ရန်ကုန် – ၂၀၂၄ နိုဝင်ဘာ ၇ (မော်ကွန်း)
ဒီနှစ် ၁၀လအတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား ၁,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန်ခဲ့တဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။
ဒီမှတ်တမ်းကို အခုနှစ်ဇန်နဝါရီကနေ အောက်တိုဘာလထိ ပြုစုခဲ့တာဖြစ်ပြီး တစ်လပျှမ်းမျှ လူ ၁၀၀ ကျော် သေဆုံးခဲ့ရတဲ့ သဘောပါ။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅၄၀ ကျော်သေခဲ့ရပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် ၄၇၅ ဦး သေဆုံးခဲ့ရတာကို AAPP က အမည်တွေနဲ့တကွ အတည်ပြုမှတ်တမ်းတင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီနှစ်ထဲမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ရခိုင်ပြည်နယ်က အရပ်သား ၂၅၀ ကျော် သေဆုံးခဲ့ရပြီး တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ အများဆုံးထိခိုက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းမှာတော့ အရပ်သား သေဆုံးမှု ၂၃၀ နဲ့ ဒုတိယမြောက်အများဆုံးဖြစ်ခဲ့တယ်လို့ AAPP က ထုတ်ပြန်ပါတယ်။
သေဆုံးသူတွေထဲ အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၇၀ ကျော် ပါဝင်တယ်လို့လည်း ဖော်ပြပါတယ်။
စစ်ကောင်စီဟာ သူတို့စစ်ရှုံးလက်လွှတ်လိုက်ရတဲ့ မြို့ရွာတွေကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်နေပြီး လူနေရပ်ကွက် တွေကိုပါ ပစ်မှတ်ထားတိုက်ခိုက် လာတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာသူတချို့က ပြောပါတယ်။
“ ဒီနောက်ပိုင်းတော့ အရပ်သား လူနေရပ်ကွက်တွေကို ပိုပြီး တိုက်ခိုက်လာတယ်။ အဓိကတော့ ပြည်သူလူထု နေရပ်မပြန်ရဲအောင် စစ်ဘေးရှောင်တွေ ပြန်လာလို့ မရအောင် သူတို့ပိုပြီး ပစ်မှတ်ထားလာတယ်” လို့ လားရှိုးမြို့က စစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။
ဒီမြို့နဲ့ အဲဒီမှာ အခြေစိုက်တဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို စစ်ကောင်စီက ကိုးကန့်တပ်(MNDAA)ထံ ဒီနှစ်ထဲမှာ လက်လွှတ်အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။
အခုလို လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ သေဆုံးနေရမှုကို ဟန့်တားနိုင်ဖို့ လေယာဉ်လောင်စာဆီနဲ့ စစ်လက်နက်တင်ပို့မှုတွေကို တားဆီးပိတ်ပင်ကြဖို့ နိုင်ငံတကာနဲ့ ပြည်တွင်းလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက တောင်းဆိုနေပေမယ့် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကတော့ ရပ်တန့်သွားတာ မရှိသေးပါဘူး။
ပဋိပက္ခစောင့်ကြည့်လေ့လာတဲ့ ISP Myanmar အဖွဲ့ရဲ့ ဒီလ ၄ ရက်က အစီရင်ခံစာအရ စစ်တပ်အာဏာသိမ်းမှုအလွန် သုံးနှစ်ခွဲကျော်ကာလမှာ နိုင်ငံအနှံ့ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၇,၁၀၀ ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။
ဒီအထဲက အကြိမ်ရေ ၃,၉၀၀ ကျော်ဟာ မနှစ်ကအောက်တိုဘာမှာစတင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ‘၁၀၂၇-စစ်ဆင်ရေး’ နောက်ပိုင်းမှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
အဲဒီစစ်ဆင်ရေးအတွင်း စစ်ကောင်စီဟာ တော်လှန်ရေးတပ်ဖွဲ့တွေထံ မြို့ရွာ၊ နယ်မြေ၊ စစ်စခန်းတွေ အများအပြားဆုံးရှုံးထားတာပါ။
အာဏာသိမ်းပြီးကတည်းကဆိုရင် စစ်ကောင်စီဟာ မြို့နယ်ပေါင်း ၁၅၆ မြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု လုပ်ထားတယ်လို့ ISP-Myanmar က ဖော်ပြပြီး ဒါဟာ တစ်နိုင်ငံလုံးက မြို့နယ်အရေအတွက်ရဲ့ ထက်ဝက်ခန့်ကို လေကြောင်းတိုက်ခိုက်ထားတဲ့ သဘောပါ။
ဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် နိုင်ငံအနှံ့မှာ အရပ်သား ၂,၀၀၀ နီးပါးသေဆုံးခဲ့ရပြီ အဲဒီလူတွေထဲက ၈၀ ရာခိုင်နှုန်း ကျော်ဟာ ‘၁၀၂၇-စစ်ဆင်ရေး’ နောက်ပိုင်းမှာ သေခဲ့ကြရတာလို့ ISP-Myanmar က ဖော်ပြပါတယ်။ သူတို့စာရင်းအရ အရပ်သား ၁,၆၀၀ အထိ သေခဲ့ရတာလို့ ဆိုပါတယ်။
ပုံစာ – ပြီးခဲ့ရက်ပိုင်းက လားရှိုးမြို့ကို စစ်ကောင်စီဗုံးကြဲလို့ နေအိမ်တချို့ ပျက်စီးနေတဲ့မြင်ကွင်း။
ဓါတ်ပုံ- The Kokang
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

