

ဒီလိုပြဿ      နာတွေကြုံနေရတာဟာ ပဲခူးရိုးမအနောက်ဘက်ခြမ်းက တိုက်ကြီး မြို့နယ်တစ်ခုတည်းမဟုတ်ပါဘူး။

သူတို့ သိထားသလောက် ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်ကလွဲရင် ကျန်ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေထဲက နေရာအချို့မှာလည်း လူနဲ့ဆင်ပြဿ      နာ တွေ ကြုံတွေ့နေရတယ်လို့ သစ်တောဦးစီး ဌာနအောက်က သဘာဝဝန်းကျင်နှင့် သားငှက်ထိန်းသိမ်းရေးဌာန၊ လက် ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ဇော်ထွန်း က ဆိုပါတယ်။ ကရင်နဲ့ ကယားပြည်နယ် တို့ဘက်မှာ လူနဲ့ဆင်ပြဿ      နာ ဖြစ်တာ တွေရှိနိုင်ပေမယ့်လည်း သူတို့ဌာနအနေနဲ့ သတင်းအချက်အလက်မရရှိတဲ့အတွက် မပြောပြတတ်ဘူးလို့ သူက ဆိုပါတယ်။

သစ်တောဦးစီးဌာနက ရရှိတဲ့စာ ရင်းတွေအရ (ကရင်နဲ့ ကယားက လွဲရင်) တစ်နိုင်ငံလုံးမှာ လူနဲ့ဆင်ပဋိပက္ခကြောင့် လွန်ခဲ့တဲ့ ငါးနှစ်တာကာလအတွင်းမှာ စုစုပေါင်း ၃၉ ဦး သေဆုံးကာ ရှစ်ဦးထိ ခိုက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။ သေဆုံးသူ အများစုက အမျိုးသားတွေပါ။ တောတောင်တွေထဲမှာ ဝင်ရောက်လုပ် ကိုင်သူအများစုဟာ အမျိုးသားတွေ ဖြစ်တာကြောင့် သေဆုံးသူအများစုဖြစ် ရတာလို့ ဦးနိုင်ဇော်ထွန်းက ဆိုပါတယ်။

ထိခိုက်သေဆုံးသူတွေဟာ တော တောင်တွေထဲမှာသွားလာလှုပ်ရှားရင်း တောဆင်ရိုင်းတွေနဲ့ ပက်ပင်းတိုးလို့ ထိ ခိုက်သေဆုံးတာတွေရှိသလို သူတို့စိုက်ပျိုးထားတဲ့ကောက်ပဲသီးနှံခင်းတွေနဲ့ ရွာ တွေထဲကို တောဆင်ရိုင်းတွေဝင်လာလို့ ခြောက်လှန့်မောင်းထုတ်ကြရင်း ထိခိုက် သေဆုံးရတာတွေလည်း ရှိပါတယ်။

”ဆင်နဲ့ လူဖြစ်နေတဲ့ ပဋိပက္ခကို ဖြေရှင်းဖို့ကတော့ တော်တော်လေး မလွယ်ဘူး။ တစ်ကမ္ဘာလုံးမှာလည်း ခဲရာ ခဲဆစ် ဖြေရှင်းနေရတဲ့ပြဿ      နာပဲ”လို့ ဦးနိုင်ဇော်ထွန်းက ဆိုပါတယ်။

လူတွေရဲ့ ပယောဂတွေကြောင့် တောဆင်ရိုင်းတွေရဲ့ စားကျက်မြေတွေ လျော့ပါးပျောက်ဆုံးသွားတာကနေ ဒီ ပြဿ      နာ စတင်တာလို့ မော်ကွန်းက ချဉ်းကပ်မေးမြန်းခဲ့တဲ့ ပညာရှင်တွေက ဆိုပါတယ်။

လူတွေရဲ့လုပ်ဆောင်မှုတွေထဲမှာ ဆင်တွေနေထိုင်ကျက်စားတဲ့ သစ်တော ဧရိယာထဲနယ်ချဲ့ပြီး အခြေချနေထိုင်တာ၊ သစ်အလွန်အကျွံခုတ်တာ၊ တောမီးရှို့ပြီး တောင်ယာလုပ်တာတွေလည်း ပါဝင် တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

အပူပိုင်းဒေသဖြစ်တဲ့ အာရှဒေသ မှာ ဆက်တိုက်ကြီးထွားလာနေတဲ့ လူဦး ရေဟာ ဆင်တွေရဲ့ ယုတ်လျော့လာနေတဲ့ စားကျက်မြေထဲကို ကျူးကျော်ဝင်ရောက် လာနေတယ်လို့  ကမ္ဘာ့တောရိုင်းတိရစ္ဆာန် များ ရန်ပုံငွေအဖွဲ့ (World Wildlife Fund – WWF) ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၂ဝ ရာခိုင်နှုန်းလောက်ဟာ အာရှဆင်တွေရဲ့ စားကျက်မြေအတွင်း၊ ဒါမှမဟုတ် အနီးတစ်ဝိုက်မှာ နေထိုင်နေကြတယ်လို့လည်း ဖော်ပြထားပါတယ်။

ဆည်တွေတည်ဆောက်တာ၊ စိုက် ခင်းတွေ တိုးချဲ့လာတာ၊ လမ်းတွေနဲ့ ရထားလမ်းတွေ တည်ဆောက်တာတွေ ကြောင့်လည်း ဆင်တွေ ကျင်လည်ကျက် စားတဲ့နေရာတွေ လျော့ပါးပျောက်ကွယ် ရတယ်လို့  WWF  ရဲ့ မဲခေါင်ဒေသမျိုးစိတ် များနှင့် သားငှက်တိရစ္ဆာန်ရာဇဝတ်မှုများ ဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာတော မတ်စ်ဂရေး  (Thomas Gray) က ဆိုပါတယ်။

”ဒီဖွံ့ဖြိုးရေးလုပ်ငန်းတွေက ရာသီ အလိုက် ဆင်တွေ အုပ်စုလိုက်နေရာ ရွှေ့ ပြောင်းတာကို အဟန့်အတားဖြစ်စေ တယ်”လို့ မစ္စတာဂရေးက မော်ကွန်းကို အီးမေးလ်ကတစ်ဆင့် ပြောပြပါတယ်။

ဆင်နေရာ လူလု

ဒေါ်ပုထွေးတို့နေတဲ့ သနပ်ချောင်း ရွာနဲ့ဆိုရင် ဆိုင်ကယ်နဲ့ တစ်နာရီလောက် ပဲသွားရတဲ့ မာဂရီသစ်တောကြိုးဝိုင်း အတွင်းမှာရှိတဲ့ မြိုင်ဟေဝန်ဆင်စခန်းက ဆင်ခေါင်းဦးဝင်းကိုက လူတွေနဲ့ ဆင် တွေဖြစ်တဲ့ပဋိပက္ခတွေမှာ ဆင်တွေဘက်က လွန်တာ မရှိ ဘူးလို့ မှတ်ချက်ပေးတယ်။ (ဆင်ခေါင်းဆိုတာကတော့ အနည်းဆုံး ငါးကောင်ကနေ ခုနစ်ကောင်ရှိတဲ့ ဆင် အုပ်ကို ဦးစီးအုပ်ချုပ်သူကို ခေါ်တာပါ။)

”အရင်က ဒီကောင်(ဆင်)တွေ တောထဲမှာ လျှိုတွေ၊ မြှောင်တွေ မှန်သမျှ နေနိုင်တယ်။ အစာရေစာပေါတယ်။ အခုကတော့ ဆည်တမံတွေ ပိတ်လိုက်တယ်။ ချောင်းတွေ၊ မြောင်းတွေ ပိတ်လိုက်တယ်။ သူတို့ စားကျက်မြေပျောက် သွားတယ်။ ပြီးတော့ လူတွေက တော ထဲကို ဝင်လာတယ်”လို့ ဆင်တွေနဲ့ ၁၄ နှစ်လောက် အကျွမ်းတဝင်နေလာတဲ့ ဦးဝင်းကိုက ပြောပြတယ်။

မြန်မာနိုင်ငံမှာ လူနဲ့တောဆင်ရိုင်း တွေကြားဖြစ်ပွားတဲ့ ပဋိပက္ခကို သိသိသာ သာ စတင်သတိပြုမိလာစေတာကတော့ လွန်ခဲ့တဲ့ ၂၇ နှစ်လောက်ကလို့ သူ့ရဲ့ အတွေ့အကြုံကိုအခြေခံပြီး ဆင်ပညာရှင် စည်သူဒေါက်တာဝမ်ထွန်းက ပြောပြ ပါတယ်။

သူဟာ သစ်တောဦးစီးဌာနမှာ နှစ် ပေါင်းသုံးဆယ်နီးပါး ဆင်ဆရာဝန် အဖြစ်နဲ့ တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်သလို သစ်တောဦးစီးဌာနအတွက် ဆင်ဖမ်းတဲ့အဖွဲ့မှာလည်း ဦးဆောင်ပါ ဝင်ခဲ့ဖူးတယ်လို့ဆိုပါတယ်။ စည်သူဘွဲ့ရ တာဟာလည်း ဆင်ဖြူတော်တွေ ဖမ်း နိုင်တဲ့အတွက် ၂ဝ၁ဝ မှာအစိုးရက သူ့ကို အဲဒီဘွဲ့ ပေးအပ်ခဲ့တာဖြစ်ပါတယ်။ သူဟာ ဌာနက အငြိမ်းစားရယူခဲ့ပြီဖြစ်ပေမယ့် နေပြည်တော်က ဆင်ဖြူတော်ရုံကို လက်ရှိအချိန်မှာ တာဝန်ခံကြီးကြပ်ပေးနေ ဆဲပါ။

