ရန်ကုန် – ၂၀၂၄ ဒီဇင်ဘာ ၄ (မော်ကွန်း)
ကချင်ပြည်နယ်က ခရိုင်မြို့ကြီးဖြစ်တဲ့ ဗန်းမော်မြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေ ဒီနေ့မနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ကာ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
KIA နဲ့ ပူးပေါင်းတပ်တွေဟာ ဒီနေ့လယ်ပိုင်းထိ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့ပေါ်ထိ ထိုးဖောက် ဝင်ရောက်လာနေပြီး ဗန်းမော်လေဆိပ်ကိုပါ သိမ်းယူလိုက်ပြီလို့ မြေပြင်အခြေအနေကိုသိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဗန်းမော်မြို့ဟာ စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ဖြစ်တဲ့ စကခ (၂၁) အပါအဝင် ခြေလျင်တပ်ရင်း၊ ထောက်ပို့ထပ်ရင်း၊ ဆေးတပ်ရင်း၊ ဆက်သွယ်ရေးတပ်ရင်း၊ အမြှောက်တပ်ရင်း၊ သံချပ်ကာတပ်ရင်း၊ စစ်အင်ဂျင်နီယာတပ်ရင်းတွေအခြေစိုက်ကာ စစ်ကောင်စီကအခိုင်အမာခြေကုပ်ယူထားတဲ့ မြို့တစ်မြို့ပါ။
“ စစ်တပ်က မြို့ကို အထပ်ထပ် ကာရံထားတဲ့ ပုံစံနဲ့ နေရာယူထားတာပေါ့။ ဗန်းမော်မြို့ရဲ့ တစ်မိုင်ပတ်လည်မှာ စစ်တပ်တွေချည်းပဲ” လို့ ဗန်းမော်မြို့ခံတစ်ဦးက ပြောပါတယ်။
KIA နဲ့ ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့လပိုင်းတွေကတည်းက ဗန်းမော်မြို့ရဲ့ ဘေးက ဧရာဝတီရဲ့ မြစ်လက်တက်တစ်ခုဖြစ်တဲ့ တာပိန်မြစ်တစ်ဖက်ကမ်းအထိ စိုးမိုးထားခဲ့တာဖြစ်ပြီး လေကြောင်းထောက်ပို့တစ်ခုသာ အားကိုးနေရတဲ့စစ်ကောင်စီကို ဖိအားပေးနေတာဖြစ်တယ်လို့ သူက ဆိုပါတယ်။
“ တာပိန်တစ်ဖက်ကမ်းကနေ မြို့ထဲက လေယာဉ်ကွင်းကို ရှော့တိုက်ဒုံးတွေနဲ့ ထုနေတာကကြာပြီ။ စစ်တပ်ကလည်း အဲဒီဘက်ကို အမြှောက်နဲ့ ပစ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတာတွေ လုပ်နေကြပဲ” လို့ ဗန်းမော်မြို့ခံက ရှင်းပြပါတယ်။ ဗန်းမော်မြို့တွင်း တာပိန်မြစ်ကမ်းမှာတော့ စစ်ကောင်စီရဲ့ စစ်ဗျူဟာတပ်ရင်းနဲ့ အကျဉ်းထောင်တွေ တည်ရှိတယ်လို့ သူကရှင်းပြပါတယ်။
ဗန်းမော်မြို့ကို KIA ဝင်တိုက်တော့မယ်ဆိုတဲ့သတင်းကို အဲဒီမှာနေထိုင်တဲ့ ကချင်အသိုင်းအဝိုင်းတွေအပါအဝင် မြို့ခံတွေဟာ ကြိုတင်သတင်းရထားခဲ့တာ ရက်သတ္တပတ်နဲ့ချီ ကြာခဲ့ပြီဖြစ်ပြီး အခုမှဝင်တိုက်တာလို့ သူက ပြောပါတယ်။
“ ခရစ္စမတ်မတိုင်မီ အပြီးသိမ်းမယ်ဆိုတာ ကြိုသတင်းလွှင့်ထားပါတယ်။ တစ်ခုရှိတာက မြစ်ကြီးနားကိုလည်း သိမ်းမယ်လို့ သတင်းထွက်လာတော့ တချို့ စစ်မရှောင်ကြသေးဘဲ ဆက်နေသူတွေ အခုပိတ်မိကုန်တာ” လို့ အထက်ပါ ဗန်းမော်သတင်းရင်းမြစ်က ရှင်းပြပါတယ်။
ဒီနေ့လယ်ပိုင်းအထိ နှစ်ဘက်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေယာဉ်နဲ့ မြို့ကို ဗုံးကြဲတာတွေ မရှိသေးဘူးလို့ သူက ပြောပါတယ်။
