ရန်ကုန် – ၂၀၂၅ ဇွန် ၂၃ (မော်ကွန်း)
ပဲခူးတိုင်း၊ မင်းလှမြို့နယ်ထဲက ရန်ကုန်-ပြည်ကားလမ်းဘေးနဲ့ လမ်းအရှေ့ခြမ်း ပဲခူးရိုးမအစပ်က ရွာတွေကို စစ်ကောင်စီတပ်က ဒီရက်တွေအတွင်း စစ်ကြောင်းထိုး၊ ရွာမီးရှို့တာတွေ လုပ်နေလို့ ဒေသခံတွေ ဘေးလွတ်ရာကိုထွက်ပြေးနေကြရတယ်လို့ ဒေသခံတချို့ကပြောပါတယ်။
ရန်ကုန်-ပြည်လမ်း၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့အနီးမှာရှိတဲ့ စစ်ကွင်းတာဆုံက စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေ ဒီလ ၁၆ ရက်က ဝင်တိုက်ခဲ့ရာမှာ ဒုဗိုလ်မှူးကြီးတစ်ဦးအပါအဝင် အရာရှိတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ လောက် သေခဲ့ရပြီးနောက် ရွာတွေကို စစ်ကြောင်းထိုးမီးရှို့နေတာ ဖြစ်ပါတယ်။
“ အင်အား ၄၀၀ လောက်နဲ့ စစ်ကွင်းနဲ့မင်းလှကြားက ရိုးမဘက်ခြမ်းကရွာတွေကို မီးရှို့ စစ်ကြောင်း ထိုးနေတာ။ အဲဒီဘက်ကနေ တိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည်တွေလည်း မင်းလှမြို့ပေါ် တချို့ ရောက်လာကြတယ်။ မင်းလှမြို့ထက် စစ်ကွင်းမြို့နဲ့ ပိုနီးတဲ့ဘက်ကရွာတွေ ဖျက်ဆီးခံနေရတာ” လို့ မင်းလှမြို့မှာ နေထိုင်သူတစ်ဦးက ဒီနေ့ပြောပါတယ်။
ဒီလ ၁၉ ရက်ကစပြီး စစ်ကောင်စီတပ်ဟာ မင်းလှမြို့နယ်ထဲက ဂန့်ဂေါ်ပင်ကျေးရွာအုပ်စုနဲ့ ထောက်ကြန့် ကျေးရွာအုပ်စုတွေကရွာတွေကို စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံအများအပြားဟာ မင်းလှမြို့ပေါ်နဲ့ တခြားဘေးလွတ်ရာရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရပါတာ ဖြစ်ပါတယ်။
“ သူတို့က(စစ်ကောင်စီ) စစ်ကြောင်းသာ ထိုးတယ်ပြောတာ။ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ရိုးမထဲကို မထိုးရဲဘူး။ ကားလမ်းနဲ့ ၁၀ မိနစ်၊ ၁၅ မိနစ်လောက်သွားရတဲ့နေရာကရွာတွေလောက် လှည့်ပတ်ထိုးနေတာ” လို့ အထက်ပါမင်းလှမြို့ခံက ပြောပါတယ်။
ဒီလ ၁၉ ရက်မှာ ပဲခူးရိုးမအစပ်နားမှာရှိတဲ့ လက်ပံတန်းမြို့နယ်ထဲက ရေငံကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရင်းကို သာယာဝတီခရိုင် PDF တပ်တွေနဲ့ မဟာမိတ်တပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ငါးဦးသေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
၂၀ ရက်နေ့မှာတော့ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ မင်းလှမြို့နယ်၊ တောင်ပြတ်ကျေးရွာအနီး တိုက်ပွဲဖြစ်ခဲ့ပြီး သာယာဝတီခရိုင် PDF တပ်ရင်းက ရဲဘော်ငါးဦးထက်မနည်း ကျဆုံးသွားရတယ်လို့ တော်လှန်ရေး တပ်တွေက ထုတ်ပြန်ပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်းက သာယာဝတီ၊လက်ပံတန်း၊ မင်းလှနဲ့ အုတ်ဖိုမြို့နယ်တွေက စစ်ကောင်စီခန့် အုပ်ချုပ်ရေး မှူးတွေ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီသတင်းပေးတွေကို ဒေသတွင်းပြောက်ကျားတပ်တွေက ရှင်းလင်းပစ်ခတ်တာတွေ ဆက်တိုက်ရှိနေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ဒီနေ့မနက်ပိုင်းမှာတော့ မင်းလှမြို့နယ်၊ ထောက်ကြန့်ကျေးရွာအုပ်စုက ဆားချောင်းရွာနဲ့ ဆင်အိုင်ပေါက်ရွာတို့ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီး ရွာကိုလည်း မီးရှို့နေတယ်လို့ တော်လှန်ရေးအင်အားစုတွေက အသိပေးပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်ဟာ ရန်ကုန်-ပြည်ကားလမ်းအရှေ့ဘက် ပဲခူးရိုးမအစပ်က ရွာတွေကို ပိတ်ဆို့ ရှာဖွေနေပြီး ဒေသခံအများအပြား ပိတ်မိနေတယ်လို့ ဒေသတွင်းသတင်းတချို့က ဖော်ပြပါတယ်။
ဒီတိုက်ပွဲတွေကြောင့် မင်းလှမြို့နယ်မှာ ကျေးရွာပေါင်း ၁၀ ရွာလောက်က ဒေသခံ ထောင်နဲ့ချီပြီး စစ်ဘေးရှောင်နေ ကြရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီကို ခုခံနေတဲ့ တိုက်ပွဲတွေကြောင့် ပဲခူးတိုင်းအရှေ့ခြမ်းနဲ့အနောက်ခြမ်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၂၄၀,၀၀၀ လောက်ရှိနေပြီး အဲဒီအထဲက ၂၀,၀၀၀ ကျော်ဟာ ပဲခူးတိုင်းအနောက်ခြမ်းကဖြစ်တယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက သတိပေးပါတယ်။
ပုံစာ – သာယာဝတီခရိုင်အတွင်း လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့
ဓါတ်ပုံ – မြေအောက်ပြောက်ကျားတပ်ဖွဲ့ -အုတ်ဖို