၁၉၈၈ ဝန်းကျင်တစ်ဝိုက်လောက် က ဧရာဝတီတိုင်းက ဒီရေတောတွေထဲမှာ ပေါက်တဲ့ သစ်မာသား မဒမပင်တွေကို လူတွေက ခုတ်ပြီး မီးသွေးဖုတ်တာကစဖြစ် တာပဲလို့ သူကပြောပြပါတယ်။ မဒမပင် တွေဟာ ကျစ်လျစ်မာကျောပြီး ကြာကြာ အသုံးခံတဲ့အတွက် မီးသွေးမှာ နာမည် ကြီးခဲ့ဖူးပါတယ်။ ဒါကြောင့် လူတွေဟာ စီးပွားဖြစ် မီးသွေးထုတ်လုပ်နိုင်ဖို့  ဒီရေ တောတွေကို အလွန်အကျွံခုတ်ခဲ့ကြပါတယ်။

အဲဒီလို ခုတ်ထွင်မှုတွေကြောင့် တောတွေပြုန်းပြီး ဒီရေတောတွေမှာ ကျက်စားတဲ့ တောဆင်ရိုင်းတွေဟာ စား ကျက်နေရာတွေ ပျောက်ဆုံးခဲ့ပါတယ်။ သစ်ပင်မရှိတော့တဲ့ ကွင်းပြင်တွေထဲမှာ ဒုက္ခရောက်နေတဲ့တောဆင်ရိုင်းတွေကို ၁၉၉၆ မှာ သစ်တောဌာနရဲ့ ညွှန်ကြား ချက်နဲ့ တောကောင်းတဲ့ နေရာတွေကို ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ စည်သူဒေါက် တာဝမ်ထွန်းက ဆိုပါတယ်။

ဒါ့အပြင် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသက မြေတွေဟာ မြေဆီမြေသြဇာ ကောင်းတဲ့အတွက် သီးနှံစိုက်ပျိုးရင် အလွန်ဖြစ်ထွန်းတာကြောင့် ဆင်တွေ ကျက်စားတဲ့နေရာတွေကို မြေယာတွေ အလုအယက်တိုးချဲ့ရင်း ဆင်တွေနဲ့ လူ တွေ ထိပ်တိုက် တွေ့ဆုံလာတာလို့ သူက ဆိုတယ်။

”(လူတွေက) တောဆင်တွေကို မောင်းကြတယ်။ ဆင်ကို အနီးကပ်ပြီး မောင်းတယ်။  ချောင်းထဲဆင်းသွားရင် လည်း လှေနဲ့ လိုက်မောင်းတာတွေ လုပ်တယ်။ လှေကိုချောင်းထဲမှာ တောဆင်က ဆွဲမှောက်တဲ့အတွက် လူတွေ သေဆုံးတဲ့ ဖြစ်စဉ်တွေလည်း ဖြစ်ခဲ့ကြရတယ်”လို့ အဲဒီအချိန်တုန်းက ဖြစ်စဉ်တွေကို သူက ပြန်ပြောပြပါတယ်။

လူတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ဆင်တွေဒဏ်ရာရသွားတာလည်းရှိတယ် လို့ သူက ဆိုတယ်။ ဆင်တွေကို လူတွေက ဂျင်ကလိတွေနဲ့ပစ်တာရှိသလို စက်ဘီး တာယာ၊ ဆိုင်ကယ်တာယာတွေကို မီးရှို့ ပြီး ဆင်အုပ်ထဲ ပစ်ချကြတာလည်း ရှိခဲ့ တယ်လို့ စည်သူဒေါက်တာဝမ်ထွန်းက ပြောပြပါတယ်။

”ဆင်တွေလန့်အောင် လုပ်တာဖြစ် ပေမယ့် မီးစွဲနေတဲ့ ရာဘာသား ကပ်ပြီး တော့ ဆင်တွေ မီးလောင်ကြတယ်။ အနာတရတွေဖြစ်ကြရတယ်။ ဆင်အချို့လည်း သေခဲ့ရတယ်”လို့ သူက ဆိုတယ်။

အဲဒီကာလမှာပဲ သာယာဝတီသစ် ထုတ်လုပ်ရေးနယ်ထဲမှာပါတဲ့ တိုက်ကြီး ဒေသဘက်က လိမ္မော်ခြံတွေကို တော ဆင်ရိုင်းတွေ ဝင်ရောက်စားသောက်ဖျက် ဆီးတာကြောင့် ဒေသခံတွေနဲ့ ဆင်တွေ ပြဿ      နာတက်ခဲ့ပါသေးတယ်။ အဲဒီဆင် တွေကို ရဟတ်ယာဉ်တွေနဲ့ ခြောက်လှန့် မောင်းထုတ်ခဲ့ရပုံကို နိုင်ငံပိုင်ရုပ်သံတွေ ကတောင် ထုတ်လွှင့်ခဲ့တာတွေရှိတယ်လို့ စည်သူဒေါက်တာဝမ်ထွန်းကဆိုတယ်။

ဆင်တွေရဲ့ စားကျက်မြေလျော့ နည်းရတဲ့အထဲမှာ အစိုးရက သစ်တော ကြိုးဝိုင်းဧရိယာအချို့မှာ ကြံနဲ့ ရာဘာလို စက်မှုကုန်ကြမ်း သီးနှံစိုက်ခင်းတွေ စိုက် ပျိုးခွင့်ပြုပေးခဲ့တာလည်း ပါတယ်လို့ သစ်တောဦးစီးဌာနက လက်ထောက်ညွှန် ကြားရေးမှူး ဦးနိုင်ဇော်ထွန်းက ရှင်းပြ ပါတယ်။ ပဲခူးရိုးမမှာ ဆည်တွေ တည် ဆောက်လိုက်တာဟာလည်း ဆင်တွေရဲ့ စားကျက်ပျောက်ဆုံးမှုကို သိသိသာသာ ဆိုးကျိုးသက်ရောက်စေခဲ့တယ်လို့ သူက ဆိုပါတယ်။

”ကျွန်တော်တို့က ဆင်တွေအတွက် လုံးဝ မစဉ်းစားခဲ့ဘူး”လို့ ဦးနိုင်ဇော်ထွန်း က အရင်အစိုးရအဆက်ဆက်က သစ်တောဆိုင်ရာ စီမံခန့်ခွဲမှုအလွဲတွေ ရှိခဲ့ တာကို ညွှန်းဆိုပြီး ပြောပြပါတယ်။

ဆည်တွေတည်ဆောက်မှုကြောင့် ဆင်တွေရဲ့ စားကျက်မြေတွေ ရေအောက် ရောက်သွားတဲ့အချိန်မှာ ဆင်တွေဟာ လူ တွေရဲ့စိုက်ခင်းတွေဆီကို ရောက်လာ တယ်လို့ မြိုင်ဟေဝန်ဆင်စခန်းက ဆင် ခေါင်းဦးဝင်းကိုက ပြောပြပါတယ်။

အနီးအနား ရွာတွေက သူတို့ရွာ တွေထဲ တောဆင်ရိုင်းတွေဝင်လာလို့ ဖုန်း နဲ့ အကူအညီလှမ်းတောင်းတဲ့အခါ မြိုင် ဟေဝန်ဆင်စခန်းက ဝန်ထမ်းတွေက ယဉ် ပါးနေတဲ့ဆင်တွေနဲ့ သွားရောက်ပြီး ခြောက်လှန့်ပေးရတာတွေရှိတယ်လို့ ဦးဝင်းကိုက ဆိုတယ်။

ဦးဝင်းကိုတို့အဖွဲ့ကို ဒေသခံတွေက တစ်လမှာ ပုံမှန်အားဖြင့် တစ်ခါ၊ နှစ်ခါ လောက် အကူအညီလှမ်းတောင်းကြ တယ်လို့ ဆိုတယ်။ အောက်တိုဘာ၊ နိုဝင်ဘာစပါးပေါ်ချိန်တွေမှာဆိုရင် တစ်လမှာ လေး၊ ငါးခါလောက်အကူအညီတောင်း ကြလို့ အဲဒီအချိန်ဟာ သူတို့အတွက် အလုပ်အများဆုံးအချိန်ဖြစ်တယ်လို့ ဦးဝင်းကိုက ရှင်းပြပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်အတွင်းမှာ မြန်မာနိုင်ငံအလယ်ပိုင်းက မိတ္ထီလာ၊ နတ်မောက်၊ ကျောက်ပန်းတောင်းမြို့နယ် တွေဘက်ကို ကျွံဝင်လာပြီး လှည့်လည် သွားလာနေတဲ့ တောဆင်ရိုင်းခြောက် ကောင်ဟာလည်း တပ်ကုန်းနဲ့ နတ် မောက်ကြားက ပဲခူးရိုးမမြောက်ဖျား ဒေသဘက်က ရောက်လာကြတာ ဖြစ်တယ်လို့ စည်သူဒေါက်တာဝမ်ထွန်းက ဆိုပါတယ်။

၂ဝ၁၄ တုန်းကလည်း ပဲခူးရိုးမ မြောက်ဖျားဒေသ တောတွေကနေ တပ် ကုန်းဘက်က လူတွေရဲ့စိုက်ခင်းတွေဆီ ရောက်လာတဲ့ ဆင် ၄ဝ ကျော်ကို သူကိုယ် တိုင်ဦးဆောင်ပြီး နေရင်းဒေသကို ပြန်ပို့ ခဲ့ရတယ်လို့ဆိုတယ်။ အဲဒီတုန်းက ကိုယ်ဝန်ဆောင်ထားတဲ့ ဆင်တစ်ကောင် အသတ်ခံထားရတာကို တွေ့ခဲ့ရတယ်လို့ လည်း သူက ဆိုပါတယ်။

