ရန်ကုန် – ၂၀၂၄ စက်တင်ဘာ ၂၆ (မော်ကွန်း)
ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်အထက်ကို ဒီနေ့မနက်ပိုင်းကစပြီး ရောက်ရှိလာတာကြောင့် မြစ်ကမ်းအနီးနဲ့ အနိမ့်ပိုင်းတွေမှာနေထိုင်သူတွေ ရေဘေးကင်းလွတ်လာနေရာတွေဆီ ရှောင်ရှားနေထိုင်ကြဖို့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ညနေပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ စိုးရိမ်ရေမှတ်အထက် တစ်လက်မကျော်ကိုရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အထက် လေးလက်မထိရောက်ရှိလာနိုင်တယ်လို့ မိုးဇလက အသိပေးထားတာပါ။
ပဲခူးရိုးမကနေ မြစ်ဖျားခံစီးဆင်းပြီး ရန်ကုန်မြစ်ကို စီးဆင်းတဲ့မြစ်တစ်စင်းဖြစ်တဲ့ ပဲခူးမြစ်ရေဟာ လာမယ့်ရက်တွေမှာလည်း စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်ရှိနိုင်တယ်လို့ ဆိုပါတယ်။
အလားတူပဲ ပြီးခဲ့တဲ့ ရက်ပိုင်းထဲက စိုးရိမ်ရေမှတ်အထက်ကိုရောက်နေတဲ့ စစ်တောင်းမြစ်ဟာလည်း တောင်ငူမြို့နဲ့ မဒေါက်မြို့တွေမှာ စိုးရိမ်ရေအမှတ်အထက်မှာ ဆက်ရှိနေဆဲဖြစ်တယ်လို့ သတိပေးထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်မှာ နိုင်ငံတစ်ဝန်း မိုးအဆက်မပြတ်ရွာကာ မြစ်၊ ချောင်းတွေနဲ့ ဆည်တွေ၊ ရေကာတာတွေကနေ ရေကြီးရေလျှံခဲ့ပြီး တစ်နိုင်ငံလုံး ရေကြီးရေလျှံမှုကို ကြုံတွေ့ခဲ့ပါတယ်။
စစ်တောင်းမြစ်ရေမြင့်တက်ခဲ့လို့ ပဲခူးတိုင်းထဲက တောင်ငူ၊ အုတ်တွင်း၊ ရေတာရှည်နဲ့ ထန်းတပင်မြို့နယ်တွေက ဒေသခံတွေကို ရေဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရကာ လူဦးရေရှစ်သောင်းကျော်ထိ ရေဘေးသင့်ခဲ့တယ်လို ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတွေက ပြောပါတယ်။
ဒီနေ့မှာတော့ တောင်ငူမြိုပေါ်မှာ ရေအနည်းငယ်ပြန်ကျသွားပြီဆိုပေမယ့် စစ်တောင်းမြစ်ကမ်းဘေးက ရွာတွေ၊ အနိမ့်ပိုင်းရပ်ကွက်တွေနဲ့ လူနေအိမ်တွေမှာ ရေတွေရှိနေသေးတယ်လို ဒေသခံတွေဆီက သိရပါတယ်။
အခုလ ၁၀ ရက်ကစပြီး အဆက်မပြတ်ရွာသွန်းခဲ့တဲ့ မိုးကြောင့် ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ခဲ့ကာ တစ်နိုင်ငံလုံးမှာ လူဦးရေသုံးသိန်းကျော်ကို အရေးပေါ် ပြောင်းရွှေ့ခဲ့ရပြီး လူ ၃၀၀ ကျော် သေဆုံးခဲ့တယ်လို စစ်ကောင်စီက အခုလ ၁၉ ရက်က ထုတ်ပြန်ထားပါတယ်။
ပုံစာ – မိုးဇလက ထုတ်ပြန်ထားတဲ့ မြစ်ရေ စိုးရိမ်ရေမှတ်ရောက်ရှိမှု အခြေအနေ
ဓာတ်ပုံ – မိုးဇလ
🌐 Telegram
https://t.me/MawkunMM
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews


