ရန်ကုန် – ၂၀၂၄ နိုဝင်ဘာ ၆ (မော်ကွန်း)
တရုတ်ဘက်ကနေ မြန်မာဘက်ကို စက်သုံးဆီအပါအဝင် နယ်စပ်ကနေ ကုန်စည် တင်ပို့ခွင့်တွေကို ကန့်သတ် ပိတ်ဆို့လိုက်တဲ့နောက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်နယ်စပ်က မူဆယ်မြို့မှာ စက်သုံးဆီဈေး သုံးဆနီးပါး မြင့်တက်သွားတယ်လို့ ဒေသခံ တချို့က ပြောပါတယ်။
လက်ရှိမှာ တရုတ်နိုင်ငံဘက်ကနေ ဟင်းသီးဟင်းရွက်၊ အသား၊ငါး တချို့ကိုပဲ တင်သွင်းခွင့် ပေးနေပြီး စက်သုံးဆီ၊ လူသုံးကုန်ပစ္စည်း၊ လျှပ်စစ်နဲ့ အိုင်တီပစ္စည်း တွေကို အဓိကထားပြီး ကန့်သတ်ထားတာလို့ နယ်စပ်ကုန်သည် တချို့က ပြောပါတယ်။
တရုတ်နိုင်ငံက ပြီးခဲ့တဲ့လ ၂၂ ရက်ကစပြီး တရုတ်-မြန်မာ အဓိက နယ်စပ်ဂိတ်တစ်ခုဖြစ်တဲ့ မူဆယ်နယ်စပ်ဂိတ် အပါအဝင် သူတို့နဲ့ နယ်မြေထိစပ် ဖွင့်လှစ်ထားတဲ့ နယ်စပ်ဂိတ် အားလုံးကို ရက်အကန့်အသတ်မရှိ ပိတ်ခဲ့တာပါ။
အဲဒီနောက်ပိုင်း တရုတ်နယ်စပ်က မူဆယ်မြို့ပေါ်မှာ စက်သုံးဆီ ရှားပါးပြတ်လပ်မှုတွေ ဖြစ်လာပြီး ဓာတ်ဆီဆိုင်တွေက အကန့်အသတ်နဲ့ ရောင်းချတာကြောင့် ကား၊ဆိုင်ကယ်တွေ တန်းစီစောင့်ဆိုင်း ဝယ်ယူခဲ့ကြရပါတယ်။
ဒါ့အပြင် ပြည်တွင်းမှာ တစ်လီတာကို ၃,၀၀၀ ကျပ်ဝန်းကျင်ရှိတဲ့ ၉၂ ဓာတ်ဆီဈေးဟာ မူဆယ်မြို့မှာဆိုရင် တစ်လီတာကို ကျပ် ၇,၀၀၀ ကနေ ၁၀,၀၀၀ ကျပ်ထိ မြင့်တက်နေတယ်လို့ မူဆယ်မြို့က နယ်စပ်ကုန်သွယ်ရေး လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
“ ဒီလမကုန်ခင် ၂၅၊ ၂၆(ရက်) လောက်က စပြီး ဆီဈေးက စတက်လာတာပေါ့။ အခု တစ်ခါဝယ်ဖို့ နာရီနဲ့ချီ စောင့်ရတယ်။ ပြီးရင် လိုသလောက်လည်း မရတော့ဘူးပေါ့။ တစ်ခါဝယ်ရင် ငါးသောင်းဖိုးဆိုတောင် ဘယ်လောက်မှ မရဘူး” လို့ ၎င်းက ပြောပါတယ်။
စစ်ကောင်စီကို ရှမ်းမြောက်နဲ့ ကချင်ဒေသတွေမှာ စစ်နိုင်ထားတဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေ အပါအဝင် ကချင်၊ ‘ဝ’နဲ့ မိုင်းလား အဖွဲ့တွေ ထိန်းချုပ်ရာ ဒေသတွေက သူ့ရဲ့ နယ်စပ်ဂိတ်တွေကို ပိတ်ပစ်ပြီး အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံကြောင်းပြသတဲ့ တရုတ်ရဲ့ ဒီလုပ်ရပ်ကြောင့် ဒေသခံတွေဟာ ကုန်ဈေးနှုန်းကြီးတဲ့ဒဏ်နဲ့ ကုန်စည် ရှားပါးပြတ်လပ်တဲ့ ဒဏ်ကို ခံနေကြရတာ ဖြစ်ပါတယ်။
စစ်ကောင်စီနဲ့ စစ်မဖြစ်ခဲ့ပေမယ့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်တွေကိုလည်း တရုတ်ဘက်က ပိတ်လိုက်တာကြောင့် ကုန်စည်ပြတ်လပ်မှာကို ဒေသခံတွေ စိုးရိမ်နေကြပြီး စားသောက်ကုန်လို ပစ္စည်းတွေကို အလုအယက် ဝယ်ယူမှုတွေ ဖြစ်နေတယ်လို့ ဒေသတွင်း သတင်းဌာနတချို့က သတင်းဖော်ပြပါတယ်။
လက်ရှိမှာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကို ရောက်နေပြီး တရုတ်အစိုးရ တာဝန်ရှိသူတွေ၊ တရုတ်ကုန်သည်တွေနဲ့ နယ်စပ်ကုန်သွယ်ရေးကိစ္စရပ်တွေ ဆွေးနွေးနေတဲ့ ကာလမှာဘဲ တရုတ်ဘက်က နယ်စပ်ဂိတ်တွေကို ပိတ်ထားခဲ့တာပါ။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ စတင်ခဲ့တဲ့ ‘၁၀၂၇-စစ်ဆင်ရေး’အတွင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးရဲ့ အဓိက လမ်းကြောင်းဖြစ်တဲ့ မန္တလေး-မူဆယ်လမ်းပိုင်းရှိရာ ရှမ်းမြောက်ဒေသ တစ်ခုလုံးကို စစ်ကောင်စီဟာ လက်လွှတ်ဆုံးရှုံးလိုက်ရတာ ဖြစ်ပြီး လက်ရှိမှာ စစ်ကောင်စီဝင်တွေဟာ နယ်စပ်က မူဆယ်မြို့ကိုသာ ပြည်သူ့စစ်တွေနဲ့အတူ ပူးတွဲထိန်းချုပ်ထားနိုင်တော့တာ ဖြစ်ပါတယ်။
ပုံစာ – မူဆယ်မြို့မှာ စက်သုံးဆီ တန်းစီနေတဲ့မြင်ကွင်း
ဓာတ်ပုံ – ရှမ်းပြည်နယ်သတင်းစုံ တယ်လီဂရန်