အလယ်ပိုင်းဒေသဘက်ကို ကျွံဝင် လာတဲ့ အဲဒီဆင်ခြောက်ကောင်ဟာ လည်း သူမောင်းခဲ့တဲ့ ဆင်အုပ်ထဲက ဆင်တွေလို့ သူက ခန့်မှန်းပြောဆိုတယ်။

ဆင်တွေ ကျက်စားလေ့မရှိတဲ့ အဲဒီ ဘက်ဒေသတွေဘက်ကို ရောက်ရှိလာတဲ့ ဆင်ခြောက်ကောင်ကို လိုက်လံမောင်း ထုတ်တဲ့ ဒေသခံတွေထဲက တစ်ယောက် ဟာ ဆင်တိုက်ခိုက်လို့ သေဆုံးသွားခဲ့ရ ပါတယ်။ (သေဆုံးသွားသူဟာ ဆင်အုပ်ကို ဓာတ်ပုံရိုက်ရာမှာ ကင်မရာမီးပွင့်သွားလို့ ဆင်က လန့်ဖြန့်ပြီး တိုက်ခိုက်ရာမှာ သေဆုံးသွားတာဖြစ်တယ်လို့ ဆိုတယ်။)

လူနဲ့ ဆင်ရိုင်းတွေကြားဖြစ်ပွားတဲ့ ပြဿ      နာဟာ မြန်မာနိုင်ငံမှာပဲ ဖြစ်နေ တာမဟုတ်ပါဘူး။ အာရှနဲ့ အာဖရိကက အချို့ ဒေသတွေမှာလည်း ဒီပြဿ      နာ ဖြစ်ပွားနေတယ်လို့ ပညာရှင်တွေက ဆို ပါတယ်။

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ် တဲ့ အိန္ဒိယမှာဆိုရင် ဆင်အန္တရာယ် ကြောင့် နှစ်စဉ် လူတစ်ရာ (အချို့နှစ်တွေ မှာ လူ ၃ဝဝ) အထိ သေဆုံးနေရသလို တစ်ဖက်မှာလည်း ဆင်ကောင်ရေ ၄ဝ ကနေ ၅ဝ အထိ အသတ်ခံနေရတယ်လို့ WWF ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

ဝါးရုံအကွယ်မှ ရုတ်တရက်ပြေးထွက်လာသော ဆင်ရိုင်းတစ်ကောင်ကို သပြုသစ်တောကြိုးဝိုင်းအတွင်း တွေ့ရစဉ်
ဓာတ်ပုံ – ကျော်ဇေယျ/မော်ကွန်းမဂ္ဂဇင်း

ဒေသတွင်းပြဿ      နာ

သစ်တောပြုန်းတီးမှုနဲ့အတူ တစ်ပါ တည်းဖြစ်ပွားတဲ့ ဆင်တွေ ကျင်လည် ကျက်စားရာနေရာ လျော့ပါးပျောက်ဆုံး လာတာဟာ အာရှဒေသတစ်ခုလုံးအနေနဲ့ ရင်ဆိုင်နေရတဲ့ ကြီးမားတဲ့ပြဿ      နာ တစ်ရပ်ဖြစ်တယ်လို့ အင်္ဂလန်မှာရှိတဲ့ ရှပ်ဖီးတက္ကသိုလ်က မြန်မာ့အလုပ် ဆင် သုတေသနစီမံကိန်းအစီအစဉ်ညှိနှိုင်းရေး မှူး ဒေါက်တာခိုင်ဦးမာက ဆိုပါတယ်။

သိပ္ပံအခေါ်အဝေါ်အားဖြင့် Elephas maximus လို့ခေါ်တဲ့ အာရှဆင်တွေ ကျက်စားတဲ့နေရာဟာ အရင်တုန်းက စတုရန်းကီလိုမီတာကိုးသန်း ဝန်းကျင်ရှိခဲ့ လိမ့်မယ်လို့ အာရှဆင်ထိန်းသိမ်းရေး အကြောင်း ရေးသားထားကြတဲ့ အစီရင်ခံ စာတွေက ဖော်ပြကြပါတယ်။

ထိုအကျယ်အဝန်းကနေ တစ်စ တစ်စ လျော့နည်းလာလိုက်တာ ယနေ့မှာ စတုရန်းကီလိုမီတာ ငါးသိန်းလောက်ပဲ ကျန်တော့တယ်လို့လည်း အစီရင်ခံစာ တွေက ဖော်ပြကြပါတယ်။ သဘောက တော့ ဆင်တွေကျက်စားရာ နေရာဟာ ၉၅ ရာခိုင်နှုန်းလောက် ပျောက်ဆုံးသွား တဲ့သဘောပါ။

”လွန်ခဲ့တဲ့ ရာစုနှစ်တစ်ဝက် လောက်မှာ ဒီပြဿ      နာဟာ တော်တော်ဆိုးဆိုးရွားရွားဖြစ်ခဲ့ပြီး အတော်စိုးရိမ်ရ တဲ့ အနေအထား ဖြစ်လာခဲ့တယ်”လို့ ဒေါက်တာခိုင်ဦးမာက အီးမေးလ်က တစ် ဆင့် မော်ကွန်းကိုပြောပြပါတယ်။

ဆင်တွေရဲ့ စားကျက်မြေကို အဓိက ခြိမ်းခြောက်တဲ့ သစ်တောပြုန်းတီးတဲ့ ပြဿ      နာဟာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတော်တော်များများမှာ ကြီးမားတဲ့ ပြဿ      နာတစ်ရပ်ဖြစ်နေတယ်လို့ ပညာရှင် တွေက ထောက်ပြပါတယ်။

မြန်မာနိုင်ငံဟာ ၂ဝ၁ဝ ကနေ ၂ဝ၁၅ အထိ ငါးနှစ်တာ ကာလအတွင်း ကမ္ဘာပေါ်မှာ သစ်တောဧရိယာဆုံးရှုံးမှု တတိယအများဆုံးနိုင်ငံအဖြစ်ရပ်တည် နေတယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (Food and Agricultural Organization – FAO ) က ယမန်နှစ်က ထုတ်ပြန်တဲ့ အစီရင်ခံစာတစ် စောင်မှာ ဆိုထားပါတယ်။

အဲဒီအစီရင်ခံစာအဆိုအရ မြန်မာ့ သစ်တောဖုံးလွှမ်းမှုဟာ ၂ဝဝဝ ပြည့် တုန်းက နိုင်ငံဧရိယာရဲ့  ၆၅ ရာခိုင်နှုန်း လောက် ခန့်မှန်းခြေရှိခဲ့ရာက ယခုအခါမှာ နိုင်ငံ ဧရိယာရဲ့ ၄၅ ရာခိုင်နှုန်းပဲ ရှိတော့ တယ်လို့ ဆိုပါတယ်။ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးပညာရှင် အချို့ကတော့ တကယ့် သစ်တောဖုံးလွှမ်းဧရိယာဟာ ထိုပမာဏလောက်တောင်မရှိနိုင်တော့ ဘူးလို့ မှန်းဆပြောဆိုကြပါတယ်။

တစ်ချိန်တုန်းက အာရှဒေသတစ် ကြောမှာ ကျယ်ကျယ်ပြန့်ပြန့် ကျင်လည် ကျက်စားခဲ့ကြတဲ့ အာရှဆင်မျိုးစိတ်ဟာ သစ်တောပြုန်းတီးမှုနဲ့ စားကျက်မြေ လျော့နည်းပျောက်ကွယ်မှုတို့နဲ့အတူ အမျိုးမျိုးသော အန္တရာယ်တွေကြောင့် ခြိမ်းခြောက်ခံနေရတဲ့ မျိုးစိတ်အဖြစ် သတ်မှတ်ခံထားရပါတယ်။

၂ဝ ရာစုအစောပိုင်းကာလအထိ အကောင်ရေ တစ်သိန်းမက ရှိနိုင်ခဲ့လိမ့် မယ်လို့ မှန်းဆရတဲ့ အာရှဆင်အရေ အတွက်ဟာ ယခုအခါ အကောင်ရေ ငါး သောင်း (၅ဝ ရာခိုင်နှုန်း) လောက်ပဲ ရှိ တော့တယ်လို့ WWF က ခန့်မှန်းပါတယ်။

အာဖရိကဆင်တွေနဲ့ယှဉ်ရင် အကောင်ငယ်ပြီး နားရွက်လည်းသေးတဲ့ အာရှဆင်တွေဟာ အာရှက ၁၃ နိုင်ငံ (မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် တောင်ပိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ နီပေါ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ နဲ့ အိန္ဒိယ)တို့မှာပဲရှိတော့တယ်လို့ ၂ဝ၁ဝ မှာ အိန္ဒိယပညာရှင် ဒေါက်တာ တီဗီဗင် ကိစ်ဝရန် (Dr.T.V.Venkateswaran) ရေးခဲ့တဲ့ ‘အာရှဆင်များကို ကယ်တင် ခြင်း’ စာတမ်းမှာ ဖော်ပြထားပါတယ်။

