ရေစကြို – ၂၀၂၂ ဇူလိုင် ၂၈ (မော်ကွန်း)
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ GTC ကျောင်းမှာတပ်စွဲနေတဲ့ အာဏာသိမ်းစစ်တပ်အဖွဲကို ဒီကနေ့နေ့လယ်က မိုင်းခွဲတိုက်ခိုက်လို့ စစ်သားတစ်ဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်း Yesagyo Revolution Group ရဲ့တာဝန်ရှိသူကပြောပါတယ်။
အများပြည်သူကို ရှာဖွေစစ်ဆေးမှုတွေလုပ်ဆောင်နေတဲ့ အာဏာသိမ်းစစ်တပ်ဂိတ်နဲ့ မလှမ်းမကမ်းမှာ မိုင်းဆင်ထားတဲ့ ဆိုင်ကယ်ကို ရပ်ထားခဲ့ရာ စစ်သားတစ်ဦးက အဲဒီဆိုင်ကယ်ကို သူတို့ဂိတ်အထဲကို တွန်းယူသွားပြီး ဆိုင်ကယ်နောက်ဖုံးကို လှန်လိုက်ချိန်မှာတော့ ပေါက်ကွဲသွားခဲ့တာလို့
Yesagyo Revolution Group ရဲ့တာဝန်ရှိသူကပြောပါတယ်။
“ဆိုင်ကယ်ရပ်ထားပြီး နာရီဝက်ကျော်ကြာမှ သူတို့ထဲကစစ်သားတစ်ယောက်က တွန်းပြီးဂိတ်ထဲယူသွားတာ၊ မိုင်းကိုလဲ ဆိုင်ကယ် တူးဘောက်လှပ်လိုက်တာနဲ့ပေါက်ကွဲအောင်စီစဥ်ထားခဲ့တာ “လို့ တာဝန်ရှိသူကပြောပါတယ်။
ဆိုင်ကယ်တူးဘောက်ကို လှန်လိုက်တဲ့စစ်သားဟာ နေရာတင်ပွဲချင်းပြီးသေဆုံးခဲ့ပြီး ဂိတ်အတွင်းမှာရှိတဲ့စစ်သား ငါးဦးခန့်ထပ်မံထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ပြောပါတယ်။
အာဏာသိမ်းတရားမဝင်စစ်တပ်ရဲ့ ကြိုးပေးသတ်ဖြတ်တာကိုခံခဲ့ရတဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့နဲ့ ကျဆုံးသွားတဲ့ရဲဘော်တွေအတွက် သွေးကြွေးရယူပေးတာဖြစ်တယ်လို့ တာဝန်ရှိသူကပြောပါတယ်။
ယခု ဖောက်ခွဲမှုက ဆိုင်ကယ်တစ်စီးအပြင် မိုင်းတွေပါ အသုံးပြုထားရတာကြောင့် ငွေကျပ် ဆယ်သိန်းနီးပါးကုန်ကျခဲ့ပြီး ဆက်လက်လုပ်ဆောင်နိုင်ဖို့ ကူညီလှူဒါန်းပေးဖို့အကူညီတောင်းခံထားပါတယ်။
ပေါက်ကွဲမှုဖြစ်ချိန် အနီးအနားက Express ခရီးသည်တင်ယာဉ်ကို မိုင်းစအနည်းငယ်ထိမှန်သွားတာကြောင့် Yesagyo Revolution Group မှ တော်လှန်ရေးအဖွဲ့သားအားလုံး ကိုယ်စားတောင်းပန်အပ်ကြောင်းပြောပါတယ်။
ပုံစာ – မိုင်းဆင်ပြီးထားခဲ့သည့်ဆိုင်ကယ်။
ဓါတ်ပုံ – Yesagyo Revolution Group
#Dailynews

