ဆီဆိုင်မြို့ကနေ PNLA တပ်တွေပြန်လည်ဆုတ်ခွာ၊ စစ်ကောင်စီပြန်ဝင်ရောက်ထိန်းချုပ်

ဆီဆိုင်မြို့ကနေ PNLA တပ်တွေပြန်လည်ဆုတ်ခွာ၊ စစ်ကောင်စီပြန်ဝင်ရောက်ထိန်းချုပ်

ရန်ကုန် – ၂၀၂၄ ဇန်နဝါရီ ၃၀ (မော်ကွန်း)

ဆီဆိုင်မြို့က PNLA သိမ်းထားတဲ့ စစ်ကောင်စီတပ်ရင်း ခမရ ၄၂၃၊ နဲ့ ၄၂၄ တပ်ရင်းနှစ်ခုကနေ PNLA တပ်တွေ ဒီနေ့မနက်ပိုင်းမှာ ပြန်လည်ဆုတ်ခွာသွားပြီး စစ်ကောင်စီတပ်က ဆီဆိုင်မြို့ကို ပြန်လည်ထိန်းချုပ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

PNLA တပ်ဖွဲ့ဟာ ယခုလ ၂၄ ရက်က ဆီဆိုင်မြို့က မြို့မရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးတွေအပါအဝင် ခြေမြန်တပ်ရင်း ခမရ ၄၂၃ နဲ့ ၄၂၄ ကိုသိမ်းပိုက်ခဲ့ပြီး ဆီဆိုင်မြို့ကိုထိန်းချုပ်ခဲ့ပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာပြီး ဆီဆိုင်မြို့တွင်းမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ဒေသခံတွေလည်း မြို့လုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။

ဒီနေ့မနက်ပိုင်းမှာတော့ ခမရ ၄၂၃ နဲ့ ၄၂၄ တပ်ရင်းတွေမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်အထိုင်ချထားတယ်လို့ ဆီဆိုင်မြို့ ဒေသခံတစ်ဦးက မော်ကွန်းကို ပြောပါတယ်။

“ဒီမနက်မှာတော့ ၄၂၃ အဝင်နားမှာတော့ PNLO ဂိတ်အရင်ကရှိတာ အခုတပ်ပြန်ထိုင်ထားတယ်။ ၄၂၄ အရှေ့မှာလည်း တပ်ကပြန်ထိုင်တာတွေ့လိုက်တယ်” လို့ အဲ့ဒီ ဒေသခံက ပြောပါတယ်။

ဒါ့အပြင် ဆီဆိုင်မြို့တွင်းမှာ နေရာယူထားတဲ့ PNLA တပ်တွေလည်း ဒီနေ့မနက်ပိုင်းမှာ ပြန်လည် ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။

PNLA နဲ့ KNDF ပူးပေါင်းတိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်နေတဲ့ ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်တွေ ပြန်လည်ထိန်းချုပ်ထားပြီး ကျေးရွာတွေကို ဆက်လက်နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီ သတင်းပြန်ကြားရေးကလည်း ဒီနေ့မနက်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်တွေက ပြန်လည်ဝင်ရောက်လာပြီဖြစ်ပေမယ့် ဆီဆိုင်မြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတာကြောင့် စစ်ဘေးရှောင်တွေ နေရပ်ပြန်မလာနိုင်သေးဘူးလို့ စစ်ရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။

“ပြန်လို့မရသေးဘူး။ အထဲမှာ ပိတ်မိနေတဲ့ သူတွေတောင် ခေါ်လို့ မရသေးဘူး။ တိုက်ပွဲကလည်း နေ့တိုင်းရှိတယ်။ ဒီနေ့လယ်ကတော့ လေယာဉ်နဲ့ လာပစ်သေးတယ်။ ထိပ်တိုက် တိုက်ပွဲတော့ မဖြစ်ပေမယ့် လက်နက်ကြီးပစ်တာ၊ လေကြောင်းကပစ်တာတွေတော့ နေ့တိုင်းရှိနေတာ” လို့ သူက ပြောပါတယ်။

ဆီဆိုင်မြို့ ဒေသခံတွေအနေနဲ့ မလိုလားအပ်တဲ့ ထိခိုက်မှုတွေ မဖြစ်အောင် ဆီဆိုင်မြို့အတွင်း ဝင်ရောက်ခြင်း၊ နေအိမ်ကို ပြန်ကြည့်တာတွေ၊ ပစ္စည်းတွေ ပြန်လည်သယ်ယူတာတွေ မပြုလုပ်ဘဲ လုံခြုံဘေးကင်းတဲ့ နေရာတွေမှာ နေထိုင်ဖို့ PNLA သတင်းနဲ့ ပြန်ကြားရေးဌာနက မနေ့က ထုတ်ပြန်ထားပါတယ်။

ယခုလ ၂၀ ရက်က ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာအနီးမှာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့ဟာ လက်နက်တွေ တင်ဆောင်လာတဲ့ PNLA တပ်ဖွဲ့ဝင်တွေရဲ့ ကားကို တားဆီးရာက တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်စစ်ရေးတင်းမာမှု စတင်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာ PNLA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေဟာ ဆီဆိုင်မြို့ကို ဝင်ရောက်လာပြီး စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်လာတာပါ။

ယခုလ ၂၆ ရက်ကတော့ PNLA ပူးပေါင်းတပ်တွေဟာ ဆီဆိုင်မြို့က စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၄၂၄ ကို သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

PNLA တပ်တွေ အခုလို ဆီဆိုင်မြို့ကနေ ဘာကြောင့် ပြန်လည်ဆုတ်ခွာသွားတယ်ဆိုတာကိုတော့ PNLA ဘက်က လက်ရှိအချိန်ထိ မထုတ်ပြန်ထားသေးပါဘူး။

ပုံစာ – ပြီးခဲ့တဲ့ ရက်ပိုင်းက ဆီဆိုင်မြို့ကို ထိန်းချုပ်ခဲ့တဲ့ PNLA တပ်ဖွဲ့ဝင်များ
ဓာတ်ပုံ – PNLA သတင်းနှင့်ပြန်ကြားရေး

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."