ဒီကနေ့ အာရှဆင်ရိုင်းအများစုရှိတဲ့နိုင်ငံဟာ အိန္ဒိယဖြစ်ပြီး ဒုတိယအများ ဆုံးကတော့ မြန်မာနိုင်ငံဖြစ်တယ်လို့ ဒေါက်တာခိုင်ဦးမာက ဆိုပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ တောဆင်ရိုင်း အကောင်ရေကို ခန့်မှန်းတဲ့နေရာမှာ တော့ အဖွဲ့အစည်းတွေကြား အနည်းငယ် ကွဲလွဲနေပါတယ်။ WWF က အကောင် ရေ လေးထောင်နဲ့ ငါးထောင်ကြားရှိ တယ်လို့ ခန့်မှန်းထားပြီး သစ်တောဦးစီး ဌာနကတော့ အကောင်ရေ ၃,ဝဝဝ အောက်ပဲ ရှိမယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံမှာ တောဆင်ရိုင်းတွေ ဟာ ကချင်ပြည်နယ် အရှေ့ပိုင်းနဲ့ မြောက်ပိုင်း၊ ချင်းတွင်းမြစ်အထက်ပိုင်းနဲ့ အောက် ပိုင်း၊ ရှမ်းရိုးမမြောက်ပိုင်းနဲ့ တောင်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ခန္တီး၊  မုံရွာ၊ ကလေးဝ၊ ကန့်ဘလူမြို့နယ်တွေ၊ ရခိုင်ပြည်နယ်အတွင်းက ရခိုင်ရိုးမနဲ့ မေယုတောင်တန်း၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်ဆက်စပ်ဒေသ၊ သံလွင် မြစ်အရှေ့ဘက်ခြမ်းတို့မှာ ပျံ့နှံ့ကျက်စား နေကြသလို မွန်ပြည်နယ်မှာဆိုရင် သံဖြူ ဇရပ်၊ ရေးမြို့နယ်နဲ့ ဘုရားသုံးဆူတစ်ဝိုက်၊ ဧရာဝတီတိုင်းဒေသကြီးမှာ ဖျာပုံ၊  မော်လမြိုင်ကျွန်း၊ ငပုတော၊ လပွတ္တာ၊ ပုသိမ်၊ ဟင်္သာတနဲ့ ကြံခင်းမြို့နယ်တွေ၊ တနင်္သာရီတိုင်းဒေသကြီးက အချို့နေရာ တွေ၊ ပဲခူးရိုးမအလယ်ပိုင်းနဲ့ အောက်ပိုင်း တို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာဆိုရင် မှော်ဘီ၊ တိုက်ကြီး၊ လှည်းကူးမြို့ နယ်ဘက်တွေမှာလည်း ကျင်လည်ကျက် စားကြတယ်လို့ သစ်တောဦးစီးဌာနက ဆိုပါတယ်။

တောဆင်ရိုင်းတွေဟာ အရင်က တောတောင်တစ်ခွင်မှာပဲ ကျက်စားလာ တာကနေ အကြောင်းအမျိုးမျိုးကြောင့် သူတို့ နေရာတွေ ကျဉ်းလာတဲ့အခါမှာ လူတွေနေတဲ့နေရာ၊ တစ်နည်းအားဖြင့် သူတို့ရဲ့နေရာဟောင်းကို ဝင်လာကြပါ တော့တယ်။

လူနေရာ ဆင်လာ

မာဂရီသစ်တောကြိုးဝိုင်းနဲ့ ဘေး ချင်းကပ်လျက်မှာ တည်ရှိတဲ့ သပြုသစ် တောကြိုးဝိုင်းအတွင်းမှာ နေထိုင်တဲ့ ကိုပု ဆိုရင် ငယ်စဉ်က သူ့အဘိုးအဘွားတွေနဲ့ တောထဲလိုက်သွားတဲ့အခါမှသာ ဆင်ကို တွေ့ဖူးတာပါ။

အခုတော့ တောထဲသွားစရာ မလို တော့ဘူး။ သူ့အိမ်ထဲအထိ  ဆင်တွေက ဝင်လာနေပါပြီ။ ဝင်ရောက်ရုံတင်မက သူ့ရဲ့ ပျဉ်ကာ၊ သွပ်မိုးအိမ်နဲ့ သစ်လုံးခြံ စည်းရိုးတိုင်တွေကိုပါ ဆင်တွေက ဖျက် ဆီးသွားခဲ့တဲ့အတွက် ပြန်ပြုပြင်ထားရ  ပါတယ်။

”အရင်က စားကျက်ကျယ်တဲ့အတွက် ဒီလောက်ကြီး ဆိုးဆိုးရွားရွား မဖြစ်ဘူး။ ဆင်တော့ တွေ့နေရတယ်။ အိမ် တွေကို ဖျက်ဆီးတာတော့မဟုတ်ဘူး”လို့ အခုအခါ အသက် ၃၅ နှစ်အရွယ် ကိုပုက ပြန်ပြောင်းပြောပြတယ်။

အခုဆိုရင်ဖြင့် ”တောကလည်း တဖြည်းဖြည်း ကျဉ်းကျဉ်း (ပြုန်းတီး)လာတဲ့အခါကျတော့ စားရေးသောက်ရေး ကျပ်တည်းလာတယ်။ သူတို့ကျပ်တည်း သလို ကျွန်တော်တို့လည်း ကျပ်တည်း လာတယ်” လို့ ကိုပုက ဆိုတယ်။

ဆင်တွေက သူတို့စိုက်ခင်းတွေကို ဖျက်လိုဖျက်ဆီးလုပ်သွားပေမယ့် သူက ထူးပြီး မခံစားရတော့ဘူးလို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆင်နဲ့ လူနဲ့ ပြဿ      နာက သူတို့ဒေသမှာ ဖြစ်ရိုးဖြစ်စဉ် တစ်ခုလိုဖြစ်နေပြီး စိုက်ခင်းတွေထဲက သီးနှံသာမက အိမ်ထဲက စားနပ်ရိက္ခာ တွေပါ ဆင်တွေက ယူငင်စားသောက်နေ ကြတာကြောင့်လို့ ကိုပုက ဆိုတယ်။

ကိုပုတို့မိသားစုမှာ ဆင်အန္တရာယ် ကြောင့် ထိခိုက်သေဆုံးတာ မရှိပေမယ့် တချို့ရွာတွေမှာတော့ ထိခိုက်သေဆုံး တာတွေ ရှိခဲ့ပါတယ်။ ကိုပုနေထိုင်တဲ့သပြု သစ်တောကြိုးဝိုင်းကနေ ဆိုင်ကယ်နဲ့ တစ်နာရီလောက်သွားရတဲ့ သာယာအေး ကျေးရွာက အသက် ၇၃ နှစ်အရွယ် ဒေါ်အေးသိန်းဆိုရင် တောဆင်ရိုင်းတွေ ကြောင့် သူ့ရဲ့မြေးမလေးတစ်ယောက် လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ဆုံးရှုံးခဲ့ရ ဖူးပါတယ်။

အဲဒီတုန်းက မိုးဦးကျကာလ။ အချိန်က ညနေ ၆နာရီခန့်။ အဲဒီညနေက သူတို့မိသားစုနေထိုင်တဲ့ ခြံဝင်းထဲကို တောဆင်ရိုင်းတစ်ကောင် ဝင်လာခဲ့ပါ တယ်။ ဝင်လာတဲ့အချိန် သူရယ်၊ သူ့ခင် ပွန်းရယ်၊ မြေးမလေးတစ်ယောက်ရယ်က လင့်စင်ပေါ်မှာပါ။ နောက်မြေးမလေးတစ် ယောက်က သူ့အဖေ၊ အမေနဲ့အတူ ခြံ ဝင်းထဲက အိမ်ထဲမှာ အိပ်နေကြတာ။

လင့်စင်ထိုးထားတဲ့ သစ်ပင်ကို ဆင် က ခေါင်းနဲ့ဝင်တိုက်ပါတယ်။ ဝင်တိုက် တဲ့အရှိန်ကြောင့် လင့်စင်ပေါ်ကနေ မြေးမ လေးက ဆင်ပေါ်ကို ပြုတ်ကျခဲ့ပါတယ်။ ဒါပေမဲ့ ကံကောင်းထောက်မစွာ ပြုတ် ကျတဲ့ ကလေးမကို ဆင်က နင်းမသွားပါ ဘူး။ ဖြစ်ချင်တော့ ဆင်က အဲဒီနေရာက နေ ထွက်သွားပြီး ခြံဝင်းထဲက အိမ်ထဲမှာ အိပ်နေတဲ့ မြေးမလေးကို ခြေထောက်နဲ့ နင်းသတ်သွားပါတော့တယ်။

ဆင်ဝင်လာလို့ မိဘနှစ်ဦး ကြောက် အားလန့်အားနဲ့ လင့်စင်ပေါ်ကို တက်ပြေး သွားတဲ့အချိန် သူက အိပ်ပျော်ပြီး ကျန် နေခဲ့တာပါ။ ဆင်ထွက်သွားတဲ့အချိန်မှာ ဒေါ်အေးသိန်း သူ့မြေးမလေးကို သတိရ လိုက်တယ်။

”သမီးလေး ဇာဇာရေ၊ အမေကြီး ဒီမှာစောင့်နေတယ်”လို့ ဒေါ်အေးသိန်းက လှမ်းခေါ်ပေမယ့် ပြန်ထူးသံမကြားရ တော့ပါဘူး။ အဲဒါနဲ့ ဒေါ်အေးသိန်းရဲ့ ခင်ပွန်းဖြစ်သူက သွားကြည့်တဲ့အခါ သူ့ မြေးလေးရဲ့ အသက်ကင်းမဲ့တဲ့ ခန္ဓာကိုယ် ကိုပဲ မြေကြီးပေါ်မှာ ပုံလျက်သား တွေ့ လိုက်ရပါတော့တယ်။