” တိုက်ပွဲဖြစ်လာခဲ့ရင် မြို့ခံတွေထွက်ဖို့ လမ်းဖွင့်ပေးမယ်လို့ KIA က အရင်ကတည်းက ကြေညာထားတာ ရှိပါတယ်။ ဒီနေ့ မနက်ပိုင်းကလည်း မြစ်ကိုဖြတ်ကူးပြီး စစ်ရှောင်မယ့်သူတွေကို ဖွင့်ပေးထားတာရှိတယ်။ အခုတော့ တိုက်ပွဲပြန်ပြင်းထန်လာလို့ ခဏပြန်ပိတ်ထားတယ်” လို့ ဒီနေ့လယ်ပိုင်းမှာ သူကပြောပါတယ်။
ဗန်းမော်မြို့ဟာ ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ကမ်းပါးပေါ်မှာရှိပြီး ရွှေလီမြစ်၊ တာပိန်မြစ်ကြောင်းတွေနဲ့လည်း ဆက်စပ်နေကာ တရုတ်နိုင်ငံနယ်စပ်နဲ့ဆိုရင် မိုင် ၅၀ ခန့်ပဲ ကွာဝေးတာပါ။ တရုတ်နိုင်ငံကို ခိုးထုတ်တဲ့ သစ်ကားတွေဟာ ဗန်းမော်-လွယ်ဂျယ် လမ်းပိုင်းကို အဓိက အသုံးပြုတာလို့ ဒေသခံတချို့က ပြောပါတယ်။
တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးမှာ ဆက်သွယ်ရေးအရ အချက်အခြာကျတဲ့ မြို့တစ်မြို့ဖြစ်ခဲ့တဲ့အပြင် လက်ရှိမှာလည်း ခရိုင်မြို့ကြီး ဖြစ်ပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ တစ်သိန်းသုံးသောင်းကျော် နေထိုင်ပါတယ်။
ဒေသတွင်းသတင်းတွေမှာတော့ KIA ဟာ ဗန်းမော်အပါအဝင် ရွှေကူနဲ့ မံစီမြို့တွေကို တစ်ပြိုင်နက် တိုက်ခိုက်နေတာလို့ ရေးကြပါတယ်။ ရွှေကူမြို့ဟာ ဗန်းမော်နဲ့ မိုင် ၄၀ ကျော် ဝေးပြီး မံစီမြို့ကတော့ ၁၁ မိုင်လောက်ဝေးတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
“ မံစီက နဂိုကတည်းက သူတို့(KIA) မတိုက်ချင်လို့ ချန်ထားတဲ့သဘောပါပဲ။ မြို့ထဲအထိ ဝင်ထွက်နေကြတာ ကြာပြီ ” လို့ ဗန်းမော်မြို့ခံက ပြောပါတယ်။
မနေ့တုန်းကလည်း မြစ်ကြီးနားလေတပ်နားက အမြှောက်တပ်ဟာ ဧရာဝတီတစ်ဖက်ကမ်းက ဝိုင်းမော်မြို့ဘက်ကို အမြှောက်နဲ့ ပစ်ခတ်သံတွေ ကြားနေရတယ်လို့ မြစ်ကြီးနားမြို့ခံတစ်ဦးကလည်း ပြောပါတယ်။ အဲဒီ ဝိုင်းမော်မြို့အနီးက ဆဒုံးမြို့အထိ KIA က သိမ်းထားတာ ဖြစ်ပါတယ်။
KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကတော့ ဗန်းမော်တိုက်ပွဲဖြစ်နေတာကို အတည်ပြုပေမယ့် အသေးစိတ်ကို မသိသေးဘူးလို့ မီဒီယာတချို့ကို ဖြေဆိုထားပါတယ်။
KIA နဲ့ ပူးပေါင်းတပ်တွေဟာ ဒီနှစ်အစပိုင်းကစလို့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက မြို့တွေကို စစ်ကောင်စီထံကနေ တိုက်ခိုက်သိမ်းယူနေတာ ဖြစ်ပါပြီး ကချင်ပြည်နယ်နဲ့ တရုတ်နိုင်ငံထိစပ်နေတဲ့ နယ်စပ်တကြောက မြို့ရွာတွေမှာ စစ်ကောင်စီကင်းစင်သွားခဲ့ပြီလည်း ဖြစ်ပါတယ်။
ဗန်းမော်၊ မန်စီ၊ ရွှေကူ မြို့တွေသာ ယခု စတင်တဲ့ KIA ထိုးစစ်အတွင်းမှာ ကျသွားခဲ့ရင် ကချင်ပြည်နယ် အတွင်းမှာ ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းဒေသဟာ စစ်ကောင်စီ ကင်းစင်နယ်မြေ ဖြစ်လာမှာဖြစ်ပြီး တစ်မြို့လုံးနီးပါး စစ်ဘေးရှောင်နေကြပြီဖြစ်တဲ့ မြစ်ကြီးနားမြို့တစ်ဖက်ကမ်းက ဝိုင်းမော်မြို့တစ်မြို့သာ အရှေ့ဘက်ခြမ်းမှာ ကျန်တော့မှာလည်း ဖြစ်ပါတယ်။
ပုံစာ – ဗန်းမော်မြို့ ပတ်ပတ်လည်မှာ တိုက်ပွဲဖြစ်နေတာကြောင့် ဒေသခံတချို့ ရေလမ်းကနေ စစ်ဘေးရှောင်နေတဲ့ မြင်ကွင်း
ဓါတ်ပုံ – KNG

