ရန်ကုန်-၂၀၂၅ ဇူလိုင် ၁၁ (မော်ကွန်း)
ရှမ်းမြောက်က ကျောက်မဲမြို့ကို ဒီနေ့မနက် သုံးနာရီလောက်မှာ စစ်ကောင်စီက လေကြောင်းဗုံးကြဲတာကြောင့် အရပ်သား တစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်(TNLA) က ထုတ်ပြန် ပါတယ်။
ဗုံးဒဏ်ကြောင့် အမျိုးသားတစ်ဦးသေပြီး အမျိုးသမီးတစ်ဦးနဲ့အမျိုးသားလေးဦး ဒဏ်ရာရသလို နေအိမ် လေးလုံးထိခိုက် ပျက်စီးတယ်လို့ ဖော်ပြပါတယ်။
TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်၊နောင်ချိုနဲ့ကျောက်မဲမြို့နယ်တွေကို သီတင်းနှစ်ပတ်အတွင်း စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ခြောက်ဦးသေဆုံးကာ ကလေးနှစ်ဦးအပါအဝင် အရပ်သား ၂၈ ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ဒါ့အပြင် အိမ်အလုံး ၅၀၊ စာသင်ကျောင်းတစ်ကျောင်းနဲ့ ဘုန်းကြီးကျောင်းလေးကျောင်း ထိခိုက်ပျက်စီးခဲ့ ရတယ်လို့ ဖော်ပြပါတယ်။
ရှမ်းမြောက်မှာ TNLA ထံ စစ်ရှုံးထားတဲ့ မြို့ရွာတွေကို တရုတ်အကူအညီနဲ့ ပြန်ရယူဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီဟာ ဆွေးနွေးမှု တွေအဆင်မပြေတဲ့နောက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေဆက်တိုက်လုပ်နေတာဖြစ်ပြီး ဒီဖြစ်စဉ်တွေအတွင်း အရပ်သားသေဆုံးမှုတွေ မြင့်တက်နေတယ်လို့ ဒေသတွင်းမီဒီယာတချို့ကလည်း ဖော်ပြပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ ဒီနေ့မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းက လင်းတလူးရွာကို လေကြောင်းကနေ ဗုံးကြဲတဲ့ အတွက် အဲဒီရွာက ဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေကြတဲ့ အရပ်သား ၃၀ ဝန်းကျင်သေဆုံးပြီး ၅၀ လောက် ဒဏ်ရာ ရခဲ့တယ် လို့ တော်လှန်ရေးတပ်ဖွဲ့တချို့ကလည်း ထုတ်ပြန်ထားပါတယ်။

ပုံစာ- စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုခံခဲ့ရတဲ့ ကျောက်မဲမြို့က မြင်ကွင်း။
ဓါတ်ပုံ- TNLA