”ကလီစာတွေ ဆွဲထုတ်သွားပြီးပုံ ထားတာ အမေကြီးက သေချာတောင် မကြည့်တော့ဘူး”လို့ ပြန်ပြောပြရင်း ဒေါ်အေးသိန်းရှိုက်ရှိုက်ပြီး ငိုပါတော့ တယ်။ လွန်ခဲ့တဲ့ဆယ်နှစ်ကဖြစ်ခဲ့တာ ဆိုပေမယ့် ”ရင်ထဲမကောင်းဘူး။ မိုး ဦးလေး ကျလာရင်…”ဆိုပြီး စကားကိုပြီး အောင်ဆက်မပြောနိုင်တော့ဘဲ မျက်ရည် တွေပဲ လိမ့်ဆင်းလာပါတော့တယ်။

လက်ရှိအချိန်မှာ ဒေါ်အေးသိန်းတို့ ဇနီးမောင်နှံဟာ သူ့ မြေးလေးသေဆုံးခဲ့တဲ့ ခြံဝင်းထဲက လင့်စင်ပေါ်မှာ နေထိုင်ပြီး နေ့စဉ်ဝမ်းရေးအတွက် ထင်းခုတ်၊ တံ မြက်စည်းလုပ်တဲ့ ထမင်ဆိုင်းမြက်ပင် တွေ ချိုး၊ သက်ကယ်ရိတ်တဲ့ အလုပ်ကို လုပ်ကြပါတယ်။

ဒေါ်အေးသိန်းတို့လို နေ့စဉ်ဝမ်းရေး အတွက် လှုပ်ရှားရုန်း ကန်နေရသူတွေဟာ ဒီတော၊ ဒီတောင်ထဲမှာ ဆင်တွေကို ရှောင်တိမ်းကာ ရှာဖွေစားသောက်ရင်း တစ်ခါတလေတော့ ဆင်တွေနဲ့ ထိပ် တိုက်တိုးရတာလည်း ရှိပါတယ်။

ဘာကြောင့်လဲဆိုတော့ ဒေသခံ တွေ ဝမ်းရေးအတွက် ရှာဖွေရတဲ့ ထမင် ဆိုင်းပင်တွေက ဆင်တွေရဲ့ အစာလည်း ဖြစ်နေတာကြောင့်ပါ။ ဒါကြောင့် ဆင်နဲ့ လူနဲ့ နယ်မြေလုရုံသာမက အစာပါ လုပြီး ရှာဖွေစားသောက်ရတဲ့ သဘောလည်း ဖြစ်နေပါတယ်။

ဘယ်လိုဖြေရှင်းသင့်လဲ

သဘာဝဝန်းကျင်နှင့် သားငှက် ထိန်းသိမ်းရေးဌာနမှာ နှစ်ပေါင်း ၃ဝ လောက်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဇီဝ မျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးပညာရှင် ဒေါက်တာသိန်းအောင်က နိုင်ငံတကာ မှာဆိုရင် ဆင်တွေအတွက် သီးသန့်နေရာ ထားပေးပြီး လူတွေရဲ့ စိုက်ခင်းတွေကို လည်း လျှပ်စစ်ဓာတ်အား လွှတ်ထားတဲ့ ခြံစည်းရိုးတွေခတ်ကာ ဆင်တွေ မဝင် ရောက်နိုင်အောင် စည်းခြားထားတတ် တယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ ဆင်နဲ့ လူပဋိပက္ခတွေအတွက် ဖြေရှင်းဖို့ ကတော့ ပထမဆုံးဆင်တွေ ကျက်စားနေ တဲ့ သဘာဝသစ်တောတွေနဲ့ ဘယ်နေရာ တွေမှာ ဆင်တွေနေထိုင်ကြသလဲဆိုတာ ကို စနစ်တကျ စာရင်းပြုစုသင့်ပြီး ”ဒီ ဆင်အုပ် သွားလာကျက်စားဖို့ဆိုတဲ့ နေ ရာကို သူတို့စားမယ့် အစားအစာတွေ ဖန်တီးပေးရမယ်။ ဖန်တီးပေးခြင်းအား ဖြင့် သူက အဲဒီ စားကျက်မြေကနေ ကိုယ့် ဆီကျွံ မလာအောင် ထိန်းထားတဲ့သဘော ပေါ့” လို့ သူက အကြံပြုပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်အထိတော့    ”ဆင်တွေကို အလေးအနက်ထားပြီး ထိန်းပေးမယ့်အစိုးရလည်း မရှိသေးဘူး”လို့ ဒေါက်တာသိန်းအောင်က ဆိုပါတယ်။

လက်ရှိအချိန်မှာ ဆင်ထိန်းသိမ်း ရေးလုပ်ငန်းစီမံချက်တစ်ခုကို တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ (Wildlife Conservation Society – WCS) က ဦးဆောင်ရေးဆွဲနေပြီး စီမံ ချက်ထဲမှာ လူနဲ့ဆင်ပဋိပက္ခ၊ တောဆင် တွေကို ထိန်းသိမ်းထားဖို့နဲ့ မြန်မာသစ် လုပ်ငန်းမှာ ပိုလျှံနေတဲ့ ဆင်တွေကို ဘယ် လိုစောင့်ရှောက်ကြမလဲဆိုတာတွေ ပါဝင် တယ်လို့ ဆိုပါတယ်။

အဲဒီစီမံချက်ရေးဆွဲပြီးပါက ဆင်နဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ သတ်သတ် မှတ်မှတ်ရှိလာမှာဖြစ်တယ်လို့ သစ်တော ဦးစီးဌာနက ဦးနိုင်ဇော်ထွန်းက ဆိုပါတယ်။

အခုဖြစ်နေတဲ့ပြဿနာအများစုက တောဆင်ရိုင်းနဲ့ လူနဲ့ဖြစ်တဲ့ ပြဿ      နာ တွေပါ။ တကယ်လို့ မြန်မာ့သစ်လုပ်ငန်းမှာ အလုပ်မရှိတော့တဲ့ ဆင်တွေကိုသာ ဆင် ဦးစီးတွေနဲ့ ဆက်လက်မထိန်းသိမ်းဘဲ ဒီအတိုင်းတောထဲပို့လွှတ်လိုက်မယ်ဆိုရင် ပိုမိုဆိုးရွားလာနိုင်တဲ့ အခြေအနေရှိနိုင် တယ်လို့   WCS ရဲ့  မြန်မာနိုင်ငံ အစီအစဉ် အကြီးတန်းနည်းပညာဆိုင်ရာညှိနှိုင်းရေးမှူး ဦးစောထူးသာဖိုးက ရှင်းပြပါတယ်။

ဘာကြောင့်လဲဆိုတော့ ပုံမှန် အလုပ်လုပ်နေတဲ့ ဆင်အထီးတွေဟာ အလုပ်မလုပ်ရဘဲ တောထဲမှာ သဘာဝ အတိုင်း စားသောက်နေထိုင်ရတဲ့အခါ အဟာရပြည့်ဝလာလို့ ခွန်အားတိုးလာပြီ ဆိုရင် ဖိုဟိုမုန်းပိုထွက်လာမယ်။ မုန်ယို လာမယ်။ စိတ်ရိုင်းဝင်လာပြီး ဒေါသ တကြီးမြင်ရာကို တိုက်ခိုက်သတ်ဖြတ် တတ်တယ်လို့ သူက ဆိုပါတယ်။

မှတ်ဉာဏ်ကောင်းတဲ့ တိရစ္ဆာန် ဖြစ်တဲ့အပြင် လူတွေအကြောင်းလည်း ကောင်းကောင်းသိထားတဲ့အတွက်ကြောင့် တကယ်လို့ အဲဒီဆင်ယဉ်တွေသာ စိတ် ရိုင်းဝင်လာပြီး ရွာတွေ၊ အိမ်တွေထဲကို ဝင်ရောက်လာပြီဆိုရင်တော့ သာမန် တောဆင်ရိုင်းတွေကို ခြောက်ထုတ်သလို လွယ်လွယ်မရနိုင်တော့ဘူးလို့ ဦးစောထူး သာဖိုးက ပြောပါတယ်။

”တောစပ်နားရောက်လာတဲ့ သာမန်ဆင်ရိုင်းက လူကြောက်တယ်။ ခြောက် ရင်ပြေးတယ်။ သူတို့ကို ထိန်းလို့ရသေး တယ်။ ဒီကောင် (ဆင်ယဉ်)တွေက မရ တော့ဘူး။ လူကို ဒုက္ခပေးမယ်။ အဲဒီအခါ ကျတော့မှ ဆင်ပဋိပက္ခက ပိုများလာနိုင် တယ်”လို့ သူက ဆိုပါတယ်။

”အကယ်၍သာ ဆင်(ယဉ်)တွေကို တောထဲ ပြန်လွှတ်မယ် ဆိုရင်တော့ တော် တော်ကြီးခက်ခဲမယ့် အလုပ်တစ်ခုပဲ။ နောက်ဆက်တွဲဖြစ်လာမယ့်ဟာတွေက မတွေးဝံ့စရာပဲ”လို့လည်း သူက ဆိုပါတယ်။

ဒေါက်တာခိုင်ဦးမာရဲ့ အဆိုအရ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အာရှဆင်ကို အိမ်မွေးဆင်အဖြစ် အကောင်ရေအများ ဆုံးအသုံးပြုနေတဲ့ နိုင်ငံဖြစ်တယ်လို့ ဆိုပါ တယ်။ ဖမ်းထားတဲ့ဆင်ကောင်ရေ ၅,၅၂ဝ ထဲမှာ ၂,၉၈၅ ကောင်ကို မြန်မာ့သစ် လုပ်ငန်းက ပိုင်ထားပြီး ၂,၅၃၅ ကောင်ကို ပုဂ္ဂလိကက ပိုင်ထားတာဖြစ်တယ်လို့ ၂ဝ၁၃-၁၄ မြန်မာအစိုးရကိန်းဂဏန်း တွေကို ကိုးကားပြီး ဒေါက်တာခိုင်ဦးမာက ဆိုပါတယ်။

