စစ်တွေ- ၂၀၂၅ ဖေဖော်ဝါရီ ၁၉ ( မော်ကွန်း)
စစ်ကောင်စီပိတ်ဆိုမှုကြောင့် မြို့ကနေထွက်မရဘဲပိတ်မိနေတဲ့ စစ်တွေမြို့ခံတွေထဲက လက်လုပ်လက်စားတချို့ဟာ စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကြောင့် သေကြောင်းကြံစည်တာတွေ ရှိနေတယ်လို စစ်တွေမြို့ခံတချို့ကပြောပါတယ်။
စစ်ကောင်စီက မြို့ထဲမှာ လုံခြုံရေးတင်းကျပ်ထားတာတွေ၊ မြို့ခံတွေကို ဖမ်းဆီးစစ်ဆေးတာတွေရှိတဲ့အတွက် အိမ်အပြင်ထွက်ပြီးအလုပ်လုပ်ဖို့အဆင်မပြေတဲ့အပြင် အလုပ်အကိုင်တွေရှားပါးလာတဲ့အတွက် အခုလို သေကြောင်းကြံစည်လာကြတာလို့ သူတို့ကဆိုပါတယ်။
” အဆိပ်စားပြီး သတ်သေကြတဲ့သူတွေလည်းရှိတယ်။ ကြိုးဆွဲချသေကြတာတွေလည်း ရှိပါတယ်။ တစ်နေ့စာ တစ်နေ့ရှာစားနေကြတဲ့သူတွေက အလုပ်လည်းမရှိ၊ စားစရာလည်းမရှိဖြစ်လာကြတော့ ဘဝကိုအရှုံးပေးပြီး သတ်သေသွားကြတာပါ။ တချို့ ဒေသခံတွေလည်း ထမင်းငတ်နေကြတာတွေ ရှိနေပါတယ်” လို့ စစ်တွေမြို့ခံတစ်ဦးက ပြောပါတယ်။
အခုဆိုရင် စစ်တွေမြို့က တချို့နေရာတွေနဲ့ ရပ်ကွက်တွေမှာ ဖုန်းလိုင်းတွေပြတ်တောက်နေပြီး အမြင့်ပိုင်းနေရာတွေမှာသာ ဖုန်းလိုင်းရတယ်လို့လည်း သူကဆက်ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဧပြီလကတည်းက စစ်တွေမြို့ခံတွေကို မြို့ထဲကနေတိမ်းရှောင်ကြဖို့ အာရက္ခတပ်တော်(AA) က တရားဝင်စာထုတ်ပြန်အသိပေးခဲ့တာဖြစ်ပြီး အခုတော့ ရခိုင်မြောက်ပိုင်းမှာ နောက်ဆုံးလက်ကျန်မြို့ဖြစ်တဲ့ စစ်တွေကို AA က သိမ်းပိုက်ဖို့ ထိုးစစ်ဆင်နေပြီလည်း ဖြစ်ပါတယ်။
AA ရဲ့ သတိပေးချက်ထွက်လာပြီးကတည်းက စစ်တွေမြို့ခံအများစုဟာ ရခိုင်ပြည်နယ်က AA ထိန်းချုပ်နယ်မြေတွေဘက်အပါအဝင် ရန်ကုန်မြို့အထိ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာ ရှိပေမယ့် ငွေကြေးအခက်အခဲကြောင့် ထွက်မပြေးနိုင်ခဲ့သူတွေဟာ မြို့တွင်းမှာ ပိတ်မိခဲ့ကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ထိုသူတွေကို အခုအခါ မြို့ပြင်ထွက်ခွင့်ပါ ပိတ်ပင်လိုက်ပြီဖြစ်ပါတယ်။
” မိသားစုတွေကတော့ နယ်ဘက်တွေကို ထွက်ပြေးလို့ ရလိုက်ပါတယ်။ ကျွန်တော်တို့ ညီအကိုက အိမ်အခြေအနေကိုစောင့်ကြည့်ရင်း ကျန်ခဲ့တာကနေ ထွက်ဖို့လမ်းမရဘဲ အခုချိန်အထိ ပိတ်မိသွားတာပါ။ အခုဆို လက်ထဲမှာလည်း ငွေအများအစား မရှိတော့ဘူး။ စစ်ပွဲအခြေအနေတွေကလည်း ပြင်းလာတယ်။ မြို့အနီးနားတွေမှာ လေယာဥ်နဲ့ကြဲတဲ့အသံတွေကလည်း ဆူညံနေတယ်။ မြို့ထဲမှာဖြစ်လာရင်တော့ အသေမခံနိုင်ဘူး။ ရတဲ့နည်းနဲ့ ထွက်ဖို့ကြိုးစားရမှာပေါ့” လို့ စစ်တွေဒေသခံတစ်ဦးက လက်ရှိအခြေအနေကို ပြောပါတယ်။
လက်ရှိအခြေအနေအရ စစ်တွေမြို့အနီးဝန်းကျင်မှာ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီကလည်း အနီး ပတ်ဝန်းကျင်ရွာတွေကို ဂျက်လေယာဥ်တွေနဲ့ တောက်လျှောက်ဗုံးကြဲနေတယ်လို့ သူတို့ကဆိုပါတယ်။
ဒီလ ၁၇ ရက်ကလည်း စစ်တွေမြို့ရဲ့ တစ်ဘက်ကမ်းမှာရှိပြီး AA ထိန်းချုပ်ထားတဲ့ ပေါက်တောမြို့နယ်၊ သဲခုံရွာနဲ့ ငပြီကျွန်းကို စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ပါသေတယ်။ ဆက်သွယ်ရေးအခက်အခဲကြောင့် ထိခိုက်သေဆုံးမှု အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
အခုဆိုရင် ရခိုင်တောင်ပိုင်းက တရုတ်စီမံကိန်းတွေတည်ရှိတဲ့ ကျောက်ဖြူမြို့၊ ပင်လယ်ထဲကကျွန်းမြို့ဖြစ်တဲ့ မာန်အောင်မြို့နဲ့ ပြည်နယ်မြို့တော် စစ်တွေမြို့တို့ကလွဲရင် ပြည်နယ်တစ်ခုလုံးကို AA ထံ စစ်ကောင်စီက လက်လွတ်ဆုံးရှုံးထားရပြီ ဖြစ်ပါတယ်။
ပုံစာ- ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့အဝင်ဆိုင်းဘုတ်
ဓါတ်ပုံ- APM

