ကနီ-၂၀၂၄ မတ် ၁၅ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်တစ်ဖက်ကမ်း၊ ကနီမြို့ပေါ်မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ၁၂ ရက်ကြာတိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းကနေ အကြိမ် ၃၀ ကျော် ဗုံးကြဲတိုက်ခိုက်လို့ ကနီတစ်မြို့လုံးနီးပါး မီးလောင်ပြာကျသွားတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။
ကနီမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို အခုလ ၂ ရက်ကစပြီး တော်လှန်ရေးပူးပေါင်းတပ်တွေက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းကနေအများအပြားတိုက်ခိုက်မှု၊ စစ်အင်အားတိုးချဲ့မှုတွေကြောင့် ပြန်ဆုတ်ခွာလိုက်ရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။
“သူတို့ ပေါင်ငါးရာ(ဗုံး)တွေနဲ့ကြဲတော့ အကောင်းက ဘာမှကိုမကျန်တော့ဘူး။ မြို့က တော်တော်လေးပြာကျသွားတယ်။ ကနီမှာ ရပ်ကွက်သုံးခုရှိတဲ့အထဲမှာ အဓိကတော့ ရပ်ကွက် ၂ အပိုင်းက ပိုထိသွားတာပေါ့။ သူက(စစ်ကောင်စီတပ်တွေတပ်စွဲထားတဲ့) ရဲစခန်း၊ ထွေအုပ်၊ ရွှေစည်းခုံကုန်းတို့ရှိတာကို။ မြို့ပေါ်တော့ အိမ်အကောင်းရှိမရှိတော့မသိဘူး။ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် မီးလောင်တာနဲ့ပြာကျသွားတာတွေများတယ်။ အိမ်အကောင်းကျန်မကျန်မသိဘူး”လို့ သူကဆိုပါတယ်။
တိုက်ပွဲစတင်ဖြစ်တဲ့နေ့က မြို့တွင်းမှာ ပိတ်မိခဲ့တဲ့ ဒေသခံအများအပြားရှိပြီး ကာကွယ်ရေးတပ်ဖွဲ့တွေက ကယ်ထုတ်ခဲ့ရတယ်လို့ သူကဆက်ပြောပါတယ်။
စစ်ကောင်စီထောက်ခံသူတွေနဲ့ သူတို့ရဲ့ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာတော့ မြို့ပေါ်က ဝန်ထမ်းငါးဆယ်ဝန်းကျင်ကို ကာကွယ်ရေးတပ်တွေက ဖမ်းဆီးထားတယ်လို့ ဆိုကြပါတယ်။
“ကနီမြို့ပေါ်မှာ ဒေသခံသေတာတော့(အရေအတွက် အတိအကျ) သေချာမသိသေးဘူး။ မြို့ပေါ် တိုက်ပွဲစဖြစ်တဲ့ ပထမဆုံးရက်မှာတော့ MI-35 နဲ့လာပစ်လို့ ပြည်သူတစ်ယောက်သေတယ်။ အိမ်တွေမီးလောင်တယ်။ နောက်တစ်ရက်မှာတော့ ပြည်သူတစ်ယောက်ထိခိုက်တယ်။ အိမ်တွေမီးလောင်တယ်။ ကနီမြို့ပေါ်မှာရှိတဲ့ ပြည်သူတွေအထိအခိုက်တော့ ကျွန်တော်တို့မသိသေးဘူး” လို့ တိုက်ပွဲအတွင်းပါဝင်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုပါတယ်။
လက်ရှိအချိန်ထိတော့ ကနီမြို့ခံတွေနဲ့ မြို့အနီးက ရွာတွေကရွာခံတွေဟာ တိုက်ပွဲမဖြစ်သေးတဲ့ကျေးရွာတွေ၊ တောတွေနဲ့ မုံရွာမြို့စတဲ့နီးစပ်ရာဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
“မြို့ပေါ်မှာ တိုက်ပွဲပြီးသွားပေမယ့် စစ်တပ်က ပြန်တပ်စွဲထားလို့ မပြန်ရဲသေးဘူး။ အခုလည်း မြို့နားက ရွာတွေကို မီးလိုက်ရှို့နေလို့ တိုက်ပွဲဝေးတဲ့ ရွာမှာရှောင်နေတယ်” လို့ ကနီမြို့ခံတစ်ဦးက ပြောပါတယ်။
မြို့တွင်းတိုက်ပွဲ ၁၂ ရက်အတွင်း နေ့စဉ်နီးပါးတိုက်ပွဲပြင်းထန်ခဲ့သလို နှစ်ဖက်ထိခိုက်ကျဆုံးမှုလည်းများခဲ့တယ်လို့ မြေပြင်တိုက်ပွဲဝင်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ဘက်က အကျအဆုံးက ကိုးယောက်နဲ့ ၁၀ ယောက် အဲဒီနှစ်ခုထဲက တစ်ခုပဲဗျ။ စစ်တပ်ဘက်ကတော့ များတယ်ဗျ။ ခန့်မှန်းချေကိုက ခြောက်ဆယ်ထက်ပိုမယ်ဗျ”လို့ သူကဆိုပါတယ်။
ကနီမြို့ပေါ်တိုက်ပွဲနဲ့ပက်သက်ပြီး အာဏာသိမ်းစစ်ကောင်စီကတော့ လက်ရှိအချိန်အထိ သတင်းတစ်စုံတစ်ရာထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
၁၂ ရက်ကြာ တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ကနီမြို့ဟာ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိတဲ့ မုံရွာမြို့နဲ့ မိုင် ၄၀ ဝန်းကျင်သာဝေးပြီး မြို့ပေါ်ရပ်ကွက်သုံးခု၊ ကျေးရွာပေါင်းတစ်ရာကျော်နဲ့ဖွဲ့စည်းထားတဲ့ စိုက်ပျိုးရေးလုပ်ငန်းအဓိကထားလုပ်ကိုင်တဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးဒုက္ခသည်ဦးရေဟာ ၂ ဒသမ ၇ သန်းကျော်အထိရှိလာနေပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHAရဲ့စာရင်းတွေမှာ ဖော်ပြထားပါတယ်။
ပုံစာ-ကနီမြို့ပေါ် အမှတ် ၁ ရပ်ကွက် ဗုံးကြဲခံရလို့ မီးလောင်နေပုံနဲ့ ကနီမြို့အဝင် မုခ်ဦး။
Photo – Supplied