နောက်အစိုးရ ဘာလုပ်သင့်

လက်ရှိအချိန်မှာတော့ သစ်တော ဦးစီးဌာနက ဆင်နဲ့ လူ ပဋိပက္ခဖြစ်ပွားတဲ့ နေရာတွေမှာ ဝန်ထမ်းတွေက ဆင် အန္တရာယ်တွေအတွက် ဆောင်ရန်၊ ရှောင် ရန်နဲ့ ဆင်တွေကျက်စားတဲ့ နေရာတွေမှာ ကျူးကျော်စိုက်ခင်းတွေမလုပ်ဖို့ ပညာ ပေးနေတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် လူနဲ့ ဆင်ပြဿ     နာ အများဆုံးဖြစ်လေ့ရှိတဲ့ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီးတွေနဲ့ ရခိုင်ပြည် နယ်တို့မှာ အထူးအလေးထားပြီး အသိ ပညာပေးတာနဲ့ သတိပေးတာတွေကို ဆောင်ရွက်နေတယ်လို့ ဦးနိုင်ဇော်ထွန်း က ပြောပါ တယ်။

ဒါ့အပြင် ၂ဝ၁၃ က စတင်ပြီး စိုက်ခင်းနဲ့ စီမံကိန်းတွေ ဖော်ဆောင်ရာမှာ တောဆင်ရိုင်းတွေရဲ့ စားကျက်မြေတွေ မဆုံးရှုံးရအောင် သတိပြုစိစစ်မှုတွေ လုပ် ဆောင်နေတယ်လို့ သူက ဆိုတယ်။

နောက်အစိုးရသစ်အနေနဲ့ ဆင် ဘက်ဆိုင်ရာပညာရှင်တွေ ပါဝင်တဲ့ အဖွဲ့ တစ်ခုဖွဲ့စည်းပြီး လက်ရှိအိမ်ဆင်တွေ ကိုလည်း ထိန်းသိမ်းစောင့်ရှောက်၊ ဆင် လုပ်သား၊ ဆင်ဦးစီး၊ ဆင်ပိုင်ရှင်တွေကို လည်း ကာကွယ်ရာရောက်မယ့် ဥပဒေ တွေ၊ အလျော်ပေးရေးအစီအစဉ်တွေ ရေးဆွဲအကောင်အထည်ဖော်ဖို့ လိုအပ် သလို ဆင်ကို မလိုအပ်ဘဲ ပိုမိုခိုင်းစေတာ၊ အနာတရဖြစ်အောင် ညှဉ်းပန်းနှိပ်စက် တာကို ကာကွယ်ပေးမယ့် ဥပဒေတွေ အစီအစဉ်တွေကို ရေးဆွဲအကောင်အထည် ဖော်သင့်တယ်လို့ သူက အကြံပြုပါတယ်။

WCS က ဦးစောထူးသာဖိုးက တောဆင်ရိုင်းတွေကို ထိန်းသိမ်းစောင့် ရှောက်တဲ့ စီမံကိန်းရေးဆွဲဖို့ ပြီးခဲ့တဲ့ နှစ် အစပိုင်းလောက်က နေပြည်တော်မှာ သစ်တောဦးစီးဌာန၊ နိုင်ငံတကာပညာ ရှင်တွေ၊ အကူအညီပေးရေး အဖွဲ့တွေနဲ့ အလုပ်ရုံ ဆွေးနွေးပွဲတစ်ခု လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီမှာ တောဆင်ရိုင်းနဲ့ သူတို့ရှင် သန်ကျက်စားနိုင်မယ့် နေရင်းဒေသ တောတွေ ထိန်းသိမ်းကာကွယ်ရေး၊ မြန်မာ့သစ်လုပ်ငန်းပိုင်ဆင်နဲ့ ပုဂ္ဂလိကပိုင် ဆင်တို့ရဲ့ အနာဂတ်အရေးနဲ့ ထိန်းသိမ်း ရေးအတွက် နည်းလမ်းရှာဖွေဖော်ထုတ် ရေး၊ ဆင်နဲ့ ဆင်ခန္ဓာကိုယ် အစိတ်အပိုင်း တွေကို တရားမဝင်ရောင်းဝယ်နေတာ တွေကို တားဆီးကာကွယ်ရေးနဲ့ လူနဲ့ ဆင် ပဋိပက္ခ လျော့နည်းပပျောက်ရေးတို့ကို အဓိကထားပြီး ပဏာမအနေနဲ့ ဆွေးနွေး ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အဲဒီဆွေးနွေးပွဲမှာ ဆွေး နွေးခဲ့တဲ့ အပိုင်းတွေကို ယနေ့အချိန်ထိ ရှေ့ဆက်အကောင်အထည်ဖော်ဖို့ နှေး ကွေးနေတယ်လို့ ဦးစောထူးသာဖိုးက ဆို ပါတယ်။ WCS အနေနဲ့ ဒီနှစ်ထဲမှာ ညှိနှိုင်းအစည်းအဝေးပြန်စဖို့ နိုင်ငံတကာ ပညာရှင်တွေ၊ သက်ဆိုင်ရာ အဖွဲ့အစည်း တွေနဲ့ မကြာသေးခင် ရက်ပိုင်းကမှ စတင် ချိတ်ဆက်နေပြီဖြစ်လို့ မကြာမီ ဆွေးနွေး ပွဲပြန်စနိုင်ပြီး လုပ်ငန်းတွေကို လက်တွေ့ အကောင်အထည်ဖော်နိုင်တော့မယ်လို့ မျှော်လင့်ထားတယ်လို့ သူက ဆိုတယ်။

မဖြေရှင်းနိုင်ရင်ဘာဖြစ်မလဲ

လူနဲ့ဆင်ပြဿ      နာတွေကို မဖြေရှင်း နိုင်ဘူးဆိုရင်တော့ မြန်မာ့သစ်တောထွက် သယံဇာတပစ္စည်းအဖြစ် ဥပဒေပြဋ္ဌာန်း သတ်မှတ်ထားတဲ့ ဆင်တွေ မျိုးတုံး ပျောက်ကွယ်မှာကို စိုးရိမ်နေရသလို လူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ဟာလည်း ဆုံးရှုံးရမှာဖြစ်တယ်လို့ ပညာ ရှင်တွေက ထောက်ပြတယ်။

တကယ်တော့ ဆင်ဆိုတာ သယံ ဇာတတစ်ခုတင်မကပါဘူး။ ကိုးကွယ်ရာ ဘာသာအချို့နဲ့ ပွဲတော်အချို့မှာ အရေး ကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါ တယ်။ မြန်မာနိုင်ငံက ဒေသအချို့မှာ ဆင်တွေ သုံးပြီး ရှင်လောင်းလှည့်တဲ့ အလေ့အထဟာ အခုထိ ရှိနေတုန်းပါ။

ဒါ့အပြင် မြန်မာအပါအဝင် အရှေ့ တောင်အာရှနိုင်ငံအချို့ဖြစ်တဲ့ ထိုင်း၊ လာအိုနဲ့ ကမ္ဘောဒီးယားတို့လို နိုင်ငံတွေ မှာ ရှေးတုန်းက ဆင်ဖြူပိုင်တဲ့ ရှင်ဘုရင် ဟာ ဘုန်းကံကြီးမားတယ်လို့ ယုံကြည်တဲ့ အစဉ်အလာတွေလည်း ရှိခဲ့ကြတယ်လို့ ဆိုတယ်။ အဲဒီယုံကြည်မှုဟာ မြန်မာနဲ့ ထိုင်းမှာ ယနေ့ထက်တိုင် ရှိနေပါသေးတယ်။

ဒါပေမဲ့ ဆင်တွေရဲ့အန္တရာယ်ပြုမှုကို ခံရပါများလာတဲ့ အာရှဒေသအချို့မှာ ဆင်တွေကို တန်ဖိုးထားမှုဟာ လျော့ကျ လာနေတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

မြန်မာနိုင်ငံက လူတချို့ဟာလည်း သူတို့တန်ဖိုးထားခဲ့တဲ့ ဆင်တွေက သူတို့ အသက်အိုးအိမ်စည်းစိမ်တွေ၊ အကျိုး စီးပွားတွေကို ဖျက်ဆီးလာတဲ့အခါ ”ဒီ ကောင်တွေ မရှိမှပဲ၊ သေမှပဲ အေးမယ်ဆို တဲ့အမြင်တွေ၊ မုန်းတီးပြီး ပြန်ကလဲ့စား ချေချင်တဲ့ စိတ်တွေ၊ ခံယူချက်တွေ ဖြစ် လာကြတယ်”လု့ိ WCS က ဦးစောထူး သာဖိုးက ဆိုတယ်။

ဆင်စွယ်၊ ဆင်သား၊ ဆင်သားရေ အရောင်းအဝယ်လုပ်တဲ့ ဆင်ထွက်ပစ္စည်း ဈေးကွက်ရှိနေတဲ့အတွက် မုဆိုးတွေက ဆင်တွေကို လိုက်လံသတ်ဖြတ်တဲ့အခါ မှာလည်း ဆင်နဲ့ ပဋိပက္ခဖြစ်နေတဲ့ ဒေသ ခံတွေဟာ ဝမ်းသာနေကြတယ်လို့ သူက ဆက်ပြောပြတယ်။

