ရန်ကုန် – ၂၀၂၃ ဇူလိုင် ၃ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းက ကျေးရွာရှစ်ရွာကို စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံ ပျူစောထီးအဖွဲ့တွေက မီးရှို့ဖျက်ဆီးတာကြောင့် ဇွန်လတစ်လအတွင်း လူနေအိမ် ၆၁ လုံးအပါအဝင် စစ်ရှောင်တဲတွေနဲ့ စပါးတိုက်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်)က မနေ့က သတင်းထုတ်ပြန်ပါတယ်။
မီးရှို့ခံရတဲ့ရွာတွေဟာ ဘိုတဲကုန်း၊ ပေကုန်း၊ ကတ္တာ၊ ရှမ်းကုန်း၊ ညောင်ကန်သာ၊ ပင့်သာ၊ တနယ်ကြီးကွင်း၊ ဝါးပိုးလျှို စတဲ့ရွာတွေဖြစ်ပြီး ဘိုတဲကုန်းနဲ့ ပေကုန်းရွာက နေအိမ် ၂၀ ကျော်စီနဲ့ အများဆုံးမီးရှို့ခံရကာ ပေကုန်းရွာတစ်ခုတည်းတင် စပါးတိုက် ၁၅ လုံးအထိ မီးရှို့ဖျက်ဆီးခံရတယ်လို့ ဆိုပါတယ်။
အိမ်ခြေ ခြောက်ရာကျော်ရှိတဲ့ ပင့်သာရွာဟာ ဇွန် ၂၇ ရက်က ငါးကြိမ်မြောက် မီးရှို့ဖျက်ဆီးခံရတာကြောင့် မီးလောင်ပျက်စီးတဲ့ နေအိမ်ပေါင်း နှစ်ရာနီးပါးရှိလာပြီဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့တွေဟာ ကန့်ဘလူမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ရုံမကဘဲ ဇွန် ၁၀ ရက်က ပိတောက်ပင်ရွာသား ဦးသိန်းဝင်းဆိုသူကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူခရိုင် တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ ရွာစဉ်လှည့် မီးရှို့မှုတွေကြောင့် အခုနှစ် မေလကလည်း တစ်လအတွင်း ကန့်ဘလူနဲ့ ကျွန်းလှ နှစ်မြို့နယ်မှာ အိမ်ခြေပေါင်း ခြောက်ရာကျော် မီးလောင်ပျက်စီးကာ ဒေသခံသုံးဦးလည်းသေဆုံးခဲ့တယ်လို့ ဇွန် ၁၄ ရက်ကလည်း သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးအားကောင်းတဲ့ ကျေးရွာတွေကို မကြာခဏ မီးရှို့ဖျက်ဆီးနေပြီး မုံရွာမြို့တစ်ဖက်ကမ်း ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးကျေးရွာအုပ်စုက ရွာတွေကိုလည်း ဇွန်လအတွင်း အကြိမ် ၂၀ကျော် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ အချက်အလက်တွေအရ ၂၀၂၁ မေ ၁ ရက်ကနေ ၂၀၂၃ မေ ၃၁ ရက်အထိ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံအဖွဲ့တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နေအိမ်ပေါင်း ခုနစ်သောင်းကျော်ပျက်စီးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ ၅,၃၈၁၆ လုံးအထိ မီးရှို့ဖျက်ဆီးခံထားရတယ်လို့ သိရပါတယ်။
ဓာတ်ပုံ-ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)
#Dailynews