သစ်တောဦးစီးဌာနကရတဲ့ စာ ရင်းတွေအရ ငါးနှစ်အတွင်းမှာ တောဆင် ရိုင်း ၁ဝ၇ ကောင် သေဆုံးခဲ့ပြီး အဲဒီအထဲ က ၄၅ ကောင် (ထက်ဝက်နီးပါးလောက်) က ဆင်စွယ်၊ ဆင်သားရေ ရယူလိုတဲ့ ဆင် ပစ်မုဆိုးတွေ သတ်ဖြတ်လို့ သေရတာဖြစ် ပါတယ်။ ကျန်တဲ့ အကောင်တွေကတော့ သဘာဝအတိုင်း သေဆုံးခဲ့တာဖြစ်တယ် လို့ဆိုပါတယ်။

လက်ရှိ ဆင်တွေရဲ့ အသက်ရှင် နေထိုင်မှုမှာ စိုးရိမ်စရာ အနေအထားကို ရောက်ရှိနေပြီး သက်ဆိုင်ရာတာဝန်ရှိသူ တွေ အနေနဲ့ အမြန်ဆုံးဆောင်ရွက်မှသာ ဆင်တွေနဲ့ သဘာဝသစ်တောတွေ ပြန် လည်မျိုးပွားရှင်သန်နိုင်မယ်လို့ ဇီဝမျိုးစုံ မျိုးကွဲ ထိန်းသိမ်းရေးပညာရှင် ဒေါက်တာ သိန်းအောင်က ဆိုပါတယ်။

”ကျောက်သံပတ္တမြားတွေကို တန်ဖိုးထားတာထက်ကို ဆင်တွေ၊သစ် တောသစ်ပင်တွေ၊ ဇီဝမျိုးစုံမျိုးကွဲသက်ရှိ တွေရဲ့ တန်ဖိုးက ပိုအရေးကြီးတယ်”လို့ သူက ပြောပါတယ်။

WWF က မစ္စတာဂရေးကလည်း ဆင်တွေကို ထိန်းသိမ်းပေးတာက သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်ကို ထိန်းသိမ်းပေးတာနဲ့ တူတယ်လို့ ဆိုပါတယ်။

ဆင်တွေဟာ တောတွေကို မွှေ နှောက်ရင်း အစာရှာဖွေတဲ့အတွက် အရင်က ချုံနွယ်ပိတ်ပေါင်းတွေကြောင့် လောင်းရိပ်မိနေကြတဲ့ အပင်ငယ်လေး တွေဟာ နေရောင်ရလာကြပြီး ကြီးထွား ခွင့်ရလာကြသလို အချို့သော တိရစ္ဆာန် ငယ်တွေအတွက်လည်း လမ်းကြောင်း ဖောက်ပေးသလို ဖြစ်တယ်လို့ ပညာရှင် တွေက ဆိုပါတယ်။

ဒါ့အပြင် တစ်နေရာတည်းမနေဘဲ နေရာအနှံ့အပြားသွားလာလှုပ်ရှားတတ် ကြတဲ့ ဆင်တွေဟာ မစင်က တစ်ဆင့် သစ်စေ့တွေ အလိုလျောက်ဖြန့်ချိနေတာ ကြောင့် သစ်တောတွေကို ပျံ့နှံ့ပေါက် ရောက်အောင် လုပ်ပေးသူတွေဖြစ်တယ် လို့လည်း ဇီဝပညာရှင်တွေက ဆိုပါတယ်။ ဒါ့အပြင် ဆင်တွေရဲ့ မစင်ဟာ တိရစ္ဆာန် အချို့အတွက် အစားအသောက်လည်း ဖြစ်နေပြန်တယ်။ ဂေဟစနစ်ကို အခုလို အထောက်အပံ့ပေးတာကြောင့်လည်း ဆင်တွေကို ထိန်းသိမ်းဖို့ ပညာရှင်တွေက တိုက်တွန်းနေကြတာ ဖြစ်ပါတယ်။

ဆင်တွေနဲ့ သစ်တောတွေကို ထိန်း သိမ်းတဲ့နည်းတူ သူတို့ရဲ့ နေ့စဉ် ဝမ်းရေး အတွက် လှုပ်ရှားရုန်းကန်နေရတဲ့ လူတွေ အတွက်လည်း အစိုးရက ဆောင်ရွက်ပေး သင့်တယ်လို့ သပြုသစ်တောကြိုးဝိုင်း အတွင်းမှာ နေထိုင်တဲ့ ကိုပုက ဆိုပါတယ်။

ဒီနှစ်ဆိုရင် သူစိုက်ပျိုးထားတဲ့ ပဲ စိုက်ခင်း ခုနစ်ဧကရှိတဲ့အထဲက ငါးဧက ပျက်စီးခဲ့ပြီး အရင်းအနှီး ငါးသိန်းလောက် ဆုံးရှုံးခဲ့ရတယ်လို့ သူက ဆိုပါတယ်။ ဒီလို ပျက်စီးတဲ့အတွက်လည်း သူက ဆင်ကို အပြစ်မမြင်ပါဘူး။ ဘာကြောင့်လဲဆို တော့ ဆင်တွေ နေထိုင်ကျက်စားတဲ့ စား ကျက်ထဲမှာ လုပ်ကိုင်စားသောက်ရတာ ကြောင့်ဖြစ်တယ်လို့ သူခံယူထားပါတယ်။

ဒေသခံတွေဟာ ဒီလိုလုပ်ကိုင်စား သောက်ရင်းနဲ့ ကြုံလာရတဲ့ပြဿ      နာ တွေကိုလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ တတ်အားသရွေ့  ရှင်းကြရပါတယ်။

 

ဒေသခံတွေ ဘယ်လိုဖြေရှင်း

ကိုပုတို့ဒေသခံတွေဟာ ညဘက် ဆိုရင် ကိုယ့်မိသားစုနဲ့ကိုယ် အလှည့်ကျ ကင်းစောင့်ကြပါတယ်။ မိသားစုငါး ယောက်ရှိတဲ့ အိမ်ဆိုရင် တစ်ယောက်ကို နှစ်နာရီကျလောက် ကင်းစောင့်ကြရတဲ့ ပုံစံမျိုးနဲ့ပါ။

ပြီးတော့ သူတို့အိမ်တွေရဲ့ရှေ့မှာ ခြောက်ပေဝန်းကျင်မြင့်တဲ့ စင်တွေကို ဝါးတွေ၊ သက်ကယ်တွေသုံးပြီး ဆောက် ထားကြတယ်။ အဲဒါကို သူတို့က နှင်းစင် လို့ ခေါ်ကြတယ်။ ရည်ရွယ်ချက်ကတော့ ညဘက် လူတွေအိပ်နေချိန်မှာ ဆင်ဝင် လာလို့ အဲဒီနှင်းစင်ကို ဆင်ဝင်တိုးရင် အိပ်ရာကနိုးအောင်လို့ ဆောက်ထားတာ ဖြစ်ပါတယ်။

ကိုပုတို့အိမ်ဆိုရင် တောဆင်ရိုင်း တွေက နေ့တိုင်းမဟုတ်ပေမယ့် သူတို့ခြံ နားကို ရောက်တဲ့ညတွေဆိုရင် တစ်ညကို သုံးခါလောက် ဝင်ချောင်းလေ့ရှိတယ်လို့ ဆိုပါတယ်။

”ညဦးပိုင်း၊ ညလယ်ပိုင်း၊ မနက် ပိုင်း ဝင်ချောင်းတဲ့အခါကျတော့ ဗြောက် အိုးတွေ ဘာတွေဖောက်။ ဘုံးဒိုင်း၊ အုံးဂွမ်း နဲ့ လူက ခြောက်နိုင်ရင် မဝင်ဘူး”လို့ ဆင် တွေကို ခြောက်လှန့်ထုတ်ရပုံကို ပြန်ပြော ပြပါတယ်။

မြန်မာနိုင်ငံအပါအဝင် ဆင်နဲ့ ပြဿ      နာဖြစ်နေတဲ့ နိုင်ငံတွေက ဒေသခံ အချို့ဟာ သူတို့ကို တိုက်ခိုက်တဲ့ ဆင်တွေ ကို လက်တုံ့ပြန်တဲ့အနေနဲ့ နည်းပေါင်းစုံ သုံးကာ နှိမ်နင်းကြတယ်ဆိုပေမယ့် ကျွန် တော်တို့ရောက်ခဲ့တဲ့ တိုက်ကြီးဘက်မှာ တော့ ဒေသခံတွေက တောဆင်ရိုင်းတွေ ကို အဲဒီလိုတုံ့ပြန်ဖို့ နေနေသာသာ၊ ဆဲဆို ကြိမ်းမောင်းတာတောင် မလုပ်ဝံ့ကြပါ ဘူး။ အကြောင်းကတော့ သူတို့မှာ ယုံ ကြည်မှုတစ်ခု ရှိနေလို့ပါပဲ။

အဲဒါကဘာလဲဆိုတော့ ဆင်တွေကို ဆဲဆိုကြိမ်းမောင်းပြီး ထိခိုက်ဒဏ်ရာရ အောင် ပြုလုပ်ရင် အဲဒီလိုလုပ်တဲ့သူတွေ ကို ဆင်တွေက မှတ်ထားပြီး ပြန်လည် သတ်ဖြတ်တတ်တယ်လို့ ယုံကြည်ကြ လို့ဖြစ်ပါတယ်။

သပြုသစ်တောကြိုးဝိုင်းအတွင်းက ကလောအရပ်မှာ နေထိုင်တဲ့ ရွာသား တစ်ယောက်ဆိုရင် လွန်ခဲ့တဲ့ငါးနှစ်က အရက်မူးပြီး ဆင်ကို ဆဲဆိုကြိမ်းမောင်း ခဲ့ပြီးနောက် မကြာခင်မှာပဲ ဆင်နင်းခံရ ပြီး တစ်စစီ ဖြစ်သွားခဲ့ဖူးတယ်လို့ဆိုတယ်။

ဒါကြောင့် သူတို့အနေနဲ့ ဆင်ကို စော်ကားဖို့အသာထား၊ ဆင်ဆိုတဲ့လေသံ ကိုတောင် ကျယ်ကျယ်မပြောရဲဘူးလို့ အဲဒီက အသက် ၆ဝ ရှိတဲ့  ဒေါ်နှင်းနွဲ့က ပြောပြတယ်။ သူတို့ဒေသမှာ ဆင်တွေကို တချို့လူတွေက ‘ဆင်’လို့တောင် နာမည် တပ်မခေါ်ကြဘူး။ ‘ဘိုးတော်’၊ ‘ရတနာ ကြီး’ စသဖြင့် ရိုသေသမှုနဲ့ ခေါ်ဝေါ် ကြပါ တယ်။

ဆင်ကြောင့် မြေးမလေးသေဆုံးခဲ့ ရတဲ့ ဒေါ်အေးသိန်းဆိုရင် ဆင်ကို ရတနာကြီးလို့သာ ခေါ်ဝေါ်ပြီး သူ့ခြံဝင်းထဲ ဆင်အကြောင်းမကောင်းပြောရင် အလွန် စိတ်ဆိုးတတ်ကာ ပြောတဲ့လူကို ဆဲဆို မောင်းထုတ်တယ်လို့ဆိုပါတယ်။

”တချို့က ပြောကြတယ် ဆင် အကြောင်းကို။ ပါးစပ်တွေက ဗလွတ် ရွှတ်တောက်ပေါ့။ ဆင်နှာမောင်းချက်စား မှာတို့၊ နားရွက်သားချက်စားမှာတို့။ အဲဒီ လိုမျိုးဆို အဘွားက ဆဲတာ”လို့ ဒေါ်အေး သိန်းက ပြောပြပါတယ်။

ဒေါ်နှင်းနွဲ့ကတော့ ဆင်ရန်ကို ကြောက်လို့ ညဘက်အိပ်ခါနီးတိုင်း ဘုရားရှိခိုးကာ ဆင်တွေကို စောင့်ရှောက် တယ်လို့ ယုံကြည်ထားတဲ့ ဦးတိန်နတ် ကိုလည်း ဆုတောင်းမေတ္တာပို့တယ်လို့ သူက ဆိုပါတယ်။

”အိပ်ခါနီးဆုတောင်းတယ်။ ဦးတိန်နတ်ကြီးရယ်၊ သမီးတို့ကို စောင့် ရှောက်ပါ၊ သနားပါ”လို့ ဒေါ်နှင်းနွဲ့က သူ့ရဲ့ ရွတ်ဖတ် ဆုတောင်းပုံကိုပြောပြတယ်။ ညဘက် ကောင်းကောင်းမအိပ်ရတဲ့ အတွက် ဒေါ်နှင်းနွဲ့ဟာ မျက်တွင်းဟောက် ပက်ဖြစ်ပြီး လူကလည်း ခပ်ယဲ့ယဲ့ဖြစ် နေတယ်။

ဒေါ်နှင်းနွဲ့က ငိုသံပါကြီးနဲ့ အခုလို လည်း ပြောပါတယ်။   ”ကြောက်အားကြီး လွန်းလို့ နေလည်း မနေချင်တော့ဘူး။ ငြီး လည်း ငြီးငွေ့လာပါပြီ။ ရွာထဲကျတော့ ဝယ်လည်း မဝယ်နိုင်။ ဒါကြောင့် တော ထဲမှာ ရှင်းလင်းပြီး နေနေရတာ”

ကျွန်တော်တို့နဲ့ ဒေါ်နှင်းနွဲ့စကား ပြောနေတဲ့အချိန်မှာပဲ တောထဲသွားတဲ့ ဒေါ်နှင်းနွဲ့ရဲ့ ဆွေမျိုးတစ်ယောက် ဆင်နဲ့ တွေ့လို့ သစ်ပင်ပေါ် တက်ပုန်းနေရ ကြောင်း သတင်းစကားကြားရတာနဲ့ အိမ် ဝိုင်းထဲမှာရှိတဲ့ လူအချို့ ကူညီဖို့အတွက် ထွက်သွားကြပါတယ်။

ဒေါ်နှင်းနွဲ့တို့ စတင်နေထိုင်တဲ့ အချိန်တုန်းက ဒီကြိုးဝိုင်းထဲမှာ သစ်ပင် ကြီးတွေ၊ ဝါးရုံပင်တွေနဲ့ အုပ်အုပ်ဆိုင်း ဆိုင်း ရှိခဲ့ပါတယ်။ သူတို့မိသားစုဆိုရင် ဆင်ရန်က ကာကွယ်ဖို့အတွက် သစ်ပင် ကြီးတွေကို အမှီပြု လင့်စင်ထိုးပြီး လှည့် လည်နေထိုင်ရာက အခုဆို လင့်စင်ထိုး စရာ သစ်ပင်မပြောနဲ့၊ ဝါးရုံပင်တွေ တောင် မရှိတော့လို့ မြေကြီးပေါ်မှာ ဆွေ မျိုးတွေနဲ့ တဲထိုးကာ စုဖွဲ့ပြီးနေနေရ တယ်လို့ဆိုတယ်။

ဒီလိုအကာအကွယ်မဲ့နေတဲ့အခြေအနေမျိုးမှာ ဒေါ်နှင်းနွဲ့ တို့ရဲ့  အားကိုးရာက ဦးတိန်နတ်။

ဦးတိန်နတ်(သို့) ဦးတိန်နနတ် ဆိုတာ ဆင်ဦးစီးဘဝတုန်းက ဆင်ကို နိုင်လွန်းသူဖြစ်ပြီး သူသေသွားတဲ့အခါ သူ့ ကိုပူဇော်ရင် ဆင်အန္တရာယ်က ကင်းဝေး တယ်လို့ ဆင်လောကက ယုံကြည်ပူဇော် ရာကနေ ဒေသခံတွေပါ ယုံကြည်လာ ကြတာဖြစ်တယ်လို့ စည်သူဒေါက်တာ ဝမ်ထွန်းကဆိုပါတယ်။

ဘယ်တုန်းက စပြီးသူ့ကို ကိုးကွယ် တာလဲဆိုတာကို သူလည်း အသေအချာ မသိဘူးလို့ ဆိုပါတယ်။ သူကိုယ်တိုင်လည်း တောဆင်ရိုင်းထွက်ဖမ်းတဲ့အခါ၊ တော ဆင်ရိုင်းမောင်းတဲ့အခါ၊ တောတောင် တွေထဲကို ဝင်တဲ့အခါ ဦးတိန်နနတ်ကို ဆုတောင်းမှု ပြုလုပ်လေ့ရှိတယ်။

နတ်တွေလည်း မကယ်နိုင်

ဒေါ်အေးသိန်းတို့ရွာက အသက် ၆၃ နှစ်အရွယ် ဦးတင်စိုးဆိုရင်လည်း အခြား ဒေသခံတွေလိုပဲ အစတုန်းက ယုံကြည် သမှုနဲ့ နတ်အပေါင်းတို့ထံမှာ ဆုတောင်း ခဲ့ဖူးပါတယ်။

အမွှေးတိုင်၊ ဖယောင်းတိုင်တွေ ထွန်းညှိပူဇော်ပြီး ဦးတိန်နတ်အပါအဝင် တောပိုင်၊ တောင်ပိုင်နတ်တွေကို တိုင် တည်ကာ သူ့စိုက်ခင်းတွေကို ဆင်တွေ ရှောင်ကွင်းသွားဖို့ ဆုတောင်းခဲ့ဖူးတယ် လို့ ဆိုပါတယ်။

ဒါပေမဲ့ သူ့ဆုတောင်းမပြည့်ခဲ့ပါ ဘူး။ သူ့ရဲ့ကြံစိုက်ခင်းဧက သုံးဆယ်နဲ့ ငှက်ပျောရှစ်ဧကကို ဆင်တွေက ဝင်ဖျက် သွားခဲ့တယ်လို့ ဦးတင်စိုးက ဆိုပါတယ်။ ဒါတင်မကသေးပါဘူး။ စိုက်ခင်းထဲဝင်တဲ့ ဆင်တွေကို သူတို့ ရွာသားတွေ သွား ရောက်မောင်းထုတ်ခြောက်လှန့်တဲ့အခါ လိုက်လံကူညီပေးတဲ့ ရွာက ကျောင်းထိုင် ဘုန်းကြီးတောင် ဆင်နင်းလို့ ပျံလွန်တော် မူသွားရတယ်လို့ ဆိုပါတယ်။ ဒီဖြစ်စဉ် တွေက လွန်ခဲ့တဲ့ လေးနှစ်လောက်က ဖြစ် ခဲ့တာပါ။

အဲဒီနောက်တော့ ယုံကြည်မှုနဲ့ ဘယ်လိုပဲဆုတောင်းနေပေမယ့် ထူးမလာ တဲ့အခါ ဦးတင်စိုးဟာ မျှော်လင့်ချက်မဲ့ လာပြီး အခုလို စိတ်ကို ဒုန်းဒုန်း ချလိုက်ပါ တော့တယ်။

”မလုပ်တော့ဘူး။ ဆုတောင်း လည်း အလကားပဲ။ အပိုအလုပ်တွေပ ဲ” ။        ။

၂၀၁၆-မတ်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၃)မှ သတင်းဆောင်းပါးဖြစ်ပါသည်။

သက်ဦးမွန် နှင့် ကျော်ဇေယျ ရေးသည်။